အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရဲ့ သားကောင်တွေ မဖြစ်စေဖို့ ကမ္ဘာတစ်ဝန်း အင်တိုက်အားတိုက် လုပ်ဆောင်နေကြချိန် မြန်မာနိုင်ငံမှာတော့ ပုံစံမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတဲ့ အမျိုးသမီးတွေ ကူရာမဲ့နေပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ် ခံနေကြရတာပါ။
ဒါပေမဲ့ တိုင်ကြားမှုယန္တရား အားမကောင်းတာကြောင့် ဖော်ထုတ်ဖို့ကြိုးစားရင် စော်ကားခံရသူသာ ပိုပြီးဒုက္ခရောက်ကြလို့ ကြိတ်မှိတ်ခံနေကြရသူတွေ ပိုများပါတယ်။
မုဒိမ်းကျင့်ခံခဲ့ရတဲ့အထိ လိင်အမြတ်ထုတ်မှုတွေအတွက် ရဲရဲဝံ့ဝံ့ထုတ်ဖော်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတွေမှာလည်း ဖိနှိပ်မှုမျိုးစုံ၊ ခြိမ်းခြောက်မှုမျိုးစုံ ကြုံကြရပြီး ပိုမိုခက်ခဲဒုက္ခရောက်တာပဲ အဖတ်တင်ရပါတယ်။
ကျူးလွန်သူကတော့ အရေးယူခံရမှုကနေ လွတ်မြောက်နေတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
Dawei Watch အနေနဲ့ ပဋိပက္ခကာလထဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ တနင်္သာရီတိုင်းက အမျိုးသမီးလေးဦးနဲ့ စကားပြောခဲ့ပါတယ်။
အဲဒီအထဲက ကျူးလွန်ခံရတဲ့ ကာယကံရှင်နှစ်ဦးနဲ့ မြေပြင်မှာတွေ့ဆုံအင်တာဗျူးနိုင်ခဲ့ပြီး တစ်ဦးကတော့ ဆွေမျိုးတွေကတစ်ဆင့် မေးမြန်းခဲ့ရပါတယ်။ ကျန်တစ်ဦးကိုတော့ ဖုန်းဆက်သွယ်မေးမြန်းခဲ့ပါတယ်။
သူတို့လေးယောက်နဲ့ စကားပြောကြည့်ရာမှာ တူညီနေတာတစ်ခုက ကျူးလွန်သူတွေဟာ အပြစ်ပေးအရေးယူခံရတာ မရှိဘဲ လွတ်မြောက်နေကြတာကို တွေ့ရပါတယ်။
လက်ရှိမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု အများဆုံး ကျူးလွန်နေသူတွေက လက်နက်ကိုင်ထားသူတွေပါ။
စစ်ကောင်စီတပ်က လိင်အကြမ်းဖက်မှုကို မုဒိမ်းလက်နက်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့ပါတယ်။
အခုအခါမှာတော့ အကာအကွယ်မဲ့နေတဲ့ အမျိုးသမီးတွေကို စစ်ကောင်စီနဲ့ လက်ဝေခံတပ်တွေအပြင် တော်လှန်ရေးတပ်သားတွေ၊ အရပ်သားတွေကလည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ပြုလုပ်လာနေတာပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ် ၁၁၇ ခု ဖြစ်ပွားခဲ့ကြောင်း တိုင်ကြားချက်တွေ လက်ခံရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်ထဲက ၁၀၈ မှုက စစ်ကောင်စီအုပ်စုက ကျူးလွန်တာဖြစ်ပြီး ၉ မှုက အရပ်သားအချင်းချင်း ကျူးလွန်တာပါ။ ဒါ့အပြင် အခြား ၁၃ မှုကတော့ တော်လှန်ရေးအင်အားစုတွေကို တိုင်ကြားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါက အမျိုးသားညီညွတ်ရေးအစိုးရကို တိုင်ကြားတဲ့အဆင့်အထိ ရောက်တဲ့အမှုတွေထဲက ၂၀၂၃ ခုနှစ် ဇွန်လအထိ အခြေအနေပဲ ရှိပါသေးတယ်။
ဖြစ်စဉ် ၁
“အခုချိန်မှာ ကျွန်မအသိချင်ဆုံးအရာက တရားမျှတမှုဆိုတာဘာလဲ”
