ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးတွင် ဘန်ဂဒီဒေသ စမဲဒမ်းနယ်မြေအတွင်းရှိ အလုပ်ရုံလူနေလိုင်းခန်းတွင် တစ်ဦးတည်း ရှိနေသည့် အသက် ၁၈နှစ်အရွယ် အိမ်ထောင်သည် မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသား လူငယ်တစ်ဦးက ဝင်ရောက်အဓမ္မပြုကျင့်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၂၇ရက်က ခင်ပွန်းသည်နှင့် လိုင်းခန်းရှိ အလုပ်သမားများ အလုပ်သို့သွားနေစဉ် မြန်မာမိန်းကလေးမှာ တစ်ဦးတည်း ရှိနေခြင်းဖြစ်ကြောင်း အမှုတွင် လိုက်ပါကူညီနေသည့် အထက်ပါအဖွဲ့ထံမှ သိရသည်။
မွန်းလွဲ ၁ နာရီခန့်တွင် ထိုင်းလူငယ်က အခန်းတံခါးကို အတင်းတွန်းဖွင့်ဝင်လာပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း MHAC အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။
“တံခါးကို အတင်းတွန်းဖွင့်ပြီးတော့ ဝင်လာတယ်။ သူက သူ့ယောက်ျားထင်ပြီးတော့ ဖွင့်ပေးလိုက်တာ။ တံခါးတွေ ကလည်း မလုံခြုံဘူး။ တစ်ချက်လောက် ယောက်ျားလေးအားနဲ့ လက်နဲ့ တွန်းလိုက်ရင်ကို ပွင့်တယ်။ အဲဒီတံခါးတွေက ဖိုင်ဘာရိုးရိုးအပျော့တံခါးတွေ” ဟု ၎င်းက ဆိုသည်။
မြန်မာမိန်းကလေးသည် အလုပ်မရသေးသဖြင့် အစ်ကိုဖြစ်သူနှင့် ခင်ပွန်းသည်တို့ အလုပ်လုပ်နေသော အလုပ်ရုံတွင် အလုပ်ဝင်ရန် စောင့်ဆိုင်းနေချိန်တွင် အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
မြန်မာမိန်းကလေးသည် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ထိုင်းလူငယ်က ဆံပင်ဆောင့်ဆွဲ၍ အခန်းထဲပြန်ဆွဲခေါ်ပြီး နောက်တစ်ကြိမ် ထပ်မံပြုကျင့်ရန် ကြိုးစားခဲ့သေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ရှိသမျှအားအကုန်သုံးခဲ့ပြီး ရုန်းထွက်ကာ အဝတ်မပါဘဲ အခန်းပြင်ထွက်ပြေးခဲ့ အကူအညီတောင်းခံခဲ့ရကြောင်း ကိုရဲမင်းက ရှင်းပြသည်။

“အဝတ်ဗလာနဲ့ ထွက်ပြေးတာပေါ့။ ဖြစ်ချင်တော့ အဲဒီနေ့က စက်ရုံလုံခြုံရေးအပေါက်မှာလည်း လုံခြုံရေးအစောင့်က မရှိဘူးလို့ ပြောတယ်။ ခါတိုင်းက လုံခြုံရေးအစောင့်ရှိတယ်။ အဲဒီနေ့က မရှိဘူး။ ကောင်မလေးက ကြုံရာ ထွက်ပြေးရတာပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာမိန်းကလေး ထွက်ပြေးလာခဲ့သည်ကို စက်ရုံထဲရှိ မြန်မာအလုပ်သမားတစ်ဦးက တွေ့ရှိခဲ့ပြီးနောက် MHAC အဖွဲ့ထံသို့ ချိတ်ဆက်၍ အကူအညီတောင်းခံခဲ့ကြောင်း ၎င်းကဆိုသည်။
အော်ဟစ်အကူအညီတောင်းခံစဉ်တွင်လည်း တစ်ခန်းကျော်မှ အဓမ္မပြုကျင့်ခဲ့သော ထိုင်းလူငယ်၏ ဦးလေးဖြစ်သူက သီချင်းကို ကျယ်ကျယ်လောင်လောင်ဖွင့် ပေးခဲ့သည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
လက်ရှိအချိန်တွင် မြန်မာမိန်းကလေးကို လိုအပ်သော ဆေးစစ်မှုများ ပြုလုပ်ပေးခဲ့ပြီး လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများ ပေးထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
အဓမ္မပြုကျင့်ခဲ့သော ထိုင်းနိုင်ငံသားသည် လက်ရှိစက်ရုံမှမဟုတ်ဘဲ အပြင်ကလာသူဖြစ်ပြီး ယခုအချိန်တွင် ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကာ ၎င်း၏ မှတ်ပုံတင်နှင့် နေရပ်လိပ်စာများ သိရှိထားရပြီးဖြစ်ကြောင်း MHAC ထံမှ သိရသည်။
အမှုကို LPN လူ့အခွင့်အရေးမြှင့်တင်ရေးဖောင်ဒေးရှင်း၊ ထိုင်းအမျိုးသမီးရေးရာအဖွဲ့များနှင့် MHAC မဟာမိတ်အဖွဲ့မှ ကူညီဆောင်ရွက်ပေးနေကြောင်း ဆိုသည်။