BREAKING
January 13, 2025

လေညာတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုတွင် လက်နက်ကြီးကြောင့် ဆယ်ကျော်သက်တစ်ဦးသေဆုံး

September 5, 2024

ဘုတ်ပြင်းမြို့ နယ် လေညာတံတား စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် လက်နက်ကြီးကျည်စထိမှန်ပြီး လေညာရွာ က ဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၃ ရက် နံနက် ၈နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ရွာရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရာ နာရီဝက်ခန့်ကြာတိုက်ပွဲဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

ယင်းသို့တိုက်ခိုက်ခံရစဉ် KNLA နှင့် PDF ပူးပေါင်းတပ်များကလည်း ချောင်းမွန်နှင့် ခုနစ်မိုင်ခန့်အကွာတွင်ရှိသည့် လေညာ တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် လေညာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၅၆၀၊ ခမရ- ၅၅၉ တပ်ရင်း တို့ကို တန်ပြန်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ချောင်းမွန်ရွာနှင့် လေညာတံတားဂိတ်တို့မှာ ဘုတ်ပြင်း-ကော့သောင်းလမ်းပိုင်းတွင် တည်ရှိသည်။

ယင်းနောက် ချောင်းမွန်ဘက်သို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် အင်အား ၂၀ ကျော်မှာ လေညာတံတား စစ်ဆေးရေးဂိတ်ကို စစ်ကူသွားခဲ့ကြောင်း ချောင်းမွန်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လေညာရွာစစ်ဆေးရေဂိတ် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် လက်နက်ကြီးကျည်တစ်လုံး လေညာရွာ စာသင်ကျောင်း အရှေ့ လမ်းမပေါ်ကို ကျရောက်ပေါက်ကွဲကြောင်း လေညာရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

လက်နက်ကြီးကျည်စထိမှန်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦး နေရာတွင်ပင် သေဆုံးပြီး နောက်ထပ် ဒေသခံလူလေးဦးမှာလည်း ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“အဲဒီကောင်လေးက ကွမ်းသီးအိတ်ထမ်းတဲ့အလုပ်လုပ်နေတာ၊ မိဘကိုလုပ်ကျွေးနေသူပဲ။ အရင်ကလည်း တိုက်ပွဲဖြစ်နေ ကျပဲ။ လက်နက်ကြီးက ရွာထဲကျတာမျိုး မရှိဘူးဆိုတော့ ကွမ်းသီးအိတ်တွေ ပြီးအောင်ထမ်းမယ်ဆိုပြီး အလုပ်ဆက်လုပ် နေတာ။ အဲဒီမှာ စာသင်ကျောင်းရှေ့လမ်းမပေါ်ကို လက်နက်ကြီးလာကျပြီး သူကတော့ပွဲချင်းပြီးသေတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

စစ်ကောင်စီတပ် ရွာထိပ်တွင်ရှိပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြရာမှ တော်လှန်ရေးတပ်ဖွဲ့များဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ရွာထဲ ကျရောက်ပေါက်ကွဲခြင်းဖြစ်နိုင်သည်ဟု ၎င်းက ယူဆသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စက်တင်ဘာ ၃ ရက် နံနက်ပိုင်းကစပြီး စက်တင်ဘာလ ၅ ရက်အထိ ချောင်းမွန်ရွာနှင့် လေညာဘက်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ပူးပေါင်းတပ်ဖွဲ့နှင့် ဒေသခံအချို့က ဆိုသည်။

လေညာတံတားစစ်ဆေးရေးဂိတ်တိုက်ပွဲတွင် ပူးပေါင်းတပ်ဘက်က PDF တစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ပြီး စစ်ကောင်စီတပ် ဘက်က စစ်ဗိုလ်တစ်ဦး ဗိုက်တွင် ဒဏ်ရာရသည်ဟု သိရကြောင်း ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဒုရဲအုပ်လပြည့်က ပြောသည်။

“ပစ်တာကတော့ စစ်ဆေးရေးဂိတ်ကို အဓိကပစ်တာ၊ အဲ့ဒီစစ်ဆေးရေးဂိတ်ကလည်း တပ်ရင်းနှစ်ရင်းလုံးနဲ့ နီးတယ်၊ ကပ်လျက်ပဲ။ ပစ်ခတ်မှုဖြစ်တာကတော့ နှစ်နာရီကျော်လောက်ကြာတယ်။ သူတို့ဘက်က တစ်ဖက်သတ် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာကတော့ ည ၉ နာရီကျော်လောက်ထိပဲ” ဟု ဒုရဲအုပ်လပြည့်က ဆိုသည်။

အထက်ပါထိတွေ့ တိုက်ပွဲတို့တွင် KNLA တပ်ရင်း (၂၀၃) ၏ တပ်ခွဲ (၃)၊ တပ်ခွဲ(၄)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ် (ပကဖ) နှင့် Flying Star Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတို့ထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ဘုတ်ပြင်း-ကော့သောင်းလမ်းပိုင်းကို လေညာတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ပိတ်ထား သဖြင့် ခရီးသွားကားများ စက်တင်ဘာလ ၄ရက် တစ်ရက်လုံးပိတ်မိနေပြီး ယနေ့ နံနက်ပိုင်းတွင် လမ်းပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။