ဂုတ်အထိဝဲကျနေတဲ့ ဆံပင်တွေကို လက်တစ်ဖက်နဲ့သပ်တင်ပြီး ပြောလိုက်တဲ့ မရိုစီရဲ့အသံက တိုးပေမယ့် ကြည်လင်ပြတ်သားလှပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လက ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုကို အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာနကို သူကိုယ်တိုင် တိုင်ကြားထားပေမယ့် တစ်နှစ်ကျော်အကြာ ဒီနေ့အထိ ဘာထူးခြားမှုမှ မရှိသေးတဲ့အပေါ် မရိုစီက ပြန်ပြောင်းပြောပြနေတာဖြစ်ပါတယ်။
ပတ်ဝန်းကျင်ရဲ့ ဟားတိုက်လှောင်ရယ်သံတွေ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ၊ ဒေါသနဲ့ပြိုဆင်းလာတဲ့ မိသားစုရဲ့ အမုန်းတရားတွေကို နာကျည်းစွာ ဥပက္ခာပြုပြီး ဒီအမှုကို သူတိုင်ကြားခဲ့ရတာပါ။
ဒါပေမဲ့ တစ်နှစ်ဆိုတဲ့အချိန်သာ ကုန်လွန်သွားပြီး အဖြေက ဟုတ်တိပတ်တိ မရှိသေးပါဘူး။
“တစ်ယောက်လာလည်း ဒီအတိုင်း အချက်အလက်မေးပြီး ပျောက်သွားတယ်။ နောက်တစ်ယောက်လာလည်း ဒီပုံစံအတိုင်း၊ နောက်တစ်ယောက်လာလည်း ဒီပုံစံအတိုင်းပဲ။ အမှုက ဘာတိုးတက်မှုမှ မရှိလာဘူး။ ဒုံရင်းက ဒုံရင်းပဲ” လို့ မရီုစီက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက မရိုစီဆီ တစ်ယောက်ပြီးတစ်ယောက် ဆက်သွယ်လာကြပေမယ့် အချက်အလက်တွေတောင်းခံတဲ့အဆင့်ကနေ မတက်နိုင်ကြသေးပါဘူး။
ထားဝယ်ခရိုင်က ပင်လယ်ကမ်းခြေတွေပေါတဲ့ မြို့နယ်လေးမှာနေထိုင်သူ အသက် ၂၃ နှစ်အရွယ် မရိုစီတစ်ယောက် ၂၀၂၃ ခုနှစ် မိုးရာသီအချိန်မှာ အလိုမတူဘဲ မုဒိမ်းကျင့်ခံခဲ့ရတာပါ။
သူ့ဘဝ ကံဆိုးမိုးမှောင်ကျသွားတဲ့နေ့ကို သူမှတ်မိနေပါသေးတယ်။ အဲဒီနေ့က ဝါဆိုလပြည့်နေ့။
အစ်ကိုလိုခင်ရတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ ပင်လယ်ကမ်းခြေတစ်ခုကို အလည်လိုက်သွားခဲ့မိရာက သူ့ဘဝအတွက် အမှောင်မိုက်ဆုံးနေ့ရက်တွေ ဖြစ်စေခဲ့တာပါ။
မရိုစီဖက်ကသာ အစ်ကိုလိုသတ်မှတ်ထားပေမယ့် သူ့ဖက်ကတော့ မရိုစီကို ချစ်ကြိုက်နေခဲ့တာပါ။
ဒါပေမဲ့ သူရဲ့ ကိုယ်ကျင့်တရားကို ယုံကြည်တာရယ်၊ အဖြေမပေးရသေးတဲ့ မိန်းကလေးတစ်ယောက်ကို အလိုမတူဘဲ မုဒိမ်းကျင့်လိမ့်မယ်လို့ မထင်လိုက်တာရယ်က အကြီးအကျယ် မှားယွင်းသွားတယ်ဆိုတာ သူလက်ခံလိုက်ရပါတော့တယ်။
သူ့ကို အဓမ္မပြုကျင့်ခဲ့သူကတော့ ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထဲက တစ်ဖွဲ့မှာပါဝင်တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးလို့ ဆိုပါတယ်။
အဲဒီအဖြစ်အပျက်ဖြစ်ပွားပြီး မရိုစီတစ်ယောက် သုံးလေးရက် အိပ်လို့လည်းမရ၊ အိမ်ထဲက အိမ်ပြင်လည်း မထွက်ဝံ့တော့။ ကိုယ့်ဖက်မှာ မရပ်တည်မှာကို သိနေတဲ့မိသားစုကိုလည်း ဖွင့်မပြောရဲ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ချောင်ပိတ်မိနေခဲ့ပါတယ်။
မုဒိမ်းကျင့်ခံလိုက်ရတဲ့ သူ့အဖြစ်ကို ပြန်ပြန်တွေးပြီး မသတီ၊ ရွံရှာသလိုခံစားနေရတာက အဆိုးဆုံးလို့ ဆိုပါတယ်။
“အဲဒီအချိန်က စိတ်တွေအရမ်းညစ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိဘူး။ ကိုယ့်ကိုယ်ကိုယ် တစ်ခုခု လုပ်ပစ်လိုက်ချင်တယ်။ အဆုံးသတ်လိုက်ချင်တယ်။ အဲဒီလိုအလုပ်ခံရတာ အရမ်းရွံတာပဲ” လို့ မရိုစီက ဆိုပါတယ်။
ကျူးလွန်သူဟာ ကိုယ့်ချစ်သူရည်းစားလည်း မဟုတ်၊ နှစ်ဦးသဘောတူလို့ဖြစ်ခဲ့တာလည်းမဟုတ်။ ဒါဟာမုဒိမ်းမှု။ နောက်ဆုံးမှာ သူ့ဘဝကိုဖျက်ဆီးပစ်ခဲ့တဲ့သူကို အပြစ်ပေးအရေးယူနိုင်အောင် တိုက်ပွဲဝင်ဖို့ သူဆုံးဖြတ်ချက် ချလိုက်ပါတယ်။
