အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ အသားကျနေသော နိုင်ငံတစ်ခု အနေနှင့် ကိုဗစ်ကဲ့သို့သော အရေးပေါ်ကာလတွင် အာဏာစက်ကို လွန်လွန်ကဲကဲသုံးသော ဒေသန္တရ အုပ်ချုပ်ရေးမျိုးများသည်လည်း မရှားလှပါ။ ဤကဲ့သို့ ကပ်ဘေးအန္တရာယ်မျိုးကို ကိုင်တွယ်ရချိန်တွင် ထောင်ချရ ခြင်း၊ ချုပ်နှောင်ရခြင်းကလွဲပြီး အခြားနည်းမရှိဟု ယူဆခဲ့ကြသည့် အမှုများများစွာပင် ရှိသည်။ ကျေးလက်များအပါအဝင် နေရာတော်တော်များများတွင် လူအများ အထိတ်တလန့် စိုးရိမ်နေသောအချိန်တွင် အာဏာပိုင်များနှင့် ဆက်စပ်အဖွဲ့အစည်းများသည် ပြည်သူကို အာဏာဖြင့် ငြိမ်ဝပ်အောင်လုပ်ရန် ပိုပြီးလွယ် ကူခဲ့ကြသည်။
ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ
ကိုဗစ်-၁၉သည် မည်သည့်နေ့ရက်တွင် ကူးစက်ပျံ့နှံ့မှုရပ်တန့်ပြီး ပုံမှန်အခြေအနေဆီ ပြန်ရောက်နိုင်မည်ဟု မည်သူကမျှမပြောနိုင်ပါ။ မျှော်လင့်ထားကြသော အခြေအနေသစ် (New Normal) ထဲသို့ ရောက်မည်ကြံဆဲတွင်ပင် ရောဂါကူးစက်မှုများလာသောကြောင့် နောက်ပြန်ဆုတ် ရခြင်းများရှိနေမြဲပင် ရှိသေးသည်။ မြင့်မားလာနိုင်သည့် ကူးစက်မှုကို ကာကွယ်ရေးအတွက် အစိုးရအဖွဲ့အစည်းများသည် လူအများစည်းကမ်းလိုက်နာမှုကို ကြီးကြပ်ရန် ပြစ်ဒဏ်စနစ်များကို ကျင့်သုံးနေကြရ ပေဦးမည်။ သို့ရာတွင် မချိန်မဆဘဲ အပြစ်ပေးသော ဖြစ်စဉ်များတွင် မရှင်းလင်း မလုံလောက်ပါဘဲ အာဏာကို သုံးစွဲကြချိန်တွင်သာ အပြစ်ရရန် သေချာရေရာနေခြင်းများကြောင့် ဆင်းရဲနွမ်းပါးသူများရင်ဆိုင်ရသည့် ဝန်ထုပ်ဝန်ပိုးများ ပိုမကြီးလာစေသင့်ပါ။
သို့ဖြစ်ရာ တရားဥပဒေစိုးမိုးရေးဘက်တွင် ပါဝင်ဆောင်ရွက်နေကြသူ အပေါင်းတို့သည် အရေးပေါ်ကာလအတွင်း ကုလသမဂ္ဂက ချမှတ်ထားသောမူများ – တရားဥပဒေ နှင့် အညီ မျှတစွာ စီရင်ခြင်း၊ မဖြစ်မနေ လိုအပ်ကြောင်း သေချာမှသာ အာဏာကိုသုံးခြင်း၊ ကြီးသည့်အမှု ကြီးသလိုငယ်သည့်အမှုကို ငယ်သလို သင့်တင့်စွာ စီရင်တတ်ခြင်း၊ အဂတိမပါဘဲ ခွဲခြားဆက်ဆံမှုကင်းခြင်း စသည်တို့ကို မဖြစ် မနေ ထည့်သွင်း ပြင်ဆင်ကာ ကျင့်ကြံကြရန် အရေးကြီးလှပါသည်။
