ဒီကို ဘယ်လိုရောက်လာခဲ့သလဲ
၁၉၈၈ နှစ်လယ်ဟာ မြန်မာပြည်မှာ ရှစ်လေးလုံး အုံကြွမှုမဖြစ်ပေါ်ခင် ရန်ကုန်မြို့တက္ကသိုလ်နယ်မြေတွေမှာ တင်းမာနေချိန် ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတွက် အရေးကြီးတဲ့မှတ်တိုင်တစ်ခု ဇွန်လ ၂၃ ရက်မှာဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ အမေရိကန်လွှတ်တော် ကော်မတီမှာ နာဆာအာကာသသိပ္ပံအဖွဲ့ရဲ့သိပ္ပံပညာရှင် ဂျိမ်းစ်ဟန်ဆန်(James Han-sen) က ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ထွက်ဆိုတင်ပြခဲ့တာပါ။ “ဖန်လုံအိမ်အာနိသင်အကျိုးသက်ရောက်မှုကို တွေ့ ရှိခဲ့ကြပြီ။
သူဟာကမ္ဘာ့ရာသီဥတုကို ပြောင်းလဲ ပြစ်နေပြီ” လို့ ဟန်ဆန်က ထွက်ဆိုခဲ့ပါတယ်။ “ဥတု ရာသီပြောင်းလဲမှုကို တိုက်ပွဲဝင်ရန် ရုပ်ကြွင်း လောင်စာသုံးစွဲမှုကို သိသိသာသာလျှော့ချဖို့ တိုက်တွန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့တဲ့ ဒီကိစ္စဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု သမိုင်းမှာ မှတ်တိုင်တစ်ခုအဖြစ် ကျန်ခဲ့ပါပြီ။
နှစ် ၃၀ ကျော်အကြာ ဒီနေ့ဒီအချိန်မှာတော့ သူခန့်မှန်းခဲ့တာတွေ မှန်နေတာကို သိကြရပါပြီ။ ဒါပေမယ့် အခုမှ ပြင်ဆင်ပြောင်းလဲဖို့ အတော်နောက်ကျနေခဲ့ပြီ။
ကြိုတင်သတိပေးခဲ့ပေမယ့် ဥတုဘေးကိုကာကွယ်ဖို့ ဘာမှ အောင်အောင်မြင်မြင် မလုပ်ဖြစ်ခဲ့ကြတဲ့အတွက် အလဟဿဖြစ်ခဲ့တဲ့ နှစ် ၃၀ လို့ ပညာရှင်တွေက ရည်ညွှန်းကြပါတယ်။
မအောင်မြင်ခဲ့ရတဲ့အဓိက အကြောင်းတစ်ခုကတော့ ကမ္ဘာ့အချမ်းသာဆုံးကော်ပိုရေးရှင်း ကြီးတွေဖြစ်တဲ့ ရေနံသဘာဝ ဓာတ်ငွေ့လုပ်ငန်းကြီးတွေရဲ့ ရာသီဥတုပြောင်းလဲမှုကို ငြင်းပယ်ဝါဒဖြန့်မှုတွေ ကြောင့်ပါ။
မကြာခင်က ပေါ်ထွက်လာတဲ့ မှတ်တမ်းတွေအရ ကမ္ဘာ့အကြီးဆုံး ရေနံကုမ္ပဏီအိတ်ဇွန် (EXXON) ဟာ ဟန်ဆန်ရဲ့ လွှတ်တော်ထွက်ဆိုချက် မတိုင်ခင် ၁၀ နှစ်လောက်ကတည်းက ကာဗွန်ဒိုင်အောက်ဆိုက်ကပေးတဲ့ ပြဿနာ၊ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့ပြဿနာတွေကို သိနေပါပြီ။
