BREAKING
September 16, 2024

အပိတ်ခံလိုက်ရသည့် ထိုင်းတောင်ပိုင်းက မြန်မာရွှေ့ပြောင်းကျောင်း ဆက်ဖွင့်ခွင့်ရနိုင်မလား

September 5, 2024

ဦးထူးချစ် (အမှုဆောင်ဒါရိုက်တာ၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED))နှင့် တွေ့ဆုံခြင်း

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့၊ ဘန်ကူးရပ်ကွက်ရှိ မြန်မာကျောင်းသား တစ်ထောင်ကျော်ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းကို ပိတ်သိမ်းရန် စူရတ်ခရိုင်တာဝန်ရှိသူများက စက်တင်ဘာလ ၄ ရက်နေ့တွင် ညွှန်ကြားလိုက်သည်။

ယင်း မြန်မာစာသင်ကျောင်းပြန်ဖွင့်ခွင့်ရနိုင်မည့်အခြေအနေ၊ ရွှေ့ပြောင်းမြန်မာကလေးများ၏ ပညာသင်ယူခွင့် အစရှိသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်ရှိ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်အား ဆက်သွယ်မေးမြန်းထားသည်။

DW ။ မြန်မာရွှေ့ပြောင်းကလေး တစ်ထောင်ကျော် ပညာသင်နေတဲ့ စူရတ်ဌာနီက မေတ္တာရိပ် မြန်မာစာသင်ကျောင်း ကို ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများအက်ဥပဒေအရ လုပ်ကိုင်ခွင့်မရှိဘဲ လုပ်နေတယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက မနေ့က ပိတ်ခိုင်းလိုက်တယ်ပေါ့နော်။ ဆိုတော့ အခုလို ပိတ်ခိုင်းလိုက်တဲ့အတွက် ကလေးတွေ ပညာတစ်ပိုင်းတစ်စ ဖြစ်ကြတယ်ပေါ့လေ။ ဒီတော့ကလေးတွေ ဘယ်လိုမျိုး ပညာရေးရှေ့ဆက်လို့ရမလဲ။

ဖြေ ။ အကောင်းဆုံးကတော့ လက်ရှိထိုင်းကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ မြန်မာကျောင်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။ ကလေးတွေအနေနဲ့ ထိုင်းစကားအဆင်သင့် ဖြစ်ရင်တော့ ထိုင်းကျောင်းတွေကို ပို့ ပြီး ကလေးတွေဆက်ပြီး ပညာသင်နိုင်အောင်ဆောင်ရွက်သင့်ပါတယ်။

DW ။ ဒီကျောင်း ပြန်ဖွင့်နိုင်ဖို့ဆို ဘာတွေလုပ်ရမလဲ။ ပြန်ဖွင့်ခွင့်ရနိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ထိုင်းအစိုးရ ပညာရေးဌာနကထုတ်ပြန်ထားသလို ကိုယ်ပိုင်ကျောင်းဖွင့်မယ်ဆိုလည်း ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းနဲ့ အညီဆောင်ရွက်မှ ရမှာပါ။ ဒါမှမဟုတ်၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ မှတ်ပုံတင်ပြီးလည်း ပြန်ဖွင့်လို့ ရနိုင်ပါတယ်။ အဲဒါကတော့ တရားဝင်တစ်ခုခု မှတ်ပုံတင်ပြီး ဆောင်ရွက်မှ ပြန်ဖွင့်လို့ ရနိုင်ပါတယ်။

DW ။ ဖွင့်ထားတာ ၂ နှစ်ကျော် ရှိနေပြီ။ ကျောင်သားထောင်ချီရှိတဲ့ ကျောင်းကို ထိုင်းအာဏာပိုင်တွေက အခုမှပိတ်ခိုင်းတာက ဘာကြောင့်လို့ ယူဆပါသလဲ။

