BREAKING
September 16, 2024

အပိတ်ခံလိုက်ရသည့် မေတ္တာရိပ်မြန်မာစာသင်ကျောင်း၏ ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံခြင်း

September 5, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့က ကျောင်းသားတစ်ထောင်ကျော်ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းကို စူရတ်ခရိုင်တာဝန်ရှိသူများက စက်တင်ဘာလ ၄ ရက်နေ့က ပိတ်သိမ်းခိုင်းလိုက်သည်။

အဆိုပါကျောင်းမှာ ထိုင်းပညာရေးဝန်ကြီးဌာန၏ ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများအက်ဥပဒေအရ တည်ထောင် လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ဆောင်နေသည့်အတွက် ပိတ်လိုက်ခြင်းဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

အဆိုပါကျောင်းတွင် ထားဝယ်ဒေသခံကလေးအများစုအပါအဝင် မြန်မာနိုင်ငံသားရွှေ့ပြောင်းကလေး ၁၂၀၀ ဝန်းကျင် က မူကြိုမှ အထက်တန်းအဆင့်အထိ ပညာသင်ယူနေခြင်းဖြစ်သည်။

ယင်း မြန်မာစာသင်ကျောင်းပြန်ဖွင့်ခွင့်ရနိုင်မည့်အခြေအနေ၊ ရွှေ့ပြောင်းမြန်မာကလေးများ၏ ပညာသင်ယူခွင့် အစရှိသည့် အကြောင်းအရာများနှင့်ပတ်သက်၍ မေတ္တာရိပ်မြန်မာစာသင်ကျောင်း၏ ကျောင်းအုပ်ကြီး ဦးဇော်ခိုင်မျိုးအား ဆက်သွယ်မေးမြန်းထားသည်။

DW ။ အခုလိုမျိုး ထိုင်းအာဏာပိုင်တွေဘက်က ပိတ်ခိုင်းလိုက်တာဆိုတော့ ကျောင်းဆက်ဖွင့်ခွင့်ရဖို့အတွက် ဘယ်လိုဆက်လုပ်ဖို့ စီမံထားလဲခင်ဗျား။

ဖြေ ။ ကျောင်းဆက်ဖွင့်ဖို့အတွက် သူဌေးက ဘန်ကောက်အထိတက်ပြီးတော့ တာဝန်ရှိသူတွေနဲ့သွားဆွေးနွေးပြီး အားချင်းပြန်ဖွင့်လို့ရအောင် လိုက်လုပ်မယ်ပေါ့နော်။ လက်ရှိလည်းပဲ ဌာနပိုင်းဆိုင်ရာတွေကို မေးမြန်းပြီးတော့လိုက်လုပ်နေတယ်ပေါ့။ (ထိုင်း)လွှတ်တော်အထိ လိုက်လုပ်နေတယ်ခင်ဗျား။

DW ။ ဆိုရင် အခုလုပ်နေတဲ့အနေအထားအရဆိုရင် ကျောင်းဆက်ဖွင့်ခွင့်ရလာနိုင်လား။ ဘယ်လို အခြေအနေရှိလဲ ခင်ဗျား။

ဖြေ ။ကျွန်တော်ထင်တာကတော့ ရနောင်းက ကျောင်းလိုဖြစ်သွားလိမ့်မယ်ထင်တယ်ခင်ဗျား။ အချိန်တစ်ခုတော့ စောင့်ရမယ်။ ရတော့ရသွားလိမ့်မယ်ခင်ဗျား။

DW ။ အခုလိုမျိုး ကျောင်သားထောင်ချီရှိတဲ့ ကျောင်းကို ထိုင်းအာဏာပိုင်တွေက ပိတ်ခိုင်းလိုက်တဲ့အတွက် တစ်ကယ်လို့ ပြန်ဖွင့်ခွင့်မရဘူးဆိုရင် ကလေးတွေအတွက် ဘယ်လိုမျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်လဲ။

ဖြေ ။ ကလေးတွေအတွက် အကျိုးသက်ရောက်မှုကတော့ အခုတောင် တော်တော်လေးခက်ခဲလိမ့်မယ်။ ထိုင်းကျောင်းကိုလည်း အခုချိန်မှာသွားလို့မရဘူး။ပြီးရင် အကြီးပိုင်း(အသက်)တွေလည်းရှိနေတယ်။ ပြီးရင် ကျောင်းသားအားလုံးကို လက်ခံဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ အိမ်မှာနေမယ်ဆိုရင်လည်း မိဘတွေက အလုပ်လုပ်စားလို့ မရတော့ဘူး ကလေးတွေနဲ့ အနီးကပ်နေရတော့မယ်။နည်းနည်း နားလည်တဲ့ကလေးတွေကိုတော့ အိမ်မှာထားခဲ့လို့ရမယ်။ အသက်ငယ်ပိုင်းတွေဆိုရင် ထားခဲ့လို့မရတော့ဘူး။ သူတို့မှာ အခက်တွေ့မယ် အလုပ်ကိုလည်း ခေါ်သွားလို့မရဘူး။ကလေးတွေရဲ့ ပညာသင်ယူခွင့် အခွင့်အရေးတွေလည်း ဆုံးရှုံးသွားမယ်။ တော်တော်လေးနစ်နာ မှာပေါ့ခင်ဗျား။

