လွန်ခဲ့သည့် ၅ နှစ်၊ (၂၀၁၆-၁၇) ပညာသင်နှစ်၏ ဇူလိုင်မိုးဖွဲများ အသာအယာ ကြွေကျနေသော နေ့တစ်နေ့။ ထိုနေ့နံနက်ပိုင်း၏ ပထမဆုံးသော စာသင်ချိန်တွင် ဒုတိယတန်းကလေးများ ကို ကျွန်တော် သင်္ချာဘာသာရပ် သင်ပြနေသည်။ နမူနာ ပုစ္ဆာသုံးပုဒ်ကို သင်ပုန်းတွင် ရှင်းပြတွက်ပြပြီးသောအခါ ပုံနှိပ်စာအုပ်ပါ လေ့ကျင့်ခန်းထဲမှ ပုံစံတူသည့် ပုစ္ဆာငါးပုဒ်ကို တွက်ခိုင်းလိုက်သည်။
ကလေးများက ပုစ္ဆာများကို တွက်ပြီးလျှင်ပြီးချင်း ကျွန်တော့်ဆီလာ၍ တန်းစီကာ အမှတ်လာပြကြ၏။ မှန်သည့် ကလေးများ ရှိကြသလို မှားသည့်ကလေးများလည်း ရှိပါသည်။ အချို့က ငါးပုဒ်စလုံး မှားသည်။ မှားသည့်ပုစ္ဆာကို ကြက်ခြေခတ်ပစ်ကာ ပြန်တွက်စေသည်။ ကလေးများကို ဘယ်နေရာက ဘယ်အချက်ကြောင့် မှားရသည်ကို မပြောပြ မရှင်းပြဘဲနှင့် ကြက်ခြေခတ်များကိုသာ ပေးလိုက်ခြင်း ဖြစ်သည်။
သို့သော် ဘာကြောင့်မှားသလဲ ဆိုသည်ကို ကိုယ်တိုင်ရှာပါ။ မတွေ့လျှင် သူငယ်ချင်းများနှင့် တိုင်ပင်ပြီး မှားသည့်နေရာကိုရှာပါဟု တစ်ခါတည်းမှာ လိုက်သည်။
ကျွန်တော့် ရည်ရွယ်ချက်မှာ မှားသည့်နေရာ မှားသည့်အကြောင်း ပြချက်ကို သူတို့ကိုယ်တိုင် ရှာတတ်ဖို့၊ ပြဿနာတစ်ခုကို အများနှင့်ပူးပေါင်းပြီး အဖြေရှာဖွေတတ်ဖို့ ဖြစ်သည်။ လူတချို့က သင်္ချာဘာသာရပ်ကို အတွက်အချက် ဘာသာရပ်တစ်ခုဟုသာ မြင်တတ်သည်။
အမှန်စင်စစ်၌ သင်္ချာဘာသာရပ်၏ စည်းမျဉ်းများ၊ ဘောင်များ၊ ပူးပေါင်းအဖြေရှာရသည့် လုပ်ငန်းများအပြင် ဆရာက အသုံးပြုသည့် သင်္ချာဘာသာရပ် သင်ပြနည်းများကလည်း ကလေးတစ်ယောက်၏ လူမှုဘဝပိုင်းကိုလည်း လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသည်။
ကလေးများသည် ကျွန်တော် ကြက်ခြေခတ်လိုက်သည်ကို ကြိုက်မည် မဟုတ်သည်မှာ သေချာ၏။ ထိုကြောင့် ကြက်ခြေခတ်ရလိုက်သည့် တရားခံအမှားကို မရမက ရှာကြပါလိမ့်မည်။ ထိုမှတဆင့် သူတို့ ကြီးပြင်းလာသည့်အခါ ဆုံးရှုံးမှု တစ်ခုခုကို ရင်ဆိုင်လိုက်ရလျှင် ဆုံးရှုံးမှု၏ တရားခံကို ရှာတတ်သည့် အကျင့်ရသွားနိုင်သည်။ ကိုယ်တိုင် ရှာမတွေ့နိုင်သော်လည်း သူငယ်ချင်းများနှင့် သင်္ချာပုစ္ဆာ၏ အမှားကို ဖြေရှင်းကြသလို မိတ်ဆွေအပေါင်းအသင်းများဆီမှ အကူအညီရအောင် ဖန်တီးတတ်လာ နိုင်သည်။
