မောင်မယ်ရှောင်ရွာသို့ မကြာခဏစစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၅) ညနေပိုင်းတွင် ကျေးရွာအတွင်းမှ နေအိမ်များကိုမီးရှို့နေသည်ဟု ဒေသခံများကပြောသည်။
မောင်မယ်ရှောင်ရွာ ဘက်မှ မီးခိုးလုံးများ တက်နေသည်ကို ယနေ့ ညနေ ၃ နာရီ ကျော်ကမြင်တွေ့ရကြောင်း ခရီးသွား ဒေသခံတစ်ဦးက Dawei Watch သို့ပြောသည်။
“မီးခိုးမဲတွေ တက်နေတယ် အလုံးလိုက်ပဲ မောင်မယ်ရှောင်ဖက်က ” ဟု ၎င်းကဆိုသည်။
မီးခိုးများ အလုံးလိုက်တက်နေသည့် နေရာမှာ မောင်မယ်ရှောင်ရွာ အရှေ့ပိုင်း ရပ်ကွက်ဖြစ်သည့် အုန်းတောရပ်ကွက်မှဖြစ်ကြောင်း မောင်မယ်ရှောင် ဒေသခံတစ်ဦးက ပြောသည်။
“ကြည့်ရတာတော့ ကျွန်မတို့နေတဲ့အပိုင်းပဲ ဘယ်နှစ်ဆောင်ဆိုတာ မသိတော့ဘူး ကြည့်ရင်းနဲ့ စိတ်ညစ်နေရတယ်”ဟု ဘေးလွတ်ရာ တိမ်းရှောင်နေသည့် မောင်မယ်ရှောင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မောင်မယ် ရှောင်ကျေးရွာအနီး မကြာခဏထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိသည့်အတွက်ကြောင့် ဒေသခံအများစုမှာ ယခုနှစ်ဧပြီလကစပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
စစ်ရေးတင်းမာနေသည့် ဧပြီလကစပြီး စစ်ကောင်စီ၏ ဇာဟာရွာအခြေစိုက် အမြောက်တပ်မှလည်း မောင်မယ်ရှောင်ရွာကို မကြာခဏလက်နက်ကြီးများဖြင့် နေ့စဉ် နီးပါးပစ်ခတ်ပြီး မကြာခဏဆိုသလို စစ်ကြောင်းထိုးဝင် ရောက်ခဲ့သည်။
ဇူလိုင်လဆန်းကလည်း မောင်မယ်ရှောင်ရွာတွင်နေအိမ် လေးဆောင်ထက်မနည်း မီးရှို့ခံထားရကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သည် နေအိမ်မီးရှို့သည့်အပြင် ဒေသခံများ၏ နေအိမ်များကိုလည်း ဖောက်ထွင်းခိုးယူလေ့ရှိကြောင်း မောင်မယ်ရှောင်ဒေသခံများကပြောသည်။