BREAKING
January 16, 2025

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်အောက် ပြန်ကျ

August 5, 2024

ပုံစာ - ဩဂုတ်လ ၅ ရက်တွင်တွေ့ရသည့် တနင်္သာရီမြစ်ရေတိုင်းတာသည့်နေရာ မြင်ကွင်း။

တနင်္သာရီမြစ်ရေသည် ယနေ့ (ဩဂုတ် ၅) နံနက်ပိုင်းတွင် စိုးရိမ်ရေအမှတ် ၁၇ ပေ အောက် ၁ ပေ ၂ လက်မ ပြန်လျော့ဆင်းသွားပြီဖြစ်ပြီး ရေကြီးရေလျှံနေသည့် ရပ်ကွက်၊ကျေးရွာများလည်း ရေကျသွားပြီဖြစ်ကြောင်း တနင်္သာရီဒေသခံများထံကသိရသည်။

တနင်္သာရီမြို့တွင်းရှိ ရပ်ကွက်နှင့်လမ်းများတွင် ရေကျသွားပြီဖြစ်ပြီး မြေနိမ့်သည့် မွန်စုရပ်ကွက်ဘက်တွင်သာ ရေအနည်းငယ် ကျန်ရှိနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

” မြို့ထဲမှာ ရေမရှိတော့ဘူး ၊ အိမ်တွေပြန်ပြီး သန့်ရှင်းရေးလာလုပ်နေကြပြီ ၊ မွန်စုဘက်နဲ့ အခြား နည်းနည်းနိမ့်တဲ့ဘက်တွေမှာတော့ ရေခြေသလုံးလောက်ကျန်သေးတယ်။ မြုပ်နေတာတော့ မကျန်တော့ဘူး ” ဟု ၎င်းက ပြောသည်။

တကူတိုက်နယ်ဘက်တွင်လည်း ရေကျသွားပြီဖြစ်ပြီး နေအိမ်ပြိုကျပျက်စီးမှုများလည်း တွေ့ရှိရသည့်ဟု ‌ဒေသခံများကပြောသည်။

” အင်းရှည်ကုန်းရပ်ကွက်မှာ ၉ ဆောင် ၊ ပြည်အေးရွာမှာ ၁၂ ဆောင် ၊ တကူငယ် မှာ ၁ ဆောင် ပျက်စီးတာရှိတယ်။ လုံးဝပြိုကျတာလည်းရှိတယ် ။ ယိုင်သွားတာလည်း တွေ့ရတယ် ။ ရေကတော့ အကျဘက်ရောက်သွားပြီ ။ အိမ်ပြိုသွားတဲ့ လူတွေနဲ့ ရေကျန်နေတဲ့ရပ်ကွက်က လူတွေကလွဲပြီး အကုန်ကိုယ့်အိမ်ကိုယ် ပြန်နေနေကြပြီ ” ဟု တကူရွာသားတစ်ဦး ကပြောသည်။

ညောင်ပင်ကွင်းကျေးရွာအုပ်စုတွင် ဩဂုတ်လ ၄ ရက်ကတည်းက ရေကျနေပြီဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

မြိတ် – ဘုတ်ပြင်းလမ်းပိုင်းတွင် လမ်းမရေကျော်၍ ကားများ ရက်သတ္တပတ်နီးပါး ပိတ်ခဲ့သည့် လယ်တောင်ယာရွာတွင်လည်း ဩဂုတ်လ ၄ ရက်ကတည်းက ရေကျ၍ လမ်းမပြန်ပေါ်လာပြီဖြစ်ပြီး ကားများဖြတ်သန်းသွားလာနိုင်ပြီဟု ကားသမားများထံကသိရသည်။

“၃ ရက်နေ့ကတည်းက ကားကြီးဖြတ်လို့ရတယ် ။ ၄ ရက်နေ့မှာတော့ကားငယ်တွေပါ သွားလို့ရသွားပြီ ” ဟု ကားသမားတစ်ဦးကပြောသည်။

တနင်္သာရီမြစ်ရေသည် ဇူလိုင်တတိယအပတ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စတင်ရေတက်ခဲ့ပြီး ‌ဇူလိုင်လ ၂၇ ရက်တွင် စိုးရိမ်ရေမှတ်ကျော်ကာ ဇူလိုင်လ ၃၁ ရက်တွင် အန္တရာယ်အမှတ်ကို ကျော်ခဲ့သည်။

ယခုရေကြီးမှုမှာ ၁၉၉၄ ခုနှစ်နောက်ပိုင်း စံချိန်တင်ရေကြီးမှုဖြစ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာအုပ်စု ဆယ်ခုထက်မနည်း ရေဘေးဒဏ်ခံခဲ့ရပြီး ရေကြီးမှုအတွင်း အမျိုးသားသုံးဦး ရေနစ်သေဆုံးခဲ့ရသည်။