DW ။ ဒီလိုလုပ်တဲ့အပေါ်မှာရော ထိုင်းအာဏာပိုင်တွေကို ဘာပြောချင်လဲ။ ဘာတွေ တောင်းဆိုချင်လဲခင်ဗျား။

ဖြေ ။ ကျွန်တော်တို့ကျောင်းလောက်ပဲ မဟုတ်ဘူးပေါ့နော်။ ကျန်တဲ့ကျောင်းတွေပါအားလုံးကိုပေါ့နော်။ ကလေးတွေအခုလို မြန်မာနိုင်ငံ အခက်အခဲဖြစ်နေတဲ့အချိန်၊ ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေကလည်း အခက်အခဲအများကြီးနဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့ကလည်း ကလေးတွေကို ပညာသင်ပေးရင်းနဲ့ ထိန်းပေးထားတဲ့သဘောနဲ့ တစ်ကယ်လည်းထိရောက်တဲ့ပညာသင်မှုတွေနဲ့ လုပ်ပေးနေတဲ့အတွက် ကျန်တဲ့ကျောင်းတွေလည်း မပိတ်ရဘဲနဲ့ ကျွန်တော်တို့ကျောင်းလည်း အမြန်ဆုံးဖွင့်ရဖို့အတွက် ဌာနပိုင်းဆိုင်ရာတွေက ကူညီပေးစေချင်တယ်ပေါ့။

DW ။ ထိုင်းအာဏာပိုင်တွေရဲ့စာအရဆိုရင် လုပ်ကိုင်ခွင့်မရှိဘူးလို့ ဆိုထားတာပေါ့နော်။ ဆရာကြီးတို့ကျောင်း ဖွင့်ထားတာ ဘယ်လိုမျိုးခွင့်ပြုချက်နဲ့ ဖွင့်ထားလဲလို့ ပြောလို့ရမလဲခင်ဗျား။

ဖြေ ။ ကျွန်တော်တို့ကျောင်းကို (ထိုင်းအာဏာပိုင်များ) တစ်ခါဝင်လာတယ်။ ၆ လပိုင်း ၁၂ ရက်နေ့မှာဝင်လာတယ်။ ပညာရေးဌာနကအဖွဲ့စုံတွေပဲ ။ဝင်ပြီးတော့ စစ်ဆေးတယ်။ ပြီးတော့စာရွက်စာတမ်းတွေလုပ်ပါ အချိန် ၃ လပေးမယ်လို့ ပြောတယ် ကျွန်တော်တို့ကို။၃ လအတွင်းပြီးအောင်လုပ်လို့ ပြောပြီးမှ ကျွန်တော်တို့က သွားအစစ်ဆေးခံတယ်။ ပညာရေးရုံးမှာ စစ်ဆေးခံပြီးပြီ။ စာရွက်စာတမ်းတွေကို ၃ လအတွင်းရောက်အောင်ပို့ပါလို့ ပညာရေးမှူးတွေ ပြောလိုက်တဲ့စကားပေါ့နော်။

အဲဒီနောက်မှာ ၁ လကျော်ကျော် ၂ လအတောအတွင်းထဲမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေအားလုံးပြီးလို့ သွားတင်တဲ့အချိန်မှာ လက်မခံဘူး။ လက်မခံဘဲနဲ့ စူရတ်ခရိုင်ပညာရေးဌာနက ချက်ချက်ကြီးကို ဝင်ချလာတာ။

DW ။ အခြားဖြည့်စွက်ပြောချင်တာရှိလား။

ဖြေ ။ ကျွန်တော်တို့မှာက (မြန်မာ) နိုင်ငံတော်သီချင်းဆိုတဲ့ကိစ္စတစ်ခုရှိတယ်။အဲဒီဟာလည်း ပါတယ်။ နိုင်ငံတော်သီချင်းဆိုတာလည်း ပါတယ်။ကျောင်းသားတွေ ပညာသင်ခွင့်အမြန်ဆုံးရအောင်တော့ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြစေချင်တယ်။ ထိုင်းမှာလည်း တော်တော်လေး သတင်းပျံ့နှံ့နေပြီ။ မြန်မာပြည်မှာလည်း ပျံ့နှံ့နေပြီ။ ကျောင်းသား တစ်ထောင်ကျော် ပညာမသင်ရဘူးဆိုရင် အခွင့်အရေးကလည်းတော်တော်လေး ဆုံးရှုံးနေပြီပေါ့နော်။သူတို့ (ကျောင်းသား)မှာ လူ့အခွင့်အရေးဆုံးရှုံးနေတာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။