ကျွန်တော်က ထိုမျှော်လင့်ချက်ဖြင့် မှားသမျှကို ကြက်ခြေခတ်ပစ်လိုက်ခြင်း ဖြစ်၏။ အမှန်ရသွားသည့် ကလေးများကိုလည်း အမှန်မရသေးသည့် သူငယ်ချင်း များကို ကူညီရန် တိုက်တွန်းလိုက်သည်။ သင်္ချာဘာသာရပ် သင်ချိန်ကုန်ခါနီးမှာတော့ ပုစ္ဆာ ငါးပုဒ်စလုံးကို သင်ပုန်းမှာ ကျွန်တော် ရှင်းပြတွက်ပြလိုက်သည်။ တစ်ပုဒ်ပြီးသွားတိုင်း မှန်သည့် ကလေးများက တဟေးဟေးနှင့်။ ကြက်ခြေခတ်ရ ထားသူများက သြော် . . . ဒီလိုကိုးဆို ပြီး အသံဟစ်ကြသည်။
အချိန်ဇယားအတိုင်း သင်ရသည့်အတွက် တွက်မပြီးသည့် ကလေးများကို အိမ်စာအဖြစ် ပေးလိုက်ရပါသည်။
နောက်တစ်နေ့ မနက်အစောကြီး ကျောင်းမဝင်မီအချိန်မှာ ကလေးများက အိမ်စာကို အမှတ်လာပြကြသည်။ လာပြသည့် ကလေးများထဲမှ ကလေးတစ်ယောက် ကို ကျွန်တော်သတိထားမိလိုက်သည်။ သူသည် တန်းစီ၍ ရပ်နေရာမှာ သူ့အလှည့် ကို ရောက်တိုင်းရောက်တိုင်း အနောက်က တစ်ယောက်ကို “မင်း အရင်ပြ” ဟုဆိုကာ နောက်တစ်နေရာကို သူဆင်းပေးလိုက်သည်။ သူ့ရှေ့က ကလေးများအားလုံး ကုန်သွားချိန်၌ အနောက်ကို သူလှည့် ကြည့်လှည့်ကြည့်လုပ်ကာ ကျွန်တော့်ဆီ သူ့စာအုပ်ကို ပြသည်။
ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ
ကျွန်တော် သူ့စာအုပ်ကို လှမ်းယူရင်း သူ့မျက်နှာကို ကြည့်မိသည့်အခါ သူ့နဖူး၌ ချွေးများ သိသိသာသာစို့နေ၏။ တစ်ခုခုတော့ တစ်ခုခုပဲ။ ကျွန်တော်လည်း မသိသလိုနေပေးပြီး သူ့ပုစ္ဆာကို စစ်ပေးပြီး “အားလုံး မှန်သွားပြီ” ဟုဆိုရင်း အရင်စာမျက်နှာကို လက်က အလိုလိုလှန်မိသွားပါသည်။ ချက်ချင်းပဲ ကလေးက “ကျွန်တော် ဆုတ်တာ မဟုတ်ဘူး။ ကျွန်တော်ဆုတ်တာ မဟုတ်ဘူး။ အမေဆုတ်လိုက်တာ” ဟု ငိုသံနှင့် ပြောရင်း ကျွန်တော့်လက်ထဲက စာအုပ်ကို ပြန်လုပါသည်။
သူ့အပြောနှင့် လုပ်ရပ်ကြောင့် ကျွန်တော်လည်း အထိန့်တလန့် ဖြစ်သွားမိသည်။
“ဘာဖြစ်လို့လဲ။ ဆရာ့ကို စာအုပ် ပြန်ပြဦး” ဟု အကြိမ်ကြိမ်ချော့ပြောသော်မှ စာအုပ်ကို ကျွန်တော့်လက်ထဲ ပြန် ထည့်ပေးသည်။ သေသေချာချာကြည့်တော့ မှ စာမျက်နှာတချို့ ဆုတ်ထားသည်ကို တွေ့ရပါသည်။
“အမေက ဘာလို့ ဒီစာရွက်တွေကို ဆုတ်လိုက်တာတဲ့လဲ”
“မှားလို့ဆရာ။ ဆရာ ကြက်ခြေခတ်တွေ ပေးလိုက်လို့ပါ”
ကျွန်တော့်ရင်ထဲ ဟာခနဲပဲ။ ဆရာ ကြက်ခြေခတ်တွေ ပေးလိုက်လို့တဲ့ လားကွယ်။
