BREAKING
October 18, 2024

မဟာချိုင်တွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သားလေးရာခန့် ဘတ် ၁၈သန်းကျော် နစ်နာကြေးရ

August 5, 2024

ဓာတ်ပုံ - MHAC

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့တွင် စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား လေးရာခန့် အလုပ်ထုတ်နစ်နာကြေး ဘတ် ၁၈ သန်းကျော်ရကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့တို့ထံမှ သိရသည်။

ယင်းပမာဏသည် ပြီးခဲ့သော ၂နှစ်တာကာလအတွင်း အလုပ်သမားများ အလုပ်ထုတ်ခံရမှုတွင် နစ်နာကြေးရရှိမှု အများဆုံး ပမာဏဖြစ်ပြီး ဩဂုတ်လ ၄ ရက်က ရရှိခဲ့ကြောင်း MHAC အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော ဇူလိုင်လ ဒုတိယအပတ်က အလုပ်ရှင်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်သိမ်းပြီဟု စကားပြန်မှ တစ်ဆင့်ပြောကြားခိုင်းပြီးနောက် မြန်မာအလုပ်သမား ၃၈၀ ဦးမှာ ရုတ်တရက် အလုပ်လက်မဲ့ဖြစ်သွားသဖြင့် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရကြောင်း အလုပ်သမားများက ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် အလုပ်ရှင်က အလုပ်သမားများကို ခေါ်ယူပြီး လုပ်သက်တစ်နှစ်သမားများအား အလုပ်ထုတ် နစ်နာကြေး ဘတ်တစ်သောင်း၊၂ နှစ်ရှိသူများအား ဘတ်နှစ်သောင်းနှင့် လုပ်သက် ၃ နှစ်မှ ၅ နှစ်ရှိသူများကို ဘတ် သုံးသောင်းစီ ပေးမည်ဟု ကနဦးပြောကြားခဲ့ကြောင်း အလုပ်သမားများက ဆိုသည်။

အလုပ်သမားများက မကျေနပ်ကြဘဲ ဥပဒေနှင့်အညီ လုပ်သက်အလိုက် နစ်နာကြေးရရှိအောင် ကူညီဖြေရှင်းပေးရန် MHAC မဟာမိတ်အဖွဲ့ထံသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း အလုပ်သမားများ ပြောဆိုသည်။

MHAC အဖွဲ့နှင့် အလုပ်သမားများက စက္ကူစက်ရုံသို့ သွားရောက်၍ အလုပ်ရှင်နှင့် အလုပ်သမားညှိနှိုင်းရာမှ နစ်နာကြေး ဘတ် ၁၈ သန်းကျော်ကို ဩဂုတ်လ ၂ ရက်တွင် လက်ခံရရှိကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။

“စက်ရုံစပိတ်တဲ့အချိန် သူဌေးက ကျွန်တော်တို့ ရသင့်တဲ့ နစ်နာကြေးကို မပေးဘူး။ ဒါနဲ့ ကိုရဲမင်းတို့အဖွဲ့ (MHAC) ကို အကူအညီတောင်းပြီးဆောင်ရွက်မှ နစ်နာကြေးလည်းရ၊ လူမှုဖူလုံရေးခံစားခွင့်တွေရော၊ ဘိုင်ကျန့်အော် (အလုပ်ထွက်စာ) တွေပါ ကျွန်တော်တို့ ပြန်ရလာခဲ့တယ်” ဟု အလုပ်ထုတ်ခံရသော အလုပ်သမားတစ်ဦးက ပြောသည်။

အလုပ်ရှင်က လုပ်သက် ၁ နှစ်မှ ၃ နှစ်အထိ အလုပ်သမားများကို နစ်နာကြေး ၃၂၆၇၀ ဘတ်နှင့် ၃ နှစ်မှ ၅ နှစ်အထိ အလုပ် သမားများကို နစ်နာကြေး ၆၅၃၄၀ ဘတ်ကို ပေးရန် အလုပ်ရှင်က သဘောတူခဲ့ခြင်းဖြစ်ကြောင်း MHAC မဟာမိတ် အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက ပြောဆိုသည်။

အလုပ်သမားအားလုံး စုစုပေါင်း ၃၈၀ ဦးရှိသဖြင့် နစ်နာကြေးအားလုံး စုစုပေါင်း ၁၈,၂၀၅,၅၀၀ ဘတ်ကို ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒါ ၂နှစ်အတွင်း ထိုင်းမှာ အလုပ်ဖြုတ်ခံရလို့ မြန်မာတွေ နစ်နာကြေးရတဲ့အမှုတွေထဲ အများဆုံးရတဲ့ နစ်နာကြေးတွေ ဖြစ်တယ်” ဟု ကိုရဲမင်းက ပြောသည်။

နစ်နာကြေးများအပြင် အလုပ်သမားများ အလုပ်လက်မဲ့ကာလအတွင်း လူမှုဖူလုံရေး ရန်ပုံငွေရရှိရန်လည်း ရုံးသို့ တင်ပြ တောင်းခံထားပြီး အလုပ်သမားများ အလုပ်ပြောင်းရွှေ့ရန် အလုပ်ထွက်စာ (ဘိုင်ကျန့်အော်) ကိုလည်း ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအမှုကို MHAC မဟာမိတ်အဖွဲ့နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အလုပ်သမားဝန်ကြီးဌာနနှင့် Labour Protection Network (LPN ဖောင်ဒေးရှင်း) ကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။