ရဟန်းအသွင်ယူပြီး ခရီးသည်တင်ကားပေါ် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးထားကြောင်း တောကြီးမြွေဟောက်တော်လှန်ရေးတပ်ဖွဲ့ က ဩဂုတ်လ ၅ ရက် (ယနေ့) ထုတ်ပြန်သည်။
ထိုကဲ့သို့ အသွင်ယူထားသည့် စစ်ကောင်စီတပ်သားကို မြိတ်မြို့မှ ရန်ကုန်မြို့သို့သွားမည့် ခရီးသည်တင်ကားတစ်စီးပေါ်တွင် ဇူလိုင်လ ၂၀ ရက် နံနက်က ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
မြိတ်ခရိုင်အတွင်း မြိတ်-ပုလောလမ်းပိုင်းတွင် တောကြီးမြွေဟောက်တပ်ဖွဲ့က စစ်ဆေးနေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင်ပါဝင်သည့် တပ်ဖွဲ့တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားသည် မြိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၀၁) တပ်ရင်းကဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သားမှာ အသက် ၄၀အရွယ် မောင်ထွေးဆိုသူဖြစ်ပြီး စစ်မှုထမ်းသက်တမ်း ၃နှစ် ရှိပြီဖြစ်ကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။
တောကြီးမြွေဟောက်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါစစ်ကောင်စီတပ်သား၏ ကိုယ်ပိုင်အမှတ်မှာ တ-၅၃၀၂၆ ဟု ဖော်ပြထားသည်။
“အချိန်အတိအကျမသိပေမယ့် အဲဒီတပ်သားက အရင်က တနင်္သာရီဘက်က တော်လှန်ရေးတပ်ဖွဲ့တစ်ခုဆီ CDM ဝင်လာပြီး တပ်ဖွဲ့ရဲ့လက်နက်တွေကိုယူပြီး စစ်ကောင်စီ သိန္ဓောတပ်ကို ပြန်ဝင်သွားတဲ့သူပါ” ဟု တောကြီးမြွေဟောက်တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါစစ်ကောင်စီတပ်သားကို စစ်သုံ့ပန်းများထိန်းသိမ်းသည့်နေရာတွင် ဖမ်းဆီးထားပြီး စစ်ဆေးပြီးပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲအပ်သွားမည်ဖြစ်ကြောင်းကို အထက်ပါတပ်ဖွဲ့ထံမှ သိရသည်။