“သားက ကြက်ခြေခတ်တွေ ဆရာ ဘာကြောင့်ပေးလဲဆိုတာ မပြောပြ ဘူးလား”
“ပြောပြတယ်။ အမေက ကြက်ခြေခတ် မလိုဘူး။ အမှတ်ပဲ လိုတယ်လို့ ပြောပြီး ဆုတ်ဖြဲလိုက်တယ်ဆရာ”
လက်မှတ်ထိုးပြီး စာအုပ်ပြန်ပေးတော့ ကလေးက ကျွန်တော့်ရှေ့မှာပဲ စာရွက်တွေကို အလောတကြီးလှန်ပြီး တစ်ခုခုကို အသည်းအသန်ရှာနေပြန်သည်။ ဘာရှာနေသလဲလို့မေးတော့ ဆရာကြက်ခြေခတ် ထပ်ပေးလိုက်သေးသလား ကြည့်တာပါဟု သွက်သွက်ဖြေသည်။
ဒုတိယ အကြိမ်မြောက် ရင်ဘတ်ထဲ ဟာသွားရပြန်သည်။
နောက်ပိုင်းရက်များတွင် ထိုကလေးနှင့် ပတ်သက်ပြီး ပြောင်းလဲခြင်းပေါင်းများစွာကို ကျွန်တော်တွေ့လာရပါသည်။
ပထမ ပြောင်းလဲခြင်းမှာ သင်္ချာဘာသာမှ မဟုတ်ပါဘူး။
ဘယ်ဘာသာရပ်တွင်မဆို အမှတ်လာပြသည့် အချိန်တိုင်း သူ့မျက်လုံးများသည် ကျွန်တော့် မင်နီတံ အဖျားနှင့်အတူ စာရွက်များပေါ်တွင် ရွေ့နေတတ်ပါသည်။
“ဒီမှာ မှားပြီ” ဟု အသံလုပ် လိုက်သည်နှင့် သူ့ စာအုပ်ကို အတင်းပြန်လုတော့သည်။ တစ်ခါတလေ ကျွန်တော့်လက်ကို ဖမ်းတုပ်ထားတတ်ပါ သေးသည်။ သူကိုယ်တိုင်လာပြီး အမှတ်လာပြသည့်အခါများတွင် ကြက်ခြေခတ် မပေးမိဖို့ ကျွန်တော် သတိထားပေမယ့် စာအုပ်ထပ်ခဲ့ပြီးမှ အမှတ်ခြစ်ရသည့် အခါများတွင်မူ မကြာမကြာ ကြက်ခြေခတ်များ ပေးမိပြန်သည်။
ထိုအခါမျိုးတွင် စာအုပ်ကို ကိုင်ပြီး “ဘာလို့ ကြက်ခြေ ခတ်ပေးပြန်တာလဲ” ဟု မျက်ရည်နှင့် ရန်လာတွေ့တတ်ပါသည်။ သူ့စာအုပ်၌ အမှန်ကို ပြန်တွက်ပြ ရေးပြပြီး ကြက်ခြေခတ်ကို ပြန်ခြစ် အမှတ်ပြန်ပေးလိုက်ရသည်ကား အခါခါ။ အမှန်ပြင်ပေးပြီးတိုင်းလည်း သူက မကျေနပ်သေး။ “ဆရာ လုပ်တာနဲ့ပဲ အိမ်ရောက်ရင် ထိတော့မှာပဲ” ဟု ခပ်တည်တည် ပြောတတ်သေးသည်။
ဒုတိယပြောင်းလဲခြင်းမှာ စာလုပ်သည့်အခါ ဟိုအရင်ကလို အခြားကလေး များနှင့်အတူ အတန်းထဲမှာ မလုပ်တော့ပါ။ ကျွန်တော့်စားပွဲ၌ ရပ်ပြီး ရေး၏ တွက်၏။ တစ်ပုဒ်ပြီးတိုင်း “ဆရာ မှန်လား” ဟု မေးပါသည်။ ကျွန်တော်က မမေးဖို့နှင့် အားလုံးပြီးမှ အမှတ်လာပြသည့်အခါ အမှားအမှန်သိရမှာပဲဟု ပြောလျှင် ဆက်မရေး ဆက်မတွက်ဘဲ အတိုင်းသားပေ၍ နေတော့သည်။
“မှန်တယ်” ဟု ပြောလိုက်မှ ဆက်တွက်ပြီး “မှားနေတယ်” ဟုပြောလျှင်တော့ သူ့စာအုပ်ကို လက်နဲ့ပိတ်ပြီး ကျွန်တော့် မင်နီတံကို ကြည့်တော့တာပါပဲ။