မြန်မာနိုင်ငံအနေနှင့် လွန်ခဲ့သော နှစ်ငါးဆယ်အတွင်းတွင် ယခုအချိန်လောက် ပြည်ပနှင့် အထိအတွေ့ အဆက်အဆံများသောကာလဟူ၍ မရှိခဲ့ဖူးပါ။ ကိုဗစ်-၁၉ကြောင့် မြန်မာ နိုင်ငံသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ကြုံရသော ဘေးဒုက္ခတစ်ခုကို နှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ရခြင်းဖြစ်သည်။ ယခင်ကဖြစ်ပွားခဲ့သော SARS, MERS and H1N1 အစရှိသော ရောဂန္တရကပ်များတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အသိုင်းအဝိုင်းနှင့် များစွာနီးစပ်မှုမရှိခဲ့ဘဲ ထီးတည်းခွာပြီး ရှိနေခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ် အတွင်းတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်ရေး အရသော်လည်းကောင်း၊ ဖွံ့ဖြိုးရေးအကူအညီအားဖြင့် သော်လည်းကောင်း၊ ကမ္ဘာ့ ကုန်စည်စီးဆင်းမှု ကွင်းဆက်များအတွင်းဝင်ရောက် လည်ပတ်ခြင်းဖြင့်လည်းကောင်း ပိုမိုပူးကပ် နီးစပ်လာခဲ့သည်။
ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ
ဓနရှင် အီလစ်များကိုဆတက်ထမ်းပိုး ကြွယ်ဝစေသော နီယိုလစ်ဘရယ် စီးပွားရေးလမ်းကြောင်းထဲသို့ ပိုမိုဝင်ရောက်လာခဲ့သော ထိုနှစ်များတွင် ကျေးလက်နှင့် အစွန်အဖျားမှ ဆင်းရဲသောလူမှုဘဝများနှင့် ဓနအင်အား ပိုင်ဆိုင်သူတို့ကြား ကွာခြားချက်မှာ ပို၍ပင် ကြီးမားလာခဲ့သည်။ ကိုဗစ်အကျပ်အတည်း စတင်လာကတည်းက တွေ့မြင်နေရသည်မှာ ကပ်ဘေးကို ရင်ဆိုင်ကြရာတွင် လူအများကြား လူမှုရေးစီးပွားရေး အင်အားကွာခြားချက်များက စကားပြောလှသည်ကိုပင်ဖြစ်သည်။
တရုတ်ကဲ့သို့ ကူးစက်မှုမြန်နှုန်း မြင့်နေသောနိုင်ငံများနှင့် နီးကပ်နေသောကြောင့် မြန်မာနိုင်ငံကို အန္တရာယ်မြင့်မားနိုင်ခြေရှိသော နေရာတစ်ခုအဖြစ် ပူပန်မှုများရှိခဲ့ကြသောကြောင့် မြန်မာအစိုးရသည် မတ်လလယ်လောက်ရောက်ချိန်တွင် ပြည်သူ့ကျန်းမာရေး ပညာပေးလုပ်ငန်းများအပါအဝင် ကိုဗစ်ကပ်ဘေးနှင့် ပတ်သက်ပြီး အရှိန်တင်ကာ စတင်ဆောင် ရွက်ခဲ့သည်။ ထိုအချိန်မှစကာ ကိုဗစ်-၁၉ ဒဏ်ကြောင့် ကျဆင်းလာသောစီးပွားရေးကို ပြည်သူများ ခံနိုင်ရည်ရှိစေရန် အစီအစဉ်များကို အကောင်အထည်ဖော်ခဲ့သည်။
၂၀၂၀ ဇွန်လကုန်တွင်မူ နိုင်ငံအတွင်းရှိ ဝင်ငွေအနိမ့်ဆုံးသော အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် စုစုပေါင်း ခုနစ်သောင်းခွဲခန့်ရှိမည့် ငွေကြေးနှင့် ပစ္စည်းအကူအညီများကို ပေးအပ်ခဲ့ရာ သမ္မတရုံး၏ ကြေညာချက်အရ အိမ်ထောင်စုစုစုပေါင်း ငါးသန်းကျော်ထံသို့ ရောက်ရှိမည်ဟု သိရသည်။ မတ်လမှစတင်ကာ အစိုးရသည် အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် အတိုးနည်းပါးသော ချေးငွေများကို ထုတ်ပေးရန်စီစဉ်ခဲ့ပြီး ယခုအခါ ကုန် ထုတ်လုပ်မှုကဏ္ဍနှင့် ခရီးသွားကဏ္ဍမှာသူများကို ဦးစားပေးကာ ကျပ်ဘီလီယံ တစ်ရာခန့် ထုတ်ချေးပေးပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။