မရိုစီရဲ့ တရားမျှတမှုရှာဖွေရေးတိုက်ပွဲရဲ့ ခြေလှမ်းအစကတော့ ဒေသတွင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုနဲ့ စတင်ချိတ်ဆက်ဖို့ပါ။
အဲဒီအဖွဲ့ရဲ့ အကူအညီနဲ့ သူဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို သူ့အမှုအကြောင်း တိုင်ကြားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆီ တိုင်ကြားတာကို သိသွားကြတဲ့ မုဒိမ်းမှုကျူးလွန်သူရဲ့ အသိုင်းအဝိုင်းဟာ မရိုစီကို အိမ်အထိလာပြီး ခြိမ်းခြောက်မှုမျိုးစုံလုပ်တာကို ခံခဲ့ရပါတယ်။
လူသိခံလို့မဖြစ်တဲ့ သူရဲ့အဖြစ်အပျက်ကို မိသားစုနဲ့ ပတ်ဝန်းကျင်မသိအောင် လျို့ဝှက်ထားခဲ့ပေမယ့် သူတို့အိမ်အထိလာပြီး အော်ကြီးဟစ်ကျယ် လာခြိမ်းခြောက်တာကြောင့် ဗူးပေါ်သလို ပေါ်ကုန်တော့တာပါပဲ။
သူ့အမှုဟာ ရပ်ကျော်၊ ရွာကျော်ဖြစ်သွားရုံတင်မကဘဲ အိမ်ပေါ်ကပါ မောင်းချခံလိုက်ရပါတော့တယ်။
မရိုစီရဲ့ မိခင်အပါအဝင် သူ့အသိုင်းအဝိုင်းက မိသားစုကို အရှက်ခွဲသူလို့ တံဆိပ်ကပ်ပြီး အိမ်ပေါ်ကနေ မောင်းချလိုက်တာပါ။
မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသားကတော့ တစ်နှစ်ကျော်ကြာတဲ့ ဒီနေ့အထိ အရေးယူမခံရသေးပါဘူး။
မရိုစီခမျာမှာတော့ ပတ်ဝန်းကျင် ကဲ့ရဲ့ထိုးနှက်တဲ့ဒဏ်တွေကို အခုချိန်အထိ တစ်ကိုယ်တည်း လိမ့်နေအောင် ခံနေရဆဲပါ။
အဲဒါကြောင့်လည်း “တရားမျှတမှုဆိုတာဘာလဲ” ဆိုပြီး မရိုစီက မေးခွန်းထုတ်လိုက်တာပါ။
မရိုစီလိုပဲ နောက်ထပ်ကျူးလွန်ခံရတဲ့သူတွေလည်း ရှိပါသေးတယ်။
ဖြစ်စဉ် ၂
မဝါဆိုကို Dawei Watch က သွားရောက်တွေ့ဆုံတဲ့အချိန် ကိုယ်ဝန်အရင့်အမာကို လွယ်ထားရပါတယ်။ မိသားစုက သူ့ကို အပြင်ထွက်ခွင့်၊ သူစိမ်းတွေနဲ့ စကားပြောတာတွေကို ကန့်သတ်ထားတာကြောင့် ခဲရာခဲဆစ် တွေ့ဆုံခဲ့ကြရပါတယ်။
မဝါဆိုဟာ ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲက တစ်ဖွဲ့မှာ ပါဝင်တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးနဲ့ တော်လှန်ရေးဆိုင်ရာကိစ္စတွေ ဆက်သွယ်ပြုရာကနေ ချစ်ကြိုက်သွားကြတာပါ။
နောက်ပိုင်း ကိုယ်ဝန်ရလာတော့ တာဝန်ယူရမယ့်အစား အဲဒီကိုယ်ဝန်ဟာ သူနဲ့မဆိုင်ဘူးလို့ ယတိပြတ်ငြင်းဆိုပြီး သူ့ကောင်လေးက အဆက်ဖြတ် ခေါင်းရှောင်သွားခဲ့တာလို့ မဝါဆိုက ပြောဆိုပါတယ်။
“ကျွန်မကိုယ်ဝန် သုံးလရောက်တဲ့အချိန်မှာ သူ့ကိုဖုန်းဆက်ပြီးပြောပြတယ်။ သူ့ဖက်ကပြန်ပြောတာက သူနဲ့ရတဲ့ ကိုယ်ဝန်မဟုတ်ဘူး။ သူတာဝန်မယူနိုင်ဘူးတဲ့”
တော်တော်ကြာတဲ့အထိ မဝါဆိုဆီက စကားလုံးတွေ ထပ်ထွက်မလာတော့။ အဲဒီအစား မျက်ရည်တွေစီးကျလာနေတာပဲ တွေ့ရပါတော့တယ်။
အဲဒီကိစ္စတွေအပြီးမှာ မဝါဆိုရဲ့ချစ်သူကောင်လေးလည်း သူတို့တပ်ဖွဲ့က အခြားဒေသတစ်ခုကို စေလွှတ်လိုက်တာကြောင့် နေရပ်မှာ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ အခုမဝါဆိုမှာ ကိုယ်ဝန် ၈ လရှိနေပါပြီ။
ဖြစ်စဉ် ၃
မဝါဝါက မွေးစားမိဘတွေနဲ့အတူ ထားဝယ်ခရိုင်ထဲက ကျေးရွာတစ်ရွာရဲ့ ဥယျာဉ်ခြံတစ်ခုထဲ ကြီးပြင်းလာခဲ့သူပါ။
