BREAKING
January 13, 2025

လက်နက်ကြီးကျည်စထိမှန်သည့် တနင်္သာရီ လယ်တောင်ယာရွာသူ သေဆုံး

September 5, 2024

ပုံစာ - လယ်တောင်ယာရွာလမ်း။ ဓာတ်ပုံ - ပေးပို့။

တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးအုပ်စု၊ လယ်တောင်ယာရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျည်စ ထိမှန်ခဲ့သည် အသက် ၄ဝကျော်အရွယ် ဒေါ်ပိန်သည် စက်တင်ဘာလ ၄ ရက်ညတွင် သေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဝမ်းဗိုက်တွင် ကျည်စထိမှန်ဒဏ်ရာကြောင့် တနင်္သာရီဆေးရုံမှ မြိတ်ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ပြီး ခွဲစိတ်မှုပြုလုပ်ပြီးနောက် သေဆုံးသွားကြောင်း၎င်းတို့က ဆိုသည်။

စက်တင်ဘာလ ၃ ရက်ညက တနင်္သာရီမြို့ပေါ်ရှိ စစ်ကောင်စီတပ်က လယ်တောင်ယာရွာဘက်သို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ငါးလုံးအနက် တစ်လုံးရွာထဲ ကျရောက်ပေါက်ကွဲပြီး ဒေါ်ပိန်နှင့် ဒေသခံကလေးငယ်တစ်ဦးတို့ကို ထိမှန်ခဲ့သည်။

ဒေါ်ပိန်ကို ညတွင်းချင်း တနင်္သာရီဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးဝါးမပြည့်စုံသဖြင့် နောက်တစ်ရက် နံနက်တွင် မြိတ်ဆေးရုံသို့ ပို့ဆောင်ကာ ခွဲစိတ်ကုသခဲ့ရကြောင်း မိသားစုဝင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ နာရေးသတင်းသွားမေးခဲ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

“တနင်္သာရီ ဆေးရုံမှာကတည်းက ဝမ်းဗိုက်ဒဏ်ရာက အူမကြီးကိုထိထားတော့ အစာဟောင်း၊ အစာသစ်နဲ့ သွေးတွေရောပြီး အူပုပ်သလိုဖြစ်သွားတယ်။ မြိတ်ဆေးရုံရောက်တော့ အခြေအနေမကောင်းတဲ့ဘက် ပါတယ်လို့ သိရတယ်။ ခွဲစိတ် အပြီးမှာတော့ အခြေအနေလုံးဝမကောင်းဘဲ အသက်ဆုံးရှုံးသွားတယ်” ဟု ၎င်းက ပြောသည်။

လယ်တောင်ယာရွာသည် မြိတ်မြို့နှင့် မိုင်၅၀ကျော် အကွာအဝေးတွင်ရှိပြီး ကားဖြင့် တစ်နာရီနီးပါး မောင်းနှင်ပါက အရောက်သွားနိုင်သော်လည်း လက်နက်ကြီးထိသည့် ညက ညဘက်ဖြစ်နေသည့်အပြင် လူနာတင်ယာဉ်အခက်အခဲကြောင့် အနီးစပ်ဆုံး တနင်္သာရီဆေးရုံသို့ သုံးဘီးဖြင့် ပို့ဆောင်ခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

ဒေါ်ပိန်သည် လယ်ယာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ၎င်းတွင် ကျောင်းနေရွယ်ကလေးတစ်ဦး အပါအဝင် သားသမီး လေးဦး ကျန်ရစ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စက်တင်ဘာလ ၄ ရက်တွင် လယ်တောင်ယာရွာဘက်သို့ လက်နက်ကြီး ထပ်မံပစ်ခတ်ခြင်းမရှိသေးသော်လည်း တနင်္သာရီမြို့ပတ်ဝန်းတွင် လက်နက်ကြီး ပစ်ခတ်သံများကြားနေရသေးကြောင်း မြို့ခံများက ပြောသည်။

လယ်တောင်ယာရွာသည် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းမပေါ်တွင် တည်ရှိပြီး တနင်္သာရီမြို့ နှင့် နှစ်မိုင်ကျော် ကွာဝေးသည်။