ဆယ်စုနှစ် ၂ခုကျော် တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည့် သီတင်းကျွတ်မီးအိမ်တွန်းလှည်းများ ပြန်လည် ခေတ်စားလာသည်။
ပြီးခဲ့သည့်နှစ် သီတင်းကျွတ်ကာလတွင် ထားဝယ်၌ ပြန်လည်ပြုလုပ်ရောင်းချကြရာမှ သီတင်းကျွတ်မီးအိမ် တွန်းလှည်းများကို ကလေးများ ပြန်လည်ကစားခွင့်ရလာခဲ့သည်။ မီးအိမ်တွန်းလှည်း ထားဝယ်မြို့က မိသားစုနှစ်ခု ပြုလုပ်ရောင်းချနေပြီး တွန်းလှည်းတစ်ခု ကျပ် သုံးထောင်ဝန်းကျင်ဖြင့် ပေးဝယ်ကြရသည်။
ဝါးခြမ်း၊ ဆီစိမ်စက္ကူ၊ ကော်စသည့်ပစ္စည်းများဖြင့်ပြုလုပ်ပြီး လိပ်ပြာပုံ၊ ယုန်ပုံ၊ ဆင်ပုံ အစရှိသည့် တိရစ္ဆာန်ပုံ အမျိုးမျိုးထုတ်လုပ်ရောင်းချနေကြကာ ယုန်ပုံမီးအိမ်လှည်းကို လူကြိုက်များကြောင်း မီးအိမ်လှည်း ပြုလုပ်ရောင်းချသူတို့က ဆိုသည်။
ပြီးခဲ့သည့်နှစ်က ရောင်းအားကောင်းခဲ့ပြီး ယခုနှစ်တွင်မူ စီးပွားရေးကျပ်တည်းမှုများကြောင့် ဝယ်ယူသူ နည်းပါး နေသည်ဟု ၎င်းတို့က ပြောသည်။ အခြားတစ်ဖက်တွင်လည်း အလှဖန်တီးရှင်အချို့ကလည်း Pre-Wedding အတွက် သီတင်းကျွတ်အလှမီးအိမ်များလည်း အော်ဒါမှာယူမှုရှိနေသည်ဟု ဆိုသည်။
သီတင်းကျွတ် အထိန်းအမှတ်တစ်ခုဖြစ်သည့် ထားဝယ်က လက်လုပ်မီးအိမ်တွန်းလှည်း လုပ်ငန်းမှ ပုံရိပ်အချို့ကို Dawei Watch ပရိတ်သတ်များအတွက် ဖော်ပြလိုက်ပါသည်။