မွေးရာပါ အပျော့စား စိတ်ရောဂါအခံရှိသူလို့ ရပ်ရွာက သတ်မှတ်ခံထားရတဲ့ မဝါဝါကို ခြံချင်းကပ်လျက်က အိမ်ထောင်ရှင်အမျိုးသားတစ်ဦးက ၂၀၂၂ ခုနှစ်မှာ မုဒိမ်းကျင့်ခဲ့တယ်လို့ ဒေသခံအချို့က ဆိုပါတယ်။
အဲဒီအိမ်ထောင်ရှင်အမျိုးသားကတော့ သူမဟုတ်ဘူးလို့ ငြင်းဆိုထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မဝါဝါကတော့ အရွယ်နဲ့မမျှတဲ့ လောကဓံတွေကို ရင်ဆိုင်ခဲ့ရပြီး အဖေမပေါ်တဲ့ သားယောက်ျားလေးတစ်ယောက်ကို မွေးဖွားခဲ့ရပါတယ်။
နောက်ပိုင်းမှာ သူ့မွေးစားအမေလည်း သေဆုံးသွားတာကြောင့် သားယောက်ျားလေးကို တစ်ခြားသူတစ်ယောက် လက်ထဲမွေးစားဖို့ပေးလိုက်ပြီး သူကတော့ ရွာထဲကနေ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီဖြစ်စဉ်မှာလည်း ကျူးလွန်တဲ့တရားခံ ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတာကို ဘယ်အဖွဲ့ကမှ အရေးတယူမရှိခဲ့ဘဲ တရားခံက လွတ်မြောက်သွားပါတယ်။
အကာအကွယ်မဲ့နေသူများ
ပဋိပက္ခကာလထဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တစ်နေ့ထက်တစ်နေ့ တိုးပွားလာပေမယ့် အမျိုးသမီးတွေဟာ တရားမျှတမှုရဖို့ လမ်းပျောက်နေကြပါတယ်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေဟာ တိုင်ကြားဖို့လမ်းကြောင်း လွယ်လွယ်ကူကူ ရှိမနေတာ၊ ဥပဒေအရ ထိထိရောက်အရေးယူမနိုင်တာ၊ တိုင်ကြားတဲ့အတွက် မလိုလားအပ်တဲ့ ဖိအားတွေဝင်လာတာ စတဲ့အခြေအနေအမျိုးမျိုးကြောင့် အကာအကွယ်မဲ့ နေကြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ တနင်္သာရီတိုင်းက ဒေသအချို့မှာလည်း အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတာနဲ့ပတ်သက်ပြီး တိုင်ကြားရေးနဲ့ အပြစ်ပေး အရေးယူမှု ယန္တရားတွေ လွယ်လွယ်ကူကူ မရှိနေလို့ ကျူးလွန်သူတွေဟာ လွတ်မြောက်နေကြပါတယ်။
Dawei Watch က တွေ့ဆုံခဲ့တဲ့အမျိုးသမီးလေးဦးထဲမှာလည်း မရိုစီတစ်ဦးကလွဲပြီး ကျန်တဲ့သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဘယ်အဖွဲ့အစည်းကိုမှ တိုင်ကြားထားတာမရှိပါဘူး။
မဝါဆိုရဲ့အမှုမှာဆိုရင် သူ့အနေနဲ့ တိုင်ကြားချင်ရင် တိုင်လို့ရတဲ့နေရာတွေကို လက်လှမ်းမီပေမယ့် ကိုယ်ဝန် ၈ လ ရောက်တဲ့အထိတော့ ဘယ်အဖွဲ့အစည်းကိုမှ တိုင်ကြားထားတာမရှိပါဘူး။
“ဘယ်သူ့အပေါ်မှာမှ မုန်းတယ်ဆိုတာမရှိဘူး။ အဲဒီအတွက် တိုင်ဖို့ကိုလည်း ဆန္ဒမရှိဘူး။ ကံတရားပဲပေါ့” လို့ မဝါဆိုက ဆိုပါတယ်။
အမျိုးသမီးအခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့ တွေကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ရေငုံနှုတ်ပိတ်နေတာမျိုးမလုပ်ဘဲ နီးစပ်ရာအဖွဲ့တွေကို တိုင်ကြားကြဖို့ အကြံပေးတိုက်တွန်းကြပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် မဝါဝါရဲ့အဖြစ်အပျက်ကတော့ ဘယ်အဖွဲ့အစည်းရဲ့မှတ်တမ်းထဲမှာမှ မှတ်တမ်းတင်ထားတာ ရှိမှာမဟုတ်ပါဘူး။
