BREAKING
January 16, 2025

ပုလောရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီနှင့် စိုက်ခင်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်ထား၍ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

August 5, 2024

ပုံစာ- တနင်္သာရီမြို့နယ် မောတောင်ဒေသရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ဆီအုန်းစိုက်ခင်းစီမံကိန်းတစ်ခုအား တွေ့ရစဉ်။ (ပုံဟောင်း) ဓာတ်ပုံ - ပြည့်ဖြိုးထွန်း fb page

မြိတ်မြို့စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင် အင်းမရွာရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီနှင့် စိုက်ခင်းကို တော်လှန်ရေးတပ်များ စီးနင်းသိမ်းပိုက်ထားခြင်းကြောင့် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများက ပြောသည်။

ပုလောမြို့နယ် ဆင်ထိုးကြီးကျေးရွာအုပ်စု အင်းမရွာမှ ဧကထောင်ချီရှိသည့် ဥယျာဉ်ခြံနှင့် ပြည့်ဖြိုးထွန်းကုမ္ပဏီကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် တစ်ပတ်ခန့်မှစ၍ ဝင်ရောက်စီးနင်း နေရာယူထားသည်ဟု ၎င်းတို့က ပြောသည်။

ယင်းဥယျာဉ်ခြံနှင့် ကုမ္ပဏီရှိ အလုပ်သမားများကို ထွက်ခွာခိုင်းလိုက်ပြီး တော်လှန်ရေး အဖွဲ့များက စီးနင်းထားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“အရင်တုန်းက ကရင်မြေတွေကို ဦးလှသန်းက စစ်တပ်နဲ့ပေါင်းပြီး ဝယ်တာဝယ် ယူတာယူပေါ့လေ၊ အရင်စစ်အစိုးရခေတ်ကတည်းက စစ်တပ်နဲ့ပေါင်းပြီးလုပ်တာ အဲ့တုန်းက ကရင်တွေကလည်း ပြန်ပြောလဲမရ ခုခံလဲမရဘူး။ အခုက ရော်ဘာခြစ်စားနေရပြီ။ မြေတွေယူထားတာ မိုင်ပေါင်းမနည်းဘူး။ ကရင်ရွာတွေ မြေတွေကိုသိမ်းပြီး ရော်ဘာခြံတည်ထားတာ၊ အခု တော်လှန်ရေးကာလဆိုတော့ ကရင်တွေက သူတို့မြေတွေ သူတို့ပြန်ယူလိုက်တာပေါ့၊ ပြောရရင် ကုမ္ပဏီကိုဝင်စီးထားတယ်ပေါ့” ဟု ဆင်ထိုးကြီးကျေးရွာအုပ်စုက အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ပြည့်ဖြိုးထွန်းကုမ္ပဏီကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း နေရာယူထားသဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆိုသည်။

“မောင်လှသန်းခြံ တောင်ခြေရင်းမှာဖြစ်နေတာလို့ပြောတယ်။ ၆၆ မိုင်ပေါ့၊ သရက်ချောင်းနဲ့ ပုလောနဲ့နယ်စပ်ကျတယ်။ အလုပ်သမားတွေကို မောင်းထုတ်ပြီးတော့ မောင်လှသန်းကုမ္ပဏီထဲမှာ (တော်လှန်ရေးတပ်ဖွဲ့)သူတို့ဝင်နေတယ်လေ၊ ဟုတ်တယ် အဲ့ဒါကြောင့် စစ်ကြောင်းထိုးနေတာ”ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့က ကုမ္ပဏီကို ဝင်စီးထားပြီးနောက် ဇူလိုင်လ ၃၁ ရက်ခန့်တွင် ဆင်ထိုးကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဩဂုတ်လ ၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဆင်ထိုးကြီးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဩဂုတ်လ ၂ ရက်မနက်ပိုင်းတွင် ဒေသခံ ၁၄ ဦးကိုဖမ်းဆီးကာ ဘုရင့်တောင်ရွာဘက်ကို ပြန်လည်ထွက်ခွာသွားပြီးနောက် ဩဂုတ်လ ၃ ရက်မနက်ပိုင်းတွင် ဖမ်းဆီးထားသူများကို ပြန်လွတ်ပေးခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

ယင်းနောက် ပြည့်ဖြိုးထွန်းကုမ္ပဏီရှိသည့် အင်းမရွာဘက်ကို ဆက်လက်ထွက်ခွာလာပြီး ဩဂုတ်လ ၃ ရက် စနေနေ့မှ ယနေ့ ဩဂုတ်လ ၅ ရက် ညနေအထိ အင်းမရွာဘက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

“မနေ့က လေယာဉ်နှစ်စီးလာတယ်၊ ဗုံးကြဲဖို့ထင်တယ်၊ အဲ့ချိန်မှာပဲ မိုးတစ်မရွာချပစ်လိုက်တာ သဲသဲမဲမဲပဲဆိုတော့ လေယာဉ်ဝဲပြီး ပြန်လှည့်သွားတယ်၊ ဒီနေ့ နေ့လယ်မှာ အင်းမရွာသား နှစ်ယောက် ပစ်ခတ်ခံရတယ်လို့ သတင်းရတယ်၊ တစ်ယောက်ကသေတယ်၊ တစ်ယောက်က ခြေထောက်မှာ ဒဏ်ရာရတယ်လို့ပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

ဩဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီတပ်အင်အား ၅၀ ခန့်သာရှိသော်လည်း ပလောက်အခြေစိုက် ခလရ ၂၈၀ တပ်ရင်းက စစ်ကောင်စီတပ်များ ထပ်မံရောက်ရှိလာသဖြင့် အင်အား ၂၀၀ ကျော်ခန့်အထိဖြစ်လာသည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ဆင်ထိုးကြီးရွာနှင့် အင်းမရွာက ဦးလှသန်း ဥယျာဉ်ခြံ၊ ပုလော-သရက်ချောင်းအစပ်က ကားလမ်းတစ်လျောက်တွင် စစ်ကောင်စီတပ်များ ဖြန့်ကျက်နေရာယူထားသည်ဟု ၎င်းက ဆိုသည်။

ဩဂုတ်လ ၁ ရက် တိုက်ပွဲတွင် အရပ်သား ကိုကျော်မင်းစိုး လက်နက်ကြီးကျည်စထိမှန်သေဆုံးပြီး ကိုလွင်ဇော်မှာ စစ်ကောင်စီတပ် ပစ်သတ်သဖြင့် သေဆုံးခဲ့သည်။

ယနေ့ ဩဂုတ်လ ၅ ရက်တွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အင်းမရွာက အရပ်သား တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရသည်ဟု အထက်ပါ ဒေသခံအမျိုးသမီးက ဆိုသည်။