အတိအကျ ပြောရရင် ၁၉၇၇ ဇူလိုင်လမှာ အိတ်ဇွန်ရဲ့ အကြီးတန်းသိပ္ပံပညာရှင် ဂျိမ်းစ်ဘလက် (James F Black) က ကုမ္ပဏီလူကြီးတွေကို နယူးယောက်မှာရှင်းပြခဲ့ပါတယ်။ “ရုပ်ကြွင်းလောင်စာ စွမ်းအင်စနစ်က ထွက်လာတဲ့ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့တွေဟာ ကမ္ဘာ့ရာသီဥတုအပေါ် သက်ရောက်မှု ရှိနေတယ်ဆိုတဲ့အချက်ကို သိပ္ပံတွေ့ရှိ ချက်တွေက အတည်ပြုနေပါတယ်” လို့ သူပြောခဲ့တာကို မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်နှစ်ဆတိုးရင် ကမ္ဘာ့အပူချိန်ဟာ ၂ ကနေ ၃ ဒီဂရီလောက်အထိ တိုးသွားနိုင်တယ်လို့ ကုမ္ပဏီအမှု ဆောင်အရာရှိတွေကို သူကပဲ ၁၉၇၈ မှာ ပြောခဲ့ပါတယ်။
ရေနံသဘာဝဓာတ်ငွေ့စတဲ့ ရုပ်ကြွင်းလောင်စာ (တစ်နည်းအားဖြင့်) ကာဗွန်စီးပွားကို လုပ်နေတဲ့ ကမ္ဘာ့အချမ်းသာဆုံး ကုမ္ပဏီအနေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာသိဖို့ ဒေါ်လာငွေသန်း ပေါင်းများစွာသုံးပြီး သိပ္ပံပညာရှင်တွေ ခန့်ထားတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ သူတို့အကျိုးစီးပွားနဲ့ တိုက်ရိုက် သက်ဆိုင်နေ တာကိုး။
၁၉၈၂ မှာတော့ အစောပိုင်းခန့်မှန်းချက်တွေ နိမ့်နေတယ်။ အဲဒီထက်ပိုဆိုးမယ်ဆိုတာကို အိတ်ဇွန်ဟာ သိနေခဲ့ပါပြီ။ သူတို့ရဲ့ ကုမ္ပဏီတွင်း ပညာရှင်တွေရဲ့ သီးသန့်အစီရင်ခံစာတွေမှာ “ဘေးဒုက္ခကြီးမားသောဖြစ်ရပ်များ ကြုံလာဖွယ်ရှိ” တို့၊ “ရုပ်ကြွင်းလောင် စာသုံးစွဲမှုကို သိသိသာသာလျှော့ချရန် လိုအပ်မည်” တို့လို မှတ်ချက်တွေပါနေပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုက အာတိတ်စက်ဝိုင်းက အိတ်ဇွန် ရေနံတွင်းတူးလုပ်ငန်းတွေကို ဘယ်လို အကျိုးသက်ရောက်မလဲလို့ လေ့လာခိုင်းခဲ့ပါတယ်။ လေ့လာခဲ့တဲ့ ပညာရှင်တွေက ၁၉၉၁ မှာ ရုပ်ကြွင်းလောင်စာသုံးစွဲမှုကြောင့် လေထုထဲမှာ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့တွေများလာတာငြင်းစရာမရှိပါဘူး။
