BREAKING
December 27, 2024

လောင်းလုံးတွင် ငါးရက်ကြာ ပျောက်နေသည့်အဘွား ကျန်းကျန်းမာမာပြန်တွေ့

August 5, 2024

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင်နေထိုင်သည့် အသက် ၈၀ ကျော်အရွယ်အဘွား ဒေါ်နှင်းညွန့် ပျောက်ဆုံးပြီး ၅ ရက်မြောက်နေ့ ၌ ပြန်လည်ရှာဖွေတွေရှိခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

ပန်းဒလဲရွာမှ သုံးမိုင်ကျော်ခန့်ဝေးသည့် ညင်းဝရွာအနီး တောထဲတွင် ယနေ့ မနက် ၉ နာရီဝန်းကျင်ခန့်တွင် ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။

အိမ်သားများ၏နာမည်ကို အော်ခေါ်နေသည့် အဘွားအသံကို ဥယျာဉ်ခြံထဲ ရောက်နေသည့် ဒေသခံအမျိုးသမီးက စတင် ကြားရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဘွားဒေါ်နှင်းညွန့်ကို အိမ်ကထွက်သွားသည့် အဝတ်အစားအတိုင်း ပြန်လည်တွေ့ရှိသလို အဝတ်များ ရေစိုခြင်းမရှိကြောင်း၊ ကျန်းမာရေးလည်းကောင်းကြောင်း မိသားစုဝင်များကပြောသည်။

“အဘွားလက်ထဲမှာ ရေသဖန်းရွက် သုံးရွက်နဲ့ တောင်ဝှေးတစ်ချောင်းပါလာတယ်။ ထမိန်က ဇောက်ထိုးဖြစ်နေတယ်။ ကျန်တာအိမ်က ထွက်သွားတဲ့တိုင်း ပြန်တွေ့ရတာ မိသားစုကို တွေ့တွေ့ချင်း ရေဆာတယ် ရေဆာတယ်လို့ ပြောတယ်”ဟု မိသားစုဝင်ကပြောသည်။

ဩဂုတ်လ ၁ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် အဘွား ဒေါ်နှင်းညွန်သည် မြေးဖြစ်သူနှင့်အတူ ကြက်သွန်ခွာနေရာမှ သားဖြစ်သူ ၏ နေအိမ်ဘက် သွားမည်ဆိုကာ ထွက်သွားချိန်မှစကာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

အဘွားဒေါ်နှင်းညွန့်ကို ပျောက်ဆုံးသည့် နေမှစ၍ ရွာသူရွာသားများ စုပေါင်းကာ ရိုးရာ နည်းအတိုင်း အိုးစည်ဗုံမောင်းများ တီးခတ်၍ ရှာဖွေခဲ့ကြရာ ယနေ့မနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဘွားက ပြန်ပြောသည့် စကားများတွင်လည်း သူ့အိမ်သားတွေက ခေါ်သွားတာဖြစ်ပြီး ခေါ်သွားသည့် နေရာက ညမရှိဘဲ အမြဲတမ်းလင်းနေကြောင်း၊ ထမင်းလည်းကျွေးကြောင်း စသဖြင့်ပါရှိသည်ဟု အိမ်သားတစ်ဦးကဆိုသည်။

“အားလုံးကတော့ နတ်လှည့်တယ်လို့ပဲယူဆကြတယ် ပေါ့နော် အခု အိပ်နေတယ် “ဟု အဘွားအိမ်ရောက်နေသည့် အမျိုးသမီးတစ်ဦးကပြောသည်။

အလားတူလောင်းလုံးမြို့ (က)ရပ်ကွက်တွင် ၂၀၂၃ခုနှစ် စက်တင်ဘာလကလည်း အသက် ၁ နှစ် ၈ လအရွယ်ကလေးတစ်ဦး ပုခတ်အတွင်း သိပ်ထားစဉ် ပျောက်ဆုံးခဲ့ပြီး နောက် တစ်ရက်အကြာ နေ့အိမ်မှ ၇ မိုင်ခန့်ဝေးသည့် တောထဲ၌ ကျန်းကျန်းမာမာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ဖူးသည်။