BREAKING
September 16, 2024

ထိုင်းတောင်ပိုင်းက မေတ္တာရိပ်မြန်မာစာသင်ကျောင်းကိုချက်ချင်းပိတ်ရန် ထိုင်းအစိုးရညွှန်ကြား

September 5, 2024

ကျောင်းသားတစ်ထောင်ကျော်ရှိ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့၊ ဘန်ကူးရပ်ကွက်ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းကို ချက်ချင်းပိတ်ရမည်ဟု ထိုင်းအစိုးရတာဝန်ရှိသူများက စက်တင်ဘာလ ၄ ရက်နေ့တွင် ညွှန်ကြားလိုက်သည်။

အဆိုပါကျောင်းမှာ ထိုင်းပညာရေးဝန်ကြီးဌာန၏ ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများ အက်ဥပဒေအရ တည်ထောင် လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ဆောင်နေသည့်အတွက် လုပ်ငန်းအားလုံးရပ်ဆိုင်းထားရန်နှင့် ဥပဒေအရ အရေးယူဆောင်ရွက်နေကြောင်းပါသည့် ဗီနိုင်းပြားကို ထိုင်းဘာသာဖြင့်ရေးသားပြီး ကျောင်းရှေ့တွင် အာဏာပိုင်များက လာကပ်ထားခြင်းဖြစ်သည်။

အဆိုပါကျောင်းတွင် ထားဝယ်ဒေသခံကလေးအများစုအပါအဝင် မြန်မာနိုင်ငံသားရွှေ့ပြောင်းကလေး ၁၂၀၀ ဝန်းကျင် က မူကြိုမှ အထက်တန်းအဆင့်အထိ ပညာသင်ယူနေခြင်းဖြစ်သည်။

လက်ရှိတွင် ကျောင်းပြန်ဖွင့်ခွင့်ရရေးအတွက် ဘန်ကောက်မြို့ရှိ ထိုင်းအာဏာပိုင်များနှင့် ဆွေးနွေးရန်ပြင်ဆင်နေပြီး အမြန်ဆုံးပြန်ဖွင့်ခွင့်ရမည်ဟု မျှော်လင့်ထားကြောင်း မေတ္တာရိပ်မြန်မာစာသင်ကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးဇော်ခိုင်မျိုးက ဆိုသည်။

“လက်ရှိလည်းပဲ ဌာနပိုင်းဆိုင်ရာတွေကို မေးမြန်းပြီးတော့ လိုက်လုပ်နေတယ်ပေါ့။ (ထိုင်း)လွှတ်တော်အထိ လိုက်လုပ်နေတယ်ခင်ဗျား”ဟု ဦးဇော်ခိုင်မျိုးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လကလည်း စူရတ်ခရိုင်ပညာရေးဌာနတာဝန်ရှိသူများက လာရောက်စစ်ဆေးချိန် လိုအပ်သည့် စာရွက်စာတမ်းများကို အချိန် ၃ လအတွင်းပြုစုပြီး လာရောက်တင်ပြရန် ပြောဆိုခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ ကျောင်းအတွက် လိုအပ်သည့်စာရွက်စာတမ်းများကို အချိန် ၂ လခန့်အတွင်းပြုစုပြီး ခရိုင်ပညာရေးဌာနကို သွားရောက်တင်ပြချိန်တွင် လက်မခံဘဲ ငြင်းပယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုနောက် ကျောင်းပိုင်ရှင်ထိုင်းသူဌေးက ဘန်ကောက်မြို့ရှိ ထိုင်းအာဏာပိုင်များထံ သွားရောက်ဆွေးနွေးတင်ပြရန် ပြင်ဆင်နေချိန် ယခုကဲ့သို့ တားဆီးပိတ်ပင်ခံရခြင်းဖြစ်ကြောင်း ဦးဇော်ခိုင်မျိုးက ပြောသည်။

လက်ရှိတွင် ထိုင်းအာဏာပိုင်များက လာရောက်ပိတ်ခိုင်းထားသည့်အတွက် စက်တင်ဘာလ ၅ ရက်နေ့မှစကာ ၇ ရက်ကြာ ကျောင်းပိတ်ထားဟုဆိုသည်။

