BREAKING
January 16, 2025

ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပြီး နိုင်ငံကထွက်ပြေး

August 5, 2024

နိုင်ငံတဝန်း ဆန္ဒပြပွဲများ ဆက်တိုက်ပြင်းထန်လာပြီးနောက် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ရာထူးက နုတ်ထွက်လိုက်ပြီး နိုင်ငံက ထွက်ပြေးသွားပြီဖြစ်ကြောင်း ယနေ့တွင် ကြေညာလိုက်သည်။

ဩဂုတ်လ ၄ ရက်နေ့တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့များကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ရဲတပ်ဖွဲ့နှင့် လူပေါင်း ၁၀၀ ခန့်အထိ သေဆုံးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ယနေ့ ဩဂုတ်လ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်နုတ်ထွက်ပေးရေးအထိ ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့ပြီး မြို့တော် ဒါကာရှိ ဝန်ကြီးချုပ်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ရာထူးက နုတ်ထွက်ကြောင်း ကြေညာလိုက်ပြီး ရဟတ်ယာဉ်ဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ထွက်ခွာသွားပြီးဖြစ်ကြောင်း အတည်ပြုထားသည်။

၎င်းမှာအိန္ဒိယနိုင်ငံသို့ ထွက်ပြေးနိုင်ကြောင်း ယူဆထားကြသော်လည်း တိတိကျကျ မသိရသေးပေ။

ဝန်ကြီးချုပ် ထွက်ပြေးသွားပြီးနောက် နိုင်ငံကို ကြားကာလအစိုးရက ထိန်းချုပ်သွားမည်ဖြစ်ပြီး ဆန္ဒပြပွဲများ ငြိမ်သက်ပေးရန် စစ်ဦးစီးချုပ်ဖြစ်သူ Waker-Uz-Zaman က ကြေညာထားသည်။

ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ်ရာထူးကို ငါးကြိမ်မြောက် ရယူထားသူဖြစ်သည်။

အစိုးရအမှုထမ်းဆိုင်ရာ ရာထူးများပေးသောအခါ လွတ်လပ်ရေးတိုက်ပွဲဝင် စစ်ပြန်မိသားစုများကို ဦးစားပေးခွဲတန်း ချပေးမှုပေါ် မကျေမနပ်ဖြစ်ရာမှတစ်ဆင့် ပြီးခဲ့သောဇူလိုင်လမှစ၍ ကျောင်းသားများဦးဆောင်ကာ ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက်ပေါ်လာခဲ့သည်။

ဆန္ဒပြပွဲများကို အာဏာရပါတီဘက်က အင်အားသုံးဖြိုခွင်းရာမှ ဆန္ဒပြသူပေါင်း ရာချီ သေဆုံးလာခဲ့သဖြင့် တရားရုံးဘက်က ဆန္ဒပြကျောင်းသားများဘက်က လိုက်လျောခဲ့သည်။

လွတ်လပ်ရေးစစ်ပြန်များအတွက် အလုပ်အကိုင်ခွဲတမ်းကို မူလက ၃၀ ရာခိုင်နှုန်းကျော် ချထားပေးရာမှ ယခု ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့ပြီး အလုပ်နေရာ ၉၃ ရာခိုင်နှုန်းကိုလည်း အရည်အချင်းအလိုက် ခွဲဝေချထားရန်နှင့် ကျန် ၂ ရာခိုင်နှုန်းကို လူနည်းစုတိုင်းရင်းသားများ၊ လိင်ပြောင်းများ၊ မသန်စွမ်းသူများအတွက် ခွဲဝေချထားရန် တရားရုံးချုပ်က အမိန့်ချခဲ့ပါတယ်။

ထို့နောက် ဆန္ဒပြပွဲများ ခေတ္တငြိမ်သက်သွားခဲ့ပြီး ယခုရက်ပိုင်းတွင် ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာခဲ့ပြီး ဝန်ကြီးချုပ်နုတ်ထွက်ပေးရေးအထိ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

Ref: Aljazeera, CNN, BBC