BREAKING
January 16, 2025

ထားဝယ်က ကိုလိုနီခေတ်အဆောက်အဦများကို ပန်းချီဖြင့် မှတ်တမ်းတင်ထားသည့်စာအုပ် ထွက်မည်

August 5, 2024

ပုံစာ - စာအုပ်မျက်နှာဖုံးတွင်ပါသည့် ကိုလိုနီခေတ်လက်ရာ (ယခုထားဝယ်ပညာရေးကောလိပ် ပင်မအဆောက်အဦ၏ ပန်းချီပုံ)

ထားဝယ်မြို့ နှင့် ထားဝယ်ခရိုင်အတွင်းရှိ ကိုလိုနီခေတ်ဟန် ရှေ့ဟောင်းအဆောက်အဦများကို ပန်းချီဖြင့် မှတ်တမ်းတင်ထားသည့် စာအုပ်တစ်အုပ် ယခုဩဂုတ်လအတွင်း၌ ထားဝယ်ခရိုင်ပန်းချီ၊ပန်းပု အစည်းအရုံး က ထုတ်ဝေမည်ဟု ယင်းအစည်းအရုံးထံကသိရသည်။

စာအုပ်အမည်ကို ” ကိုလိုနီခေတ် ထားဝယ်မြို့မှ ရှေ့ဟောင်းအဆောက်အဦများ ” အမည်ဖြင့် ထုတ်ဝေမည်ဖြစ်သည်။

ယင်းစာအုပ်တွင် ထားဝယ်ဒေသ၌ ကိုလိုနီခေတ်ကဆောက်ခဲ့သည့် ဘာသာရေးအဆောက်အဦများ၊ အများနှင့်သက်ဆိုင်သည့်အဆောက်အဦများ ၊ အစိုးရရုံးများ ၊ ဝန်ကြီးချုပ်ဟောင်း ဦးလွန်းဘော် စသည့် ထင်ရှားသူတို့နေခဲ့သည့် အိမ်များ နှင့် သာမန်အရပ်သားနေအိမ်များကို ပန်းချီဖြင့်ရေးဆွဲ မှတ်တမ်းတင်ထားသည်။

ပန်းချီ၊ပန်းပုအစည်းအရုံးဝင် ပန်းချီဆရာ အောင်ကျော်မျိုး ရေးဆွဲထားသည့် ကိုလိုနီခေတ်ဟန် အဆောက်အဦ တစ်ရာကျော်၏ ပန်းချီကားများကို အဆောက်အဦများ၏ တည်နေရာ နှင့် နောက်ခံအကြောင်း အကျဉ်းများ ဖြင့် ‌ယှဉ်တွဲကာပုံနှိပ်ဖော်ပြထားသည်ဟု စာအုပ်စီစဉ်သူကဆိုသည်။

ကိုဗစ်ကာလအတွင်း ထားဝယ်မြို့တွင် အကျဉ်းရုံး ကျင်းပခဲ့သည့် ” Paint form home ” အမည်ရှိ ပန်းချီပြပွဲမှ ပန်းချီကားများနှင့် အသစ်ထပ်မံ ရေးဆွဲဖြစ်သည့် ရေဆေး၊ဆီဆေးပန်းချီကား ၁၁၇ ကားကို ပုံနှိပ်ထားခြင်းဖြစ်သည်။

” စာအုပ်ကတော့ အခုလ (ဩဂုတ်လ) အလယ်လောက် ထွက်ရှိလာပါလိမ့်မယ် ။ စာအုပ်နဲ့ဆက်စပ်တဲ့ပြပွဲကတော့ စာအုပ်ထွက်လာပြီးမှ စီစဉ်ဖြစ်မယ်” ဟု စာအုပ်စီစဉ်သူကပြောသည်။

ယခု စာအုပ်အား ထားဝယ်ခရိုင်ပန်းချီပန်းပု အစည်းအရုံး၏ မူပိုင်အဖြစ်ထုတ်ဝေမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်ကလည်း ပန်းချီဆရာကြီး အလင်္ကာကျော်စွာ ဦးငွေကိုင် ကွယ်လွန်ခြင်း နှစ် ၅ဝ ပြည့်စာအုပ်ကို အစည်းအရုံးမူပိုင်အဖြစ်ထုတ်ဝေခဲ့သေးသည်။