စူရတ်ဌာနီခရိုင်တွင် မြန်မာရွှေ့ပြောင်းကျောင်း ၁၀ ကျောင်းဝန်းကျင်ရှိပြီး အများစုက လက်ရှိပညာသင်နှစ်မှစကာ ထိုင်းကျောင်းနှင့် တွဲဖက်သင်ကြားနေကြသည်။

ကျောင်းသားထောင်ချီ တက်ရောက်သင်ယူနေသည့် ကျောင်းအပိတ်ခံရသည့်အတွက် ကလေးများ၏ ပညာရေး နှောင့်နှေးသွားသလို ထိုင်းနိုင်ငံအတွင်းရှိ အခြားရွှေ့ပြောင်းမြန်မာကျောင်းများလည်း အပိတ်ခံရနိုင်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဆိုသည်။

“အကောင်းဖက်က ကြည့်မယ်ဆိုရင်တော့ ထိုင်းအစိုးအနေနဲ့ ရွှေ့ပြောင်းကျောင်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်ခိုင်းမလဲဆိုတဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်”ဟု ဦးထူးချစ်က ပြောသည်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာကလေးများအတွက် ကိုယ်ပိုင်ကျောင်းဖွင့်မည်ဆိုပါက ထိုင်းအစိုးရက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင့်သလို အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် မှတ်ပုံတင်ပြီး ပြန်ဖွင့်နိုင်သည့် အနေအထားရှိကြောင်း ဦးထူးချစ်က အကြံပြုသည်။

“အဓိကကတော့ တရားဝင်တစ်ခုခုမှတ်ပုံတင်ပြီး ဆောင်ရွက်မှ ပြန်ဖွင့်လို့ ရနိုင်ပါတယ်”ဟု ဦး၎င်းက ပြောသည်။

ကလေးသူငယ်စောင့်ရှောက်ရေးအသင်း (Unicef Thailand) ကလည်း ထိုင်းနိုင်ငံ၏ ဥပဒေအောက်တွင် ကလေးငယ်တိုင်းသည် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်၊ ပညာသင်ကြားခွင့် စသည့် ကလေးသူငယ်အခွင့်အရေးများ ရရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းကလေးငယ်များကို သက်ဆိုင်ရာနယ်မြေများရှိ ကျောင်းများတွင် ကျောင်းအပ်လက်ခံပေးကြရန် ထိုင်းပညာရေးဝန်ကြီးဌာနက ယခုနှစ်မတ်လက ထုတ်ပြန်ကြေညာ၍ တိုက်တွန်းထားသည်။

ယခင် ၂၀၀၅ ခုနှစ် ဘုရင့်ထုတ်ပြန်ချက်တွင်လည်း နိုင်ငံသားမရွေး လူမျိုးမရွေး ထိုင်းရောက် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရမည်ဟု တရားဝင်ကြေညာထားသည်။

သို့သော် ထိုင်းကျောင်းများတွင် မြန်မာရွှေ့ပြောင်းကလေးများ တက်ရောက်ပညာသင်ယူရာတွင် ဘာသာစကား အခက်အခဲ အပါအဝင် အခြားစိန်ခေါ်မှုများလည်းရှိနေကြောင်း ကျောင်းသားမိဘများက ဖွင့်ဟကြသည်။

ထို့အပြင် ထိုင်းကျောင်းအချို့၏တာဝန်ရှိသူများက နားလည်မှုလွဲမှားကာ ထိုင်းမွေးစာရင်းမရှိပါက ကျောင်းအပ်လက်မခံသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

လက်ရှိတွင် အာဏာပိုင်များက ထိုင်းနိုင်ငံအတွင်းရှိ အခြားခရိုင်များရှိ မြန်မာရွှေ့ပြောင်း စာသင်ကျောင်းများအပေါ် ထူးထူးခြားခြားတင်းကျပ်ခြင်းမရှိသော်လည်း စူရတ်ခရိုင်အတွင်းရှိ ရွှေ့ပြောင်းကျောင်းများကို တင်းတင်းကျပ်ကျပ်ကိုင်တွယ် စစ်ဆေးနေခြင်းဖြစ်သည်။