“ရွာထဲမှာ PDF တွေလည်းရှိတယ်။ အုပ်ချုပ်ရေးအဖွဲ့ (ရပ်ကျေးပအဖ) တွေလည်း ဒီကိစ္စကိုသိတယ်။ ဒါပေမဲ့ ဘယ်သူမှ လိုက်လုပ်ပေးတာမရှိဘူး။ အဲဒီမိန်းကလေးက ဆင်းရဲတာကိုး။ ဆွေလည်းမရှိ မျိုးလည်း မရှိဘူးလေ” လို့ မဝါဝါနဲ့ တစ်ရွာတည်းသား အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ မှတ်တမ်းတွေအရ ပဋိပက္ခကာလထဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့သူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ၊ မသန်စွမ်းတွေလည်း ပါဝင်နေတယ်လို့ အထွေထွေ အတွင်းရေးမှူး ၁ မသီတာက ပြောပါတယ်။
အပြစ်ပေးအရေးယူတာတွေ မရှိတော့တာကြောင့် အမျိုးသမီးအများစုဟာ သိက္ခာကို ငဲ့ကွက်ပြီး အဖွဲ့အစည်းတွေဆီ တိုင်ကြားတာမျိုးတွေ မလုပ်ကြတော့ဘူးလို့ ဒေသတွင်း တော်လှန်ရေး အင်အားစုတစ်ခုဖြစ်တဲ့ နှင်းဆီရောင်အမျိုးသမီးသမဂ္ဂ (ထားဝယ်) အဖွဲ့က ရဲဘော်ခရုက ပြောဆိုပါတယ်။
“ပြစ်မှုကျူးလွန်တဲ့သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်မပေးနိုင်ဘူးဆိုရင် ဒီလူတွေကို နောက်ထပ်ပြစ်မှုတွေ တစ်ခုပြီးတစ်ခု ထပ်ပြီးကျူးလွန်အောင် တွန်းအားပေးလိုက်သလိုဖြစ်နေတယ်” လို့ ရဲဘော်ခရုက ပြောဆိုပါတယ်။
မြေပြင်မှာလည်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရ၊ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေလည်း အများအပြားရှိနေသေးသလို လွတ်မြောက်နေတဲ့ ကျူးလွန်သူတွေလည်း အများအပြားရှိနေတယ်လို့ ရဲဘော်ခရုက ထောက်ပြပါတယ်။
တနင်္သာရီတိုင်းထဲ စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးတွေကလည်း အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ငွေများတရားနိုင်ပုံစံနဲ့ စစ်ဆေးဖြေရှင်းနေလို့ လူမသိ၊ သူမသိ အမှုရှုံးသွားတဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ အမျိုးသမီးတွေ အများပြားရှိနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောဆိုပါတယ်။
“မုဒိမ်းမှုတွေ၊ နိုင်ငံရေးအမှုတွေဆိုရင် သူတို့(တရားသူကြီးတွေ) တော်တော်ကြိုက်တယ်။ တောင်းသလောက် ရတာကိုး” လို့ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ဆိုပါတယ်။
အဲဒီပြောဆိုမှုနဲ့ပတ်သက်ပြီး Dawei Watch အနေနဲ့ စစ်ကောင်စီတရားရေးဘက်ကို မေးမြန်းလို့မရသေးပါဘူး။
စစ်ကောင်စီနဲ့ လက်ဝေခံတွေ ကျူးလွန်မှု
အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူတွေထဲ အများဆုံးပါဝင်သူတွေကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံတပ်ဖွဲ့ကသူတွေ ဖြစ်တာကိုတွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အချက်အလက်တွေအရ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီတပ်က ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၂၅ မှုရှိပြီး ကျူးလွန်ခံရတဲ့ အမျိုးသမီးကတော့ ၁၇၄ ဦးရှိပါတယ်။
အာဏာမသိမ်းမီက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသားဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့သလိုမျိုး အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြို့ကြီးတွေထဲမှာ ကျူးလွန်လာကြတာကို ပြည်သူတွေ မျက်ဝါးထင်ထင် တွေ့မြင်လာခဲ့ကြပါတယ်။