တတိယ ပြောင်းလဲခြင်းကိုကား အခန်းဆုံးစစ်ဆေးခြင်းဖြေသည့်အခါမှ အခန်းစောင့် ဆရာမများဆီကတစ်ဆင့် ပြန်သိခဲ့ရသည်။
တစ်ပုဒ်ဖြေပြီးတိုင်း မှန်ရဲ့လားဟုတ်ရဲ့လား ကြည့်ပေးပါဦးဟု အခန်းစောင့် ဆရာမများဆီ လိုက်မေးသည်ဟု ဆိုသည်။ ကျွန်တော်မယုံပါ။ ကျွန်တော့် ကလေးက စာညံ့သည့် ကလေးမှ မဟုတ်။ စာသင်ခန်းထဲ၌ ကျွန်တော်နှင့်ဖြစ်နေကျအဖြစ်ကို တစ်ကြောင်းထား။ စာမေးပွဲအခန်းထဲ၌ အဖြေထထမေးသည် ဆိုသည်ကို ကျွန်တော်လက်မခံချင်သည်ကား အမှန်။ ထိုကြောင့် သိပ္ပံဘာသာရပ် ဖြေသည့် နေ့၌ စာဖြေချိန် ကုန်ခါနီးတွင် သူဖြေသည့် အခန်းရှေ့မှ မသိမသာ သွားကြည့် ဖြစ်သည်။ သူက စာသင်ခန်း၏ အဝင်ဝတွင် ဖြေနေ၏။
ကျွန်တော့်ကို မြင်လိုက်သည်နှင့် သူဖြေထားသည့် မှား/မှန်၊ ကွက်လပ်ဖြည့်အဖြေများကို ထိုးပြပြီး “ဆရာ မှန်လား။ စစ်ပေးဦး ခင်ဗျ” ဟုဆို လာသည့်အတွက် ကျွန်တော် ချက်ချင်း လှည့်ပြန်လာရသည်။ ပြန်လှည့်အထွက်မှာ “ဆရာ သားစာကို ကြက်ခြေခတ် မပေးနဲ့နော်” ဟူသော သူ့အသံက ကျွန်တော့်နောက်က ကပ်လိုက်လာလေသည်။
ထိုကလေးသည် ဒုတိယတန်း၊ တတိယတန်း ပညာသင်နှစ် နှစ်နှစ်တာကို ကျွန်တော်နှင့် အတူတူဖြတ်သန်းခဲ့ရ သည်။ သို့သော် ဘယ်လိုပြင်ပြင် ကြက်ခြေ ခတ်ကြောက်သည့် သူ့စိတ် အမှားကြောက်သည့် သူ့စိတ်ကို မကုစားပေး နိုင်ခဲ့ပါ။ သူကသာ မှားလျှင် ကြက်ခြေ ခတ်ပေးတတ်သည့် ကျွန်တော့်အကျင့်ကို လျော့သွားအောင် လုပ်လိုက်နိုင်သည်။
သူစတုတ္ထတန်းရောက်သည့်အခါ ကျွန်တော့်အခန်းက မဟုတ်တော့ပါ။ သို့သော် သူ့စာသင်ခန်းကို ကျွန်တော် မကြာမကြာ ရောက်ဖြစ်သလို ပိတ်ရက်များတွင်ဖြစ်စေ ညနေကျောင်းဆင်းပြီး နားချိန်များတွင်ဖြစ်စေ ကျွန်တော့်အဆောင်သို့ သူရောက်လာ တတ်ပါသည်။ မှတ်မှတ်ရရပင် တစ်ခုသော ညနေကျောင်း ဆင်းချိန်၌ ကျွန်တော့်အဆောင်ရှေ့ရှိ ခရေပင်ကြီးအောက်တွင် သူရစ်သီ ရစ်သီလုပ်နေသည်ကို သတိထားမိလိုက် သည်။
ကျွန်တော်က ဘာလုပ်နေတာလဲဟု လှမ်းမေးသည့်အခါ “ဆရာ—ဒီမှာလေ D တစ်လုံးရနေတယ်။ ဘယ်လို လုပ်မလဲ။ ဆရာမက D ဘာလို့ ပေးလိုက်လဲ မသိဘူး။ ဘယ်လိုလုပ်မလဲ ဆရာ” ဟု သူ့ အဆင့်ကတ်ပြားကို ထိုးပြရင်း မျက်ရည်အဝိုင်းသားနဲ့ ဆိုရှာပါသည်။ ဘာကြောင့်မှန်းမသိ။ သူ့စကားကို ကြားလိုက်သည်နှင့် ရင်ဘတ်ထဲ လှိုက်တက် လာမိသည်။