ဒါပေမဲ့ “ကမ္ဘာကြီးပူနွေးလာရင် အာတိတ်ဒေသမှာ ရေနံတူးရတဲ့စရိတ်တောင် လျော့လာလိမ့်မယ်” လို့ မှတ်ချက်ပြုပါတယ်။ အပူချိန်မြင့်လာရင် ဝင်ရိုးစွန်းမှာ ရေနံတူးလို့ ရတဲ့ကာလဟာ လက်ရှိအချိန် နှစ်လကနေ ငါးလအထိတိုးလာမယ်လို့ အဲဒီတုန်းက သူခန့်မှန်းခဲ့ပါတယ်။ သူ့ခန့်မှန်းချက် မှန်ခဲ့ပါတယ်။ ပင်လယ်ရေမြင့်တက်လာမယ် ဆိုတာကို သိနေတဲ့ အိတ်ဇွန်နဲ့ အခြားရေနံကုမ္ပဏီကြီးတွေဟာ အဲဒီအချိန်ကစလို့ ကမ်းလွန်ရေနံတူးစင်တွေကို မြှင့်ဆောက်ခဲ့ပါတယ်။
အိတ်ဇွန်ကုမ္ပဏီသာ သူတို့သိသလို အများပြည်သူသိအောင် လုပ်ခဲ့ရင်၊ သိထားတဲ့အမှန်တွေ ကို လျှို့ဝှက်ဖုံးကွယ်ထားပြီး အများပြည်သူကို လမ်းလွှဲဝါဒဖြန့်ဖို့ မကြိုးစားခဲ့ရင် ကမ္ဘာ့သမိုင်းဟာ တစ်မျိုးပြောင်းလဲခဲ့ပါလိမ့်မယ်။
နာဆာသိပ္ပံပညာရှင်ဟန်ဆန်က လွှတ်တော်မှာ အစီရင်ခံပြီး တစ်လအကြာ ၁၉၈၈ ဇူလိုင်လမှာ အိတ်ဇွန်ကုမ္ပဏီက သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့ ဘယ်လိုတုံ့ပြန်ငြင်းခုံရမယ်ဆိုတာ ရုံးတွင်းမှတ်တမ်း ထုတ်ပြန်ပါတယ်။ “မသေချာသေးဘူးဆိုတာကို ဖိပြောရမယ်” လို့ အဲဒီမှတ်တမ်းကလမ်းညွှန်ပါတယ်။ သိပ္ပံရဲ့ သဘောက အကြောင်းအရာတစ်ခုခုကိုဖြစ် တန်စွမ်းရာခိုင်နှုန်းနဲ့ပဲ ခန့်မှန်းတာကိုး။ ဘယ်ရွှေ့ ဘယ်မျှ ပမာဏ(ဥပမာ ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်း စသည်ဖြင့်) ဖြစ်နိုင်ခြေရှိတယ်လို့ပဲ သိပ္ပံနည်းက ပြောလေ့ရှိတယ်။
ဒါကြောင့် ရေနံကုမ္ပဏီတွေ၊ ကျောက်မီးသွေး ကုမ္ပဏီတွေက သိပ္ပံတွေ့ရှိချက်တွေ မသေချာဘူး။ သိပ္ပံပညာရှင်တွေအားလုံး သဘောတူကြတာ မဟုတ်ဘူးဆိုတာမျိုးတွေနဲ့ လူထုကို အကြီးအကျယ်ရှုပ်ထွေးအောင် လုပ်ခဲ့ပါတယ်။
ကိုယ့်ကို အကန့်အသတ် လုပ်မယ့်ဥပဒေတွေ၊ အပြောင်းအလဲတွေကို နှောင့်နှေးအောင် လုပ်ထားပြီး အမြတ်ရှာခြင်း (Predatorydelay) ဆိုတာရှိပါတယ်။ ရေနံကုမ္ပဏီကြီးတွေဟာ အဲဒီအတိုင်းလုပ်ခဲ့ကြပြီး အခုလည်း လုပ်နေကြဆဲဖြစ်ပါတယ်။
အစောပိုင်းနှစ်တွေကနေ သိပ်မကြာခင် ကာလတွေထိ ကမ္ဘာကြီးပူနွေးတာကို မယုံကြည်တဲ့လူက ယုံကြည်တဲ့လူထက် အမေရိကန်မှာ ပိုများပါတယ်။ ငြင်းမရအောင် ကြုံတွေ့ခံစားနေကြရတဲ့ ဒီနေ့အချိန် မှာတော့ အမေရိကန်ပြည်သူအများစုကြီးက ကမ္ဘာကြီးပူနွေးလာတာ၊ ကမ္ဘာ့ရာသီဥတုပြောင်းလာတာကို ယုံကြည်ကြပါတယ်။
