BREAKING
October 18, 2024

မလေးရှားခိုးဝင်မည့် မြန်မာ ၁၅ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

September 5, 2024

မလေးရှားနိုင်ငံသို့ တရားမဝင် ခိုးဝင်မည့် မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်တွင် ယနေ့ (စက်တင်ဘာ ၅) ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဗန်ကားဖြင့် ဝင်လာကြသော မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသား ကားမောင်းသမားနှင့်အတူ ထိုင်းလဝကအဖွဲ့က ရတ်တဖွမ်ခရိုင်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကလေးငယ်တစ်ဦးအပါအဝင် မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖမ်းခံရခြင်းဖြစ်ပြီး အားလုံးသည် တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းတောင်ပိုင်းလမ်းကြောင်းကို အသုံးပြု၍ မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်နေကြကြောင်း သတင်းရရှိထားသဖြင့် ဂိတ်ချစစ်ဆေးနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများကို စူရတ်ဌာနီခရိုင်မှတစ်ဆင့် စွန်ခရာခရိုင် ဟတ်ယိုင်မြို့သို့ ပို့ဆောင်ပေးရန် တစ်ဦးလျှင် ဘတ် ၈၀၀ ဖြင့် ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ကားသမားကလည်း ဝန်ခံထားသည်။

မြန်မာနိုင်ငံသားများကလည်း ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး မလေးရှားသို့သွားရန် ပွဲစားများကို တစ်ဦးလျှင် ကျပ်သိန်း ၅၀ စီ ပေးချေထားပြီးဖြစ်ကြောင်း ဝန်ခံထားသည်။

ဖမ်းဆီးခံရသူများကို ဥပဒေအရ ဆောင်ရွက်နိုင်ရန် ရတ်တဖွမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး တရားမဝင် ပို့ဆောင်နေသော အဖွဲ့များကို ဆက်လက်စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Bangkok Post, MGR Online