BREAKING
December 27, 2024

ထားဝယ်တွင် မီးဖိုချောင်သုံးဂက်စ်ပြတ်လပ်

August 5, 2024

အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန်ဈေးမြင့်တက်လာနေသည့် မီးဖိုချောင်သုံးဂက်စ်မှာ ထားဝယ်တွင် ယနေ့မှ စတင်ပြီး ပြတ်လပ်နေကြောင်းထားဝယ်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်ဈေးကွက်တွင် ဝယ်ယူ၍ မရတော့သဖြင့် ပြတ်လပ်သွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ဂက်စ်ဆိုင်အချို့ထံမှ သိရသည်။

“အရင်လတွေက (ကီလိုငါးသောင်းနီးပါးပါ ဂက်စ်‌ဘောင်ဆာကား) တစ်စီးရလိုက်၊ နှစ်စီးရလိုက်နဲ့ ဖာထေးပြီးသွားနေတာ။ အခုကတော့ တစ်စီးမှကို မရတော့ဘူး။ ဒီနေ့ကစပြီး အကုန်ပြတ်ပြီ” ဟု ထားဝယ်မြို့ရှိ မီးဖိုချောင်သုံးဂက်စ်ရောင်းချသူ တစ်ဦးက ပြောသည်။

အာဏာမသိမ်းခင်က ထားဝယ်မြို့သို့ ရန်ကုန်အပြင် ထားဝယ်-ထီးခီးလမ်းအတိုင်း ထိုင်းနိုင်ငံမှ ဂက်စ်များ တင်သွင်း ခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှစပြီး ထီးခီးလမ်းမှ တင်သွင်း၍ မရတော့ကြောင်း ဆိုင်ပိုင်ရှင်အချို့က ဆိုသည်။

၂၀၂၂ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံမှ ထားဝယ်မြို့သို့ ထီးခီးလမ်းအတိုင်းမောင်းလာသည့် ဂက်စ်ဘောင်ဆာကားနှစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးမီးရှို့ပြီးနောက်ပိုင်း ထိုလမ်းမှတစ်ဆင့် သယ်ယူ၍ မရတော့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ထိုင်းနိုင်ငံက ဂက်စ်ကို မြဝတီမြို့ကတစ်ဆင့် ထားဝယ်မြို့သို့ တိုက်ရိုက်တင်ပို့ခဲ့သေးသော်လည်း မြဝတီမြို့တွင် တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီးနောက်ပိုင်း သယ်ယူမရတော့ပြန်ကြောင်း ဆိုသည်။

နောက်ပိုင်းတွင် ထားဝယ်မြို့အတွက် မီးဖိုချောင်သုံးဂက်စ်မှာ ရန်ကုန်ဈေးကွက်ကို လုံးလုံးမှီခိုလိုက်ရကြောင်း ဂက်စ်ကုန်သည်တို့က‌ ပြောဆိုသည်။

ရန်ကုန်တွင်လည်း လိုသလောက်မှာယူ၍ မရဘဲ တစ်ကြိမ်မှာလျှင် ၄၈ ကီလိုအိုး အလုံး ၁၀၀ လုံးရရှိသည့်အချိန်ရှိပြီး တစ်ခါတရံ အလုံး ၂၀၀ ခွဲတမ်းအနေဖြင့် ရလေ့ရှိကြောင်း ကုန်သည်တို့က ဆိုသည်။

ယင်းသို့ ခွဲတမ်းမှာလည်း လက်ရှိတွင် ရလိုက် မရလိုက်ဖြစ်နေကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်ရှိတွင်မူ နိုင်ငံခြားမှ သင်္ဘောဖြင့် တင်သွင်းလာပြီး ရန်ကုန်ဆိပ်ကမ်းတွင်ဆိုက်ကပ်ကာ တစ်ပြည်လုံးရှိ ဈေးကွက်သို့ ဖြန့်ဖြူးပေးနေသည့် မီးဖိုချောင်သုံးဂက်စ်မှာ ရန်ကုန်တွင်ပင် လုံလုံလောက်မရဘဲဖြစ်နေကြောင်း ပြည်တွင်း သတင်းဌာ နတို့တွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်အချို့ကိုသာ မီးဖိုချောင်သုံးဂက်စ် တင်သွင်း ဖြန့်ဖြူးခွင့်ပေးထားကြောင်း RFA သတင်းဌာန၏ ဇူလိုင်လ ၃၁ ရက် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လုပ်ပိုင်ခွင့်ရ စီးပွားရေးလုပ်ငန်းရှင်တို့က အိမ်သုံးဂက်စ် ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားကြခြင်း၊ သွင်းကုန်လိုင်စင် များကို တင်းကျပ်ထားခြင်းတို့ကြောင့် ဂက်စ်ပြတ်လပ်ခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့ ဖြစ်ပေါ်နေရကြောင်း အဆိုပါသတင်း တွင် ဖော်ပြထားသည်။

ရန်ကုန်ဈေးကွက်ကို မှီခိုနေရသည့် ထားဝယ်မြို့တွင်မူ ပစ္စည်းပိုပြတ်လပ်နိုင်ကြောင်း ဒေသတွင်း ဂက်စ်ဆိုင်ပိုင်ရှင်တို့က ပြောဆိုသည်။

ထားဝယ်မြို့တစ်ခုတည်းတွင်ပင် တစ်လလျှင် ၄၈ ကီလို ဂက်စ်အိုး အလုံး ၃၀၀၀ အနည်းဆုံး လိုအပ်နေကြောင်း ထားဝယ်မြို့ရှိ အရောင်းဆိုင်ကြီးတစ်ဆိုင်က ပြောဆိုသည်။

ယင်းမှ နယ်ကျေးရွာများသို့ ဖြန့်ဖြူးခြင်းများ မပါဝင်သေးပေ။

စစ်ကောင်စီနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တို့၏ ဈေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် ဂက်စ်ဈေးမှာလည်း ဈေးမှာ တရိပ်ရိပ်မြင့်တက်လာရကြောင်း ကုန်သည်တစ်ဦးက ပြောဆိုသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ထားဝယ်မြို့တွင် မီးဖိုချောင်သုံးဂက်စ်တစ်ကီလို ပျမ်းမျှ ကျပ် ၄၀၀၀ မှ ၆၀၀၀ ကြားတွင် ရှိသော် လည်း လက်ရှိတွင်မူ ကျပ် ၈၀၀၀ ကျော်ဖြစ်သွားပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

လက်ရှိရန်ကုန်မြို့တွင် ၄၈ ကီလိုမီးဖိုချောင်သုံးဂက်စ်တစ်လုံးလျှင် သုံးသိန်းကျပ်ဈေးပေါက်နေပြီး ထားဝယ်မြို့တွင်မူ သုံးသိန်းသုံးသောင်းကျပ်ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။