လွန်ခဲ့တဲ့နှစ် ၃၀ ကာလမှာ ကမ္ဘာကြီးပူနွေးမှုကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ကျိုတိုစာချုပ် (Kyoto Protocol) ကလည်း ကျဆုံးခဲ့ပါတယ်။ ၂၀၁၅ ကျမှ ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီထက်မပိုအောင် လုပ်ကြဖို့၊ မနိုင်တော့ရင်တောင် ၂ ဒီဂရီထက်တော့ မပိုစေနဲ့ဆိုတဲ့ရည်မှန်းချက်နဲ့ နိုင်ငံအသီးသီးက ကိုယ့်ဘာသာလျှော့ကြမယ်ဆိုတဲ့ သဘောတူညီချက် ရပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံကြီးကမှ သူတို့ ပြောထားတဲ့အတိုင်း မလျှော့နေကြပါဘူး။
နှစ် ၃၀ ကာလမှာ ကမ္ဘာ့ရာ သီဥတုပြောင်းလဲမှုကို မတားဆီးနိုင်ခဲ့တဲ့နောက်အကြောင်းတစ်ခုက အဲဒီကာလမှာ ကြီးစိုးနေတဲ့ ကမ္ဘာ့စီးပွားရေးဖွဲ့စည်းပုံ ကြောင့်ပဲဖြစ်ပါတယ်။ ၁၉၈၀ ကျော် နောက်ပိုင်းတွေဟာ ဈေးကွက်က အားလုံးကို ဖြေရှင်းသွားလိမ့်မယ်။ စီးပွားရေးလုပ်ငန်းကြီးတွေကို ဘယ်လို အတားအဆီးမှ မလုပ်နဲ့ဆိုတဲ့ နီယိုလစ်ဘရယ်ဝါဒ ကြီးစိုးတဲ့ကာလတွေပဲ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့ ဗြိတိသျှဝန်ကြီးချုပ် မာဂရက်သက်ချာတို့ဟာ ဒီဝါဒရဲ့ ဦးဆောင်ပုဂ္ဂိုလ်တွေဖြစ်ကြ ပါတယ်။ ကုန်သွယ်စီးပွားကန့် သတ်ချက်တွေကို ဖြုတ်ချပေးလိုက်လို့ အလွန်ဝေးကွာတဲ့နေရာတွေကနေ ကုန်သွယ်ရောင်းဝယ်တာတွေ ကျယ်ပြန့် လာတယ်။ လယ်ယာ၊ ထုတ်ကုန်၊ စားသုံးမှု ပုံစံအားလုံးဟာ ကမ္ဘာအရပ်ရပ်ကို ရွေ့လျားပြီး အလေအလွင့်များလှတဲ့ ပုံစံတွေဖြစ်လာတယ်။
အားလုံးဟာ ရုပ်ကြွင်းလောင်စာ ကရတဲ့စွမ်းအင်ကို အဓိကမှီတည်ပြီး လည်ပတ်ကြတယ်။ ဒါ့ကြောင့် ဥတုရာသီ ဘေးကြုံရဖို့တော့ ရှိနေပြီလို့ သတိပေးပြီးတဲ့ ၁၉၈၈ နောက်ပိုင်းမှာကို ကာဗွန် ထုတ်လုပ် မှုအဆပေါင်းများစွာ တိုးလာခဲ့တယ်။
ကာဗွန်လောင်စာက မောင်းနှင် ပေးထားတဲ့ ခေတ်သစ်ကမ္ဘာရဲ့ ပေါပေါများများဝယ်ယူစား သုံးရေးဝါဒ (Modern Consumerism) ဟာ တစ်ဖက်မှာ လွယ်ကူ သက်သာနိဗ္ဗာန်ရောက်နေတယ် ထင်ရပေမယ့် တစ်ဖက်မှာ ကမ္ဘာမြေရဲ့ နေပျော် ဖွယ်ဖြစ်မှုကိုတိုက် စားပစ်နေတဲ့ ကာလတွေလို့ မှတ်ချက်ချကြပါတယ်။
ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာတော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ထိပ်တိုက်တွ့ကြတယ်။ ဖွံ့ဖြိုးဖို့လုပ်နေရတဲ့ နိုင်ငံတွေအနေနဲ့ ကာဗွန်စွမ်းအင် သုံးစွဲမှုကို ကန့်သတ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ ချမ်းသာတဲ့ နိုင်ငံတွေကလည်း စွမ်းအင်လျှော့သုံးပြီး ငါတို့လူနေမှုပုံစံကို မပြောင်းနိုင်ဘူး လုပ်ကြတယ်။
နှစ် ၃၀ အကြာမှာတော့ ဆင်းရဲ၊ ချမ်းသာနိုင်ငံအားလုံး ကမ္ဘာ့ဟန်ချက် ပျက်လာနေတာကို သိကြပြီ။ ဟန်ချက် ပြန်ထိန်းဖို့ဆိုရင် အပြောင်းအလဲလုပ်ဖို့ အသုံးအစားလျှော့ဖို့ လိုနေကြောင်းလည်း သိကြတယ်။
သိပင်သိသော်လည်း ဘာမှတော့ ထူးပြီး ပြောင်းမလာသေးပါဘူး။ လက်ရှိ ကျောက်မီးသွေးလောင်စာ သုံးစွဲမှုပမာဏက ၂၀ဝ၀ ပြည့်နှစ်ထက် ၈၀ ရာခိုင်နှုန်းပိုလာတယ်။ အဲဒီကာလမှာပဲ နေရောင်ခြည်စွမ်းအင်က ၈၀ ရာခိုင် နှုန်းအထိ ဈေးသက်သာလာတယ်။ ဆိုလာ ဈေးချိုလာလို့ ဆိုလာကို ပြောင်းသုံးတာ မဟုတ်ဘဲ နှစ်ခုလုံးကို ပိုသုံးနေကြတယ်။ အိမ်ကို မီးတင်ရှို့ခြင်း (Burning down the house)ဆောင်းပါးရေး သူအယ်လန် ဝိုက်ဇမန် (Alan Weisman)က ခုလို မှတ်ချက်ချပါတယ်။
“ဈေးကွက်နဲ့ ကြည့်ရင်တော့ စီးပွား ရေးကြီးထွားမှုပေါ့။ လူ့ယဉ်ကျေးမှုအနေ နဲ့တော့ ဒါကိုယ့်ကိုကိုယ် သေကြောင်း ကြံမှုနီးနီးပဲ။
To the market, this is growth; to human civilization, it is almost suicide”
နှစ် ၃၀ ကနေ ပြန်ကြည့်တဲ့အခါ နာဆာသိပ္ပံပညာရှင် ဂျိမ်းစ်ဟန်ဆန်နဲ့ သိပ္ပံပညာရှင်တွေ တာဝန်ကျေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ တိုင်းထွာချက်တွေ သူတို့ လုပ်ခဲ့တယ်။ သူတို့ ခန့်မှန်းချက်တွေဟာ အံ့သြရလောက်အောင် မှန်နေတယ်။
“လှုပ်ရှားဖို့ ပျက်ကွက်ခဲ့တာ ပြည်သူ တွေနဲ့ အစိုးရတွေပါပဲ” လို့ ပူလစ်ဇာဆုရ စာရေးဆရာမ အဲလစ်ဇဘတ်ကိုးလ်ဘတ် (Elizabeth Colbert) က ဆိုပါတယ်။ လူငယ်တွေကို ဘာပြောချင်သလဲလို့ သူက ပညာရှင်ဟန်ဆန်ကို မေးခဲ့ပါတယ်။ ဟန်ဆန်က အခုလို ဖြေခဲ့ပါတယ်။
“ရိုးရိုးပဲ ပြောစရာရှိပါတယ်။ ဒီ(ဥတုဘေး) အရှုပ်ကြီးကို ကျုပ်တို့ ထားသွားတဲ့အတွက် တောင်းပန်ပါတယ်”
I’m sorry we’re leaving such a fucking mess.