BREAKING
October 18, 2024

ဘန်ကောက်တွင် ထန်းရည်ရောင်းသော မြန်မာနှစ်ဦးဖမ်းဆီးခံရ

September 5, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘောဒေသတွင် မြန်မာနိုင်ငံသား ဖွင့်လှစ်ထားသည့် ထန်းရည်ဆိုင်တွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားနှစ်ဦး စက်တင်ဘာလ ၂ ရက်နေ့ ညက ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထန်းရည်ကို ဆိုင်ကြီးဖွင့်ပြီး ရောင်းချနေသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ထန်းရည်ရောင်းချနေသူ နှစ်ဦးမှာ အသက် ၃၄ နှစ်နှင့် အသက် ၂၀ အရွယ် မြန်မာနိုင်ငံသားများဖြစ်ကြပြီး တစ်ရက်လျှင် လုပ်အားခ ၄၀၀ ဘတ်ဖြင့် မြန်မာနိုင်ငံသားတစ်ဦးက အလုပ်ခန့်ထားသဖြင့် လာရောက်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။

ယခုဖမ်းဆီးခံရသောဆိုင်သည် ဇော်တင်ထန်းရည်ဆိုင်ဖြစ်ပြီး ဘန်ဘောဈေးထဲတွင် မြန်မာအလုပ်သမားများကြား နာမည်ကြီး လူသိများသော ထန်းရည်ဆိုင်ဖြစ်ကြောင်း ဘန်ဘောရှိ မြန်မာနိုင်ငံသားများထံမှ သိရသည်။

“ဘန်ဘောဈေးထဲကို သွားလိုက်။ ဇော်တင်ဆိုင် ဘယ်နားရှိလဲမေး လူတိုင်းသိတယ်။ ဇော်တင်ကိုယ်တိုင် ဖမ်းခံရမရတော့ ကျွန်မတို့လည်း မသိသေးဘူး” ဟု ဘန်ဘောဈေးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထန်းရည်များကို မည်သည့်နေရာက ယူ၍ ရောင်းထားသည်ကိုမူ မသိကြောင်း၊ ထန်းရည်များကို တစ်လီတာဘူးထဲသို့ ထည့်ပြီး ဘတ် ၁၀၀ – ၁၅၀ ဖြင့် ရောင်းချနေကြောင်း မြန်မာနိုင်ငံသားများက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။

စစ်ဆေးစဉ် ဆိုင်ထဲတွင် ထန်းရည်လီတာ ၃၅၀ ကျော်ကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဆိုင်သည် လူအများ ထိုင်သောက်နိုင်ရန်အတွက် ထိုင်ခုံအပြင်အဆင်များပါ ပြုလုပ်ထားကြကြောင်း ဆိုသည်။

လက်ရှိတွင် ထန်းရည်ရောင်းချနေသော မြန်မာနိုင်ငံသားနှစ်ဦးကို ရဲစခန်းတွင် ဖမ်ဆီးထားပြီး လုပ်ပိုင်ခွင့် မရှိသော အလုပ်များ ဝင်ရောက်လုပ်ကိုင်နေမှုဖြင့် အရေးယူထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများကို ငှားရမ်းထားသော နောက်ထပ်ဆိုင်ပိုင်ရှင် မြန်မာနိုင်ငံသားဖြစ်သူကိုလည်း တရားစွဲနိုင်ရေး စုံစမ်း စစ်ဆေးသွားမည်ဖြစ်ပြီး ထန်းရည်ထဲရှိ ပါဝင်ပစ္စည်းများကိုလည်း ဓါတ်ခွဲခန်းပို့၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဘန်ကောက်တွင် လမ်းဘေးစပ်အရက်ကို ဝယ်သောက်မိရာမှ ဩဂုတ်လ ၂၂ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ သေဆုံးသူ ရှစ်ဦးအထိ ရှိလာခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်း အရက်စပ်ရောင်းဆိုင်များ၊ တရားမဝင် အရက်ရောင်းချနေသူများကို ဆက်တိုက်ဖမ်းဆီး စစ်ဆေးနေခဲ့ခြင်းဖြစ်သည်။

Ref: CH 8, Thai PBS, Bangkok Post