စစ်ကောင်စီတပ်က သရက်ချောင်းအောက်ပိုင်းကို စစ်ကြောင်းထိုးနေပြီး ကမြိုင်ရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။
ခြေလျင်စစ်ကြောင်းဖြင့် ယနေ့ (အောက်တိုဘာ ၅) မနက်ပိုင်းတွင် ရငဲရွာ၊ ကမြိုင်ရွာနှင့် ဝဲရစ်ရွာများသို့ ဝင်ရောက်လာပြီး လူမရှိသည့်နေအိမ်များကိုလည်း ရိုက်ဖွင့်သွားသည်ဟု ၎င်းတို့ကဆိုသည်။
“အရင်ကလို ပစ်ခတ်ပြီးဝင်လာတာတော့မဟုတ်ဘူး ။ သေနတ်တော့ပစ်ပြီးမလာဘူး“ ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားသူများကို ခေါ်ဆောင်ကာ အထိုင်ချတပ်စွဲထားသည့် ရငဲရွာ မြွေတောင်သို့ ပြန်ထွက်သွားပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
စစ်ကြောင်းထွက်ခွာသွားပြီးနောက် လက်နက်ကြီးပစ်ခတ်သံ တစ်ချက်ကြားရပြီး နောက်ဆက်တွဲ အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။
စက်တင်ဘာလ ၂၉ ရက်ကလည်း သရက်ချောင်းမြို့နယ် ၊ ကနက်သီရီရွာကို အင်အား ၄၀ ကျော်ရှိ စစ်ကောင်စီတပ်က ကား၃ စီးဖြင့်ရောက်လာပြီး ၅ ရက်အကြာတပ်စွဲကာ နေအိမ်များကို ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
“ ပစ္စည်းတွေယူသွားတာတော့သိတယ် ။ ရွာထဲက ပြန်ဝင်မရဲသေးတော့ ဘာတွေပါသွားမှန်း မသိသေးဘူး “ ဟု တိမ်းရှောင်နေသည့် ကနက်သီရီရွာသားတစ်ဦးပြောသည်။
အဆိုပါ စစ်ကြောင်းမှ စစ်ကောင်စီတပ်သားများက နယ်မြေရှင်းလင်းရေး လာလုပ်ခြင်းဖြစ်ပြီး ရွာသားများကို ထွက်မပြေးကြရန်ပြောဆိုကြောင်း ဒေသခံတို့ကပြန်ပြောပြသည်။
ပြီးခဲ့သည့်ဇွန်လက ရငဲရွာ၊ ကမြိုင်ရွာ ၊ ဝဲရစ်ရွာ နှင့် ကနက်သီရီရွာများကို စစ်ကောင်စီက ကုန်းကြောင်း၊ရေကြောင်း တစ်ပြိုင်တည်း စစ်ကြောင်းထိုးမှုကြောင့် ဒေသခံအများစုက နေရပ်စွန့်ခွာသွားသဖြင့် ရွာအတွင်း လူအနည်းငယ်သာ ရှိတော့သည်။