ထိုသို့ အရေးပေါ် အကူအညီများပေးနိုင်ရန် အစိုးရသည် ကမ္ဘာ့ဘဏ်၊နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်တို့ထံမှ (ဇွန်လအထိ) ၁ဒသမ၂၅ ဘီလီယံခန့် ချေးငွေရရှိခဲ့သည်။ ဧပြီလတွင် စတင်အကောင်အထည်ဖော်ခဲ့သော ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး အစီအစဉ်အရ ပြည်ပချေးငွေများထဲမှ ကိုဗစ်-၁၉ ကာလတွင် အရေးပေါ် လိုအပ်နေသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် လောက်လောက်လားလား ပမာဏတစ်ရပ်ကို အသုံးပြု မည်ဟုဆိုသည်။
ထိုချေးငွေများကိုသာ စီမံခန့်ခွဲမှုကောင်းဖြင့် အဂတိကင်းစွာ စီမံနိုင်ခဲ့လျှင် ကျန်းမာရေးစနစ်မှာ တိုးတက်လာနိုင်ပေသည်။ မတ်လက ထုတ်ပြန်သော ကမ္ဘာ့ဘဏ်၏ မှတ်တမ်းတစ်ခုအရ မြန်မာနိုင်ငံသည် လူပေါင်း တစ်သိန်းစီအတွက် အရေးပေါ်ဆေးရုံ ကုတင်တစ်လုံးပင် ပြည့်အောင်မရှိပေ။ အသက်ရှူရန် အထောက်အကူပြုသောစက်မှာ လူတစ်သိန်းလျှင် ဝ.၄၆ လုံးသာရှိသည်ဟုဆိုရာ လူနှစ်သိန်းစီအတွက် တစ်လုံးကျပင် ပြည့်အောင်မရှိပါ။ ထိုရှိသောစက် များသည်ပင်လျှင် ပြည်နယ်နှင့်တိုင်းများရှိ ဆေးရုံကြီးများတွင် အညီအမျှရှိသည် မဟုတ်ပါ။ အကယ်၍ နိုင်ငံတကာ ချေးငွေကိုသာ ထိုကဲ့သို့ ကျန်းမာရေး အခြေခံအဆောက်အဦများအတွက် လိုအပ်ချက်သော နေရာကိုဖြည့်ပေးနိုင်ခဲ့လျှင် လက်ရှိစိုးရိမ်စရာ ချို့တဲ့သော အခြေ အနေမှာ အတော်အတန် သက်သာစရာ ရှိသည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍကို ကုစားနေသော ကုထုံးများ၏ အကျိုးရလဒ်ကိုမူ အဆင်းရဲဆုံး အနွမ်းပါးဆုံးနှင့် အဖယ်ကျဉ်ခံရဆုံး အောက်ခြေအလွှာများ ချက်ချင်းဆို သလို ခံစားခွင့်ရရန်မှာ မဖြစ်နိုင်သလောက် ပင်ဖြစ်သည်။ သူတို့ရှိရာ အောက်ခြေသို့ တဖြည်းဖြည်း ရောက်ရှိလာမည်ဆိုသော အကျိုးကျေးဇူးမှာ မြင်ယောင်ရန်ပင် ခက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အစိုးရက လက်ရှိဦးစားပေး ထောက်ပံ့နေသော လုပ်ငန်းများတွင်ပင် အလုပ်သမားဖြစ်ဖို့ရာ မလွယ်လှသောသူများ ဖြစ်နေသောကြောင့်ပင်။ သူတို့ အများစု လုပ်ကိုင်နေကြသောအလုပ်များသည် အစိုးရ၏ စာရင်းအင်းထဲသို့ဝင်သော လုပ်ငန်းများ လူမှုဖူလုံရေး ခံစားခွင့်များဖြင့် စည်းနှင့်ကမ်းနှင့် ကာကွယ်ပေးထားသော လုပ်ငန်းများဖြစ်မနေ တတ်ကြပါ။
ကုလဖွံ့ဖြိုးရေးအစီအစဉ်နှင