ထိုညနေက သူ့အတွက် ကျွန်တော်ဘာဆိုဘာမှမှ မလုပ်ပေးလိုက်နိုင်ပါဘူး။ “နောက်ကျနေပြီ အိမ်ပြန်တော့” ဟုသာ ချော့ပြီး လွှတ်လိုက်မိသည်။ မလှမ်းချင် လှမ်းချင် ခြေလှမ်းများနှင့် ထွက်သွားသည့် သူ့ကျောပြင်ကိုကြည့်ရင်း “ဆရာလုပ်တာနဲ့ပဲ အိမ်ရောက်ရင် ထိတော့မှာပဲ” ဟု လွန်ခဲ့သည့်နှစ်နှစ်က သူပြောခဲ့ဖူးသည့် စကားက နားထဲ ပြန်ရှင်သန်လာလေသည်။
ကျွန်တော်ပေးလိုက်မိသည့် စာရွက်ပေါ်က ကြက်ခြေခတ်များသည် ကလေးတစ်ယောက်ကို ထိုမျှအထိ နှိပ်စက်နိုင်လိမ့်မည်ဟု ကြိုသိခဲ့လျှင် သူ့စာရွက်ပေါ် ကျွန်တော် ကြက်ခြေခတ်လိုက်မိမည် မဟုတ်။ ယခုတော့ ကလေးများ၏ စာအုပ်ကို ကြက်ခြေခတ် ပေးမည်လုပ်တိုင်း လက်တွန့်နေမိသည်။ ကြက်ခြေခတ် လေးတွေကိုမြင်တိုင်း တစ်ယောက်ယောက်ကို သတိရနေမိသည်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမသန့်သလို ခံစားမိ၏။ ထိုမသန့်သည့် လိပ်ပြာသည် ဘယ်အချိန်ထိ ကျွန်တော့်ကို လွှမ်းမိုးနေ ဦးမည်မသိ။
ပြီးခဲ့သည့် စနေနေ့က ကျွန်တော့်ဆီ ကြက်ခြေခတ် ကြောက်တတ်သည့် ကလေးက ဖုန်းဆက်ပြီး “သားတို့ ကျောင်းကို ဘယ်နေ့ပြန်လာမလဲ” ဟု ဖုန်းဆက်မေး သည်။ ကျွန်တော် ပြောင်းလာခဲ့သည်မှာ တစ်နှစ်ကျော် ကြာခဲ့ပြီလေ။ တိုက်တိုက် ဆိုင်ဆိုင်ပင် သူဖုန်းဆက်လာချိန်၌ ကျွန်တော်သည် ဆရာမခင်ဘုန်းသစ် ရေးသည့် “ကလေးတွေကို တံဆိပ်မကပ်ပါနဲ့” ဆိုသည့် စာအုပ်လေး ဖတ်နေချိန် ဖြစ်သည်။
ဆရာမ၏ ဆောင်းပါးတစ်ပုဒ်ထဲတွင် “ကလေးတစ်ယောက်အတွက် ကြောက်စရာ အကောင်းဆုံးအရာဟာ ကြောက်စိတ်ပါပဲ။ ကြောက်စိတ်ဟာ လူညွန့်တုံးစေတယ်။ ကြောက်စိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းစေတယ်” ဟု ဖော်ပြထားပါသည်။
ဖတ်မိပြီးသည်နှင့် ကြက်သီး ဖြန်း ခနဲ ထမိပါသည်။
တစ်စုံတစ်ယောက်က ကျွန်တော့် ခန္ဓာကိုယ်အနှံ့ကို ဆူးများနှင့် တနုံ့နုံ့ ထိုးသလို ခံစားလာရသည်။ ကလေးတစ်ယောက်၏ အညွန့်ကို ကျွန်တော်ချိုးခဲ့ မိပြီလား။ ထိုမေးခွန်းနှင့်အတူ ကလေးပြောခဲ့ဖူးသည့် “ဆရာလုပ်တာနဲ့ပဲ အိမ်ရောက်ရင် ထိတော့မှာပဲ” ဟူသော စကားနှင့် “အမေက ကြက်ခြေခတ်မလိုဘူး။ အမှတ်ပဲ လိုတယ်လို့ ပြောပြီး ဆုတ်ဖြဲ လိုက်တယ်ဆရာ” ဟူသော စကားတို့သည် ကျွန်တော့်နားထဲ ပဲ့တင်ထပ်၍ ပေါ်လာနေပါတော့သည်။ ။
ဆွေး(မြိတ်)