ဖြေ ။ ဖြစ်နိုင်ခြေတွေက အများကြီးဖြစ်နိုင်ပါတယ်။ အဓိကတော့ ဒေသခံထိုင်းလူမျိုးတွေနဲ့ အဆင်မပြေနိုင်တာ ဖြစ်နိုင်သလို၊ ပိုပြီးအရေးကြီးတာက အဲဒီကျောင်းအနေနဲ့ ထိုင်းအစိုးရအာဏာပိုင်တွေနဲ့ စနစ်ကျတဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေရှိရဲ့လား။ ကျောင်းသားဦးရေ (တစ်) ထောင်ကျော်ရှိတဲ့ ကျောင်းကို ကိုယ်ပိုင်ကျောင်းအနေနဲ့ တိတိကျကျမှတ်ပုံတင်ထားတာရှိရဲ့လား။ ပရဟိတ ကျောင်းအနေနဲ့ မဟုတ်ဘဲ ကိုယ်ပိုင်ကျောင်းအနေနဲ့ ဖွင့်နေတာလား။ ငွေစာရင်းအစီရင်ခံစာတွေ ထိုင်းအစိုးရကိုပုံမှန်ပေးနေလား။ ကျောင်းသားဦးရေနဲ့ ညီမျှတဲ့ ထိုင်းဆရာ ဆရာမတွေ ဘယ်နှစ်ယောက်ရှိပါသလဲ။ မြန်မာဆရာ ဆရာမတွေ ကို ဘယ်လို ဗီဇာမျိူး ဘယ်လို လက်မှတ်မျိုးတွေနဲ့ ခန့်ထားပါသလဲ။ ဖြစ်နိုင်ခြေတွေကတော့ အများကြီးရှိပါတယ်။

DW ။ အခုလိုမျိုး ကျောင်သားထောင်ချီရှိတဲ့ ကျောင်းကို ထိုင်းအာဏာပိုင်တွေက ပိတ်ခိုင်းလိုက်တဲ့အတွက် ဘယ်လိုမျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်လဲ။

ဖြေ ။ ပထမဦးဆုံးအနေနဲ့တော့ အဲဒီကျောင်းမှာ တက်နေတဲ့ ကလေးတွေ ပညာရေးနှောင့်နှေးမှုတွေ ကြုံရပါတယ်။ တခြားဒေသတွေမှာ ဖွင့်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားကျောင်းတွေလည်း အနည်းနဲ့ အများဆိုသလို အပိတ်ခံရနိုင်ပါတယ်။ အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ ထိုင်းအစိုးအနေနဲ့ ရွှေ့ပြောင်းကျောင်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်ခိုင်းမလဲဆိုတဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။

DW ။ တခြားဖြည့်စွက်ပြောချင်တာရှိလား။

ဖြေ ။ ဒီထောင်နဲ့ချီရှိတဲ့ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ကျောင်း အခုလို ပိတ်ခံရတာတော့ စိတ်မကောင်းပါဘူး။ ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်သမားကလေးတွေ ကျောင်းဖွင့်မယ်ဆိုရင်တော့ အတတ်နိုင်ဆုံး ထိုင်းအစိုးရ သက်မှတ်ထားတဲ့ ဥပဒေ စည်းမျဥ်းစည်းကမ်းကို လိုက်နာဖို့လိုပါမယ်။ ပိုပြီးအရေးကြီးတာက ဒေသခံ ထိုင်းလူမျိုးတွေရဲ့ ကူညီရိုင်းပင်းမှုရအောင် ဆောင်ရွက်ဖို့လိုပါလိမ့်မယ်။ ဒီထက်ပိုပြီးအရေးကြီးတာက အစိုးရတွေအနေနဲ့ ရွှေ့ပြောင်းပညာရေးနဲ့ ပတ်သက်ပြီး တိကျရှင်းလင်းတဲ့ မူဝါဒတွေသတ်မှတ်ပြဋ္ဌာန်းဖို့ လိုပါမယ်။အစိုးရတွေအနေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်နိုင်ဘူးဆိုရင် သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းပညာရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ ထိုင်းအစိုးရနဲ့ စနစ်တကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သင့်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။