အနီးစပ်ဆုံးဖြစ်စဉ်တွေကတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ကိုယ်ဝန်ဆောင် အသက် ၂၀ အရွယ် မရွှေမန်းသူကို စစ်ကောင်စီတပ်သားတွေက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ အမျိုးသမီးငယ်တစ်ဦးကို အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တဲ့ဖြစ်စဉ်တွေပါ။
တနင်္သာရီတိုင်းဖက်မှာလည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက တပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ ထားဝယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။
“ဖင်လှန်ပြဆိုပြီးပြောတော့ လူကကြောင်သွားတာပေါ့။ ပြီးတော့မှ ဆိုင်ကယ်ဖင်ထိုင်ခုံကို ပြောတာဆိုပြီး လက်ညှိုးထိုးပြတာ။ ပြီးတော့သူတို့အချင်းချင်း ပြောပြောပြီးရယ်နေကြတယ်။ မိန်းကလေးတွေကိုဆို အဲဒီလိုမျိုးတမင်ကို ပြောတာ” လို့ သူကဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့ (IIMM) ရဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လထုတ် အစီရင်ခံစာအရလည်း စစ်ကောင်စီတပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေထဲ အရပ်သားတွေကို မုဒိမ်းကျင့်ထားတာကို ခိုင်လုံတဲ့ အချက်အလက်တွေ ရထားတယ်လို့ ဆိုထားပါတယ်။
ထားဝယ်အမျိုးသမီးသမဂ္ဂ တွဲဖက်အတွင်းရေးမှူး ၁ မသီတာကတော့ စစ်ကောင်စီတပ်က ပြည်သူတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်နေတဲ့အပေါ် အခုလိုမှတ်ချက်ပြုပါတယ်။
“ပြည်သူတွေကို မထင်ရင်မထင်သလိုသတ်၊ အိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) အတွက်ကတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေအပေါ် ပြောစရာစကားလုံးတောင် ရှာမတွေ့ဘူး”
အရေးယူမခံရတဲ့ မုဒိမ်းကောင်များ
အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေတဲ့အဖွဲ့တွေကတော့ ပဋိပက္ခကာလထဲဖြစ်ပွားတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမှာ ထိထိရောက်ရောက်ရေးယူ အပြစ်မပေးနိုင်တော့ ကျူးလွန်သူတွေဟာ အလွယ်တကူ လွတ်မြောက်နေကြတယ်လို့ ထောက်ပြနေကြပါတယ်။
ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ မှတ်တမ်းအရ ၂၀၂၄ ခုနစ် ၈ လတာကာလအတွင်း ထားဝယ်ခရိုင် တစ်ခုထဲမှာ အမျိုးသမီးတွေပေါ် အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့ အမှုပေါင်း ၄၀ ကျော်ရှိတဲ့အထဲ ထိထိရောက်ရောက် အပြစ်ပေးအရေးယူခံလိုက်ရတဲ့အမှုဆိုတာ မရှိသေးဘူးလို့ သိရပါတယ်။
အဲဒီအမှုတွေထဲ စစ်ကောင်စီ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အရပ်သားအချင်းချင်းဖြစ်တဲ့ပြစ်မှုတွေ အားလုံးပါဝင်ပါတယ်။
“အခုဖြစ်တဲ့အမှု ၄၀ ကျော်မှာတောင် ဖြေရှင်းပေးတဲ့အမှုက နှစ်မှုပဲရှိတယ်။ အဲဒီအမှုနှစ်မှုကလည်း အမှန်တကယ် တရားမျှတမှုကိုရလားဆိုတော့ မရဘူး” လို့ ထားဝယ်အမျိုးသမီးသမဂ္ဂ တွဲဖက်အတွင်းရေးမှူး ၁ မသီတာက ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေးဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူတစ်ခုပါ။
