BREAKING
September 16, 2024

ထားဝယ် ပကာရီရွာတွင် ပစ်ခတ်မှုဖြစ်၊ လက်နက်ကြီးကျည်စထိမှန်ပြီး ဒေသခံလေးဦးဒဏ်ရာရ

September 5, 2024

ထားဝယ်မြို့နယ် အရှေ့တောဒေသ ပကာရီရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ဖုန်းဆိုင်တွင် ကျရောက်ပေါက်ကွဲကာ ဒေသခံလေးဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ပကာရီရွာထိပ်မှနေ၍ စစ်ကောင်စီ တပ်၏ ပကာရီရဲကင်းစခန်းကို လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်သည့် လက်နက်ကြီးကျည် တစ်လုံးမှာ ရွာထဲရှိ ဖုန်းဆိုင်ပေါ်ကို ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ပကာရီရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

လက်နက်ကြီးကျည်စ ထိမှန်သူလေးဦးအနက် အသက် ၂၅နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ၎င်းက ဆိုသည်။

“ဖုန်းဆိုင်ပြိုသွားတယ်။ လက်နက်ကြီးအစ စင်တဲ့ ကောင်လေးကတော့ ဒဏ်ရာပြင်းထန်တယ်။ ဆေးရုံကို ပို့ထားတယ် လို့တော့ သိတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

ယင်းအပြင် အသက် ၆၀ ကျော်၊ အသက် ၄၀ ကျော်အရွယ် အမျိုးသားနှစ်ဦးနှင့် နောက်ထပ် အမျိုးသမီးတစ်ဦးတို့မှာလည်း ဒဏ်ရာအနည်းငယ်ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် လူငယ်မှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး ကျန်သုံးဦးမှာ မစိုးရိမ်ရကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ကော်သူးလေတပ်မတော်-KTLA က ပကာရီရဲကင်းစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ၎င်းက ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ KTLA ဘက်ကို မေးမြန်းရန် Dawei Watch က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။