ဒါပေမဲ့ လက်တွေ့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရကို သစ္စာခံကြတဲ့ တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေက ပြည်သူတွေအပေါ် ကျူးလွန်နေကြပါတယ်။
အဲဒီအတွက် ထိထိရောက်ရောက်အရေးမယူနိုင်ဘူးလို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ထောက်ပြနေကြသလို ထားဝယ်ခရိုင်က မရိုစီရဲ့အမှုကလည်း သက်သေပြနေပါတယ်။
ပိုဆိုးတာက အမျိုးသားညီညွတ်ရေးအစိုးရကို သစ္စာခံကြတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ဟာ သူတို့တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ပြစ်မှုတွေကို အရေးမယူကြတဲ့အပြင် လွတ်မြောက်ခွင့် ပေးထားကြတယ်လို့လည်း ထောက်ပြပြောဆိုနေကြပါတယ်။
မရိုစီနဲ့ မဝါဆိုရဲ့ အမှုတွေမှာလည်း တရားမျှတမှုရှာဖွေဖို့၊ ကျူးလွန်သူကို အပြစ်ပေးအရေးယူနိုင်ဖို့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေဟာ နစ်နာသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အစား အကာအကွယ်ပေးထားတာကို တွေ့ရပါတယ်။
“သူတို့အဖွဲ့က လူတွေကို အရမ်းကာကွယ်ပေးကြတယ်။ ကျွန်မကိစ္စမှာဆိုရင်လည်း အဲဒီလူ (ကျူးလွန်သူအမျိုးသား) ကို အခြားနေရာတစ်ခုကို ရွှေ့ပစ်လိုက်ကြတယ်။ အဲဒီလိုနေရာရွေ့ပစ်လိုက်တာက တရားမျှတမှုရှိအောင် လုပ်ပေးတာမျိုး မဟုတ်ဘဲ သူတို့တပ်ဖွဲ့ကလူကို သူတို့ကာကွယ်ပေးသလိုမျိုး ခံစားရတယ်” လို့ မရိုစီကဆိုပါတယ်။
ပဋိပက္ခကာလမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်ရေးလောက် အရေးမထားကြတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရတယ်လို့ ထားဝယ်အမျိုးသမီးသမဂ္ဂ တွဲဖက်အတွင်းရေးမှူး(၁) မသီတာက ပြောပါတယ်။
“တော်လှန်ရေးအုပ်စုတွေကပါက ဒီလိုမျိုးကျူးလွန်နေကြတဲ့အပေါ် တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်။ တကယ်ဆို ဒီလိုမျိုး မလုပ်သင့်ဘူး။ လုပ်ခဲ့ရင်လည်း ကျူုးလွန်တဲ့သူကို ထိထိရောက်ရောက် အရေးယူစေချင်တယ်” လို့ မသီတာက ပြောဆိုပါတယ်။
မြန်မာအမျိုးသမီးသမဂ္ဂကလည်း တော်လှန်ရေးအဖွဲ့တွေဟာ ပဋိပက္ခကာလဖြစ်တာကို အကြောင်းပြပြီး အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့အမှုတွေအပေါ် အရေးတကြီးဖြေရှင်းရမယ့် အမှုကြီးတွေမဟုတ်ဘူးလို့ မှတ်ယူထားတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လမှာထုတ်ပြန်တဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ လိင်အကြမ်းဖက်မှုများ အစီရင်ခံစာမှာ ထုတ်ဖော်ပြောဆိုထားတာပါ။
မြန်မာအမျိုးသမီးသမဂ္ဂက ပြုစုထားတဲ့အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ပြစ်မှု ၅၉ မှုရှိခဲ့ပြီး အဲဒီအထဲမှာ မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၃၆ မှုပါဝင်တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီအမှုတွေထဲက အမှု ၄ မှုကို စစ်ကိုင်းတိုင်း၊ ကရင်နီ(ကယား)၊ မကွေးတိုင်းတို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) တွေက ကျူးလွန်တယ်လို့ဆိုထားပါတယ်။
ဒါပေမဲ့ ကျူးလွန်တဲ့သူတွေကို သက်ဆိုင်ရာအဖွဲ့တွေက ထိထိရောက်ရောက် အရေးယူတာမျိုးမရှိဘဲ အများစုက တောင်းပန်တာနဲ့ ကျေအေးခိုင်းလိုက်ကြတယ်လို့ ဆိုထားပါတယ်။
အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေနဲ့ပတ်သက်တဲ့အမှုတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေဟာ အားရစရာမရှိဘူးလို့ မရိုစီက ထောက်ပြပါတယ်။
“တစ်ခြားကိစ္စတွေမှာတော့ ထိရောက်ချင်ထိရောက်ပါလိမ့်မယ်။ အမျိုးသမီးကိစ္စတွေမှာတော့ မထိရောက်ဘူး” လို့ မရိုစီက ဆိုပါတယ်။
Dawei Watch အနေနဲ့ မရိုစီရဲ့အမှုအပါအဝင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်အခွင့်အရေး ဝန်ကြီးဌာနကို ဩဂုတ်လ ၂၈ ရက်နေ့က အီးမေလ်းကနေတစ်ဆင့် မေးမြန်းထားပေမယ့် ဒီဆောင်းပါးရေးပြီးတဲ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားတာမရှိသေးပါဘူး။
မရိုစီကတော့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ သူတို့သိက္ခာကျဆင်းမှာစိုးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ပြစ်မှုတွေကို အကာကွယ်ပေးထားတယ်လို့ ယူဆနေပါတယ်။
“အသီးပုပ်လို့ အပင်မှာအပြစ်မရှိဘူးလို့ပြောတာကို သူတို့က (သက်ဆိုင်တဲ့ တော်လှန်ရေးအဖွဲ့က) လက်မခံကြဘူး။ ဆိုလိုချင်တာက ကျူးလွန်တဲ့သူကို အပြစ်ပေးလိုက်လို့ အဖွဲ့သိက္ခာကျစရာ အကြောင်းမရှိဘူး” လို့ မရိုစီကပြောဆို ပါတယ်။
ရေနစ်ရာဝါးကူထိုး
အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ နစ်နာသူတွေဖြစ်ပေမယ့် ရှေ့ရိုးစွဲလူ့အဖွဲ့အစည်းကတော့ နစ်နာတဲ့အမျိုးသမီးကိုပဲ ပြန်ပြီးနှိမ့်ချအပြစ်တင်လေ့ရှိပါတယ်။
မိသားစုကို အရှက်ခွဲသူလို့ တံဆိပ်ကပ်ခံရတဲ့ မရိုစီဟာ အိမ်ပေါ်ကမောင်းချခံခဲ့ရသလို သစ္စာမဲ့သူရဲ့ စွန့်ပစ်တာကိုခံရတဲ့ ကိုယ်ဝန်သည် မဝါဆိုလည်း လူတောမတိုးရဲတော့ပါဘူး။
အသက် ၁၃ နှစ်အရွယ် စိတ်ကျန်းမာရေး ချို့တဲ့သူ မျက်နှာမွဲ မဝါဝါကတော့ ဘယ်ရောက်လို့ ဘယ်ပေါက်သွားလဲဆိုတာ မသိကြတော့ပါဘူး။
လက်နက်ကိုင်ပဋိပက္ခ ကာလထဲမှာတော့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ သားကောင်တွေအဖြစ် ပစ်မှတ်ထားခံနေရလို့ အထူးအလေးထားပြီး အကာအကွယ်ပေးဖို့ လိုအပ်နေပါတယ်။
ဒီလုပ်ငန်းစဉ်တွေမှာ အမျိုးသားတွေ အထူးသဖြင့် လက်နက်ကိုင်ထားတဲ့ အမျိုးသားတွေက ပိုပြီးတက်တက်ကြွကြွ ပါဝင်ကြမှသာ အမျိုသမီးတွေအတွက် အကာအကွယ် ရမှာဖြစ်တယ်လို့ ထောက်ပြပြောဆိုနေကြပါတယ်။
အခုလိုပဋိပက္ခအချိန်မှာ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရလို့ ခြေသံကြားရင်တောင် ညဖက်အိပ်လို့မပျော်ဘူးလို့ မရိုစီကဆိုပါတယ်။
ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ အမျိုးသမီးတွေကို အကာကွယ်ပေးဖို့၊ တရားမျှတမှုရရေးမှာ ပူးပေါင်းပေးဖို့ မရိုစီက အခုလိုတောင်းဆိုလိုက်ပါတယ်။
“ဒီလိုမျိုး အမျိုးသမီးတွေအပေါ်မှာ ကျူးလွန်တဲ့ကိစ္စတွေမှာဆိုရင် နည်းနည်းလေးလေးဖြစ်ဖြစ်ပိုပြီး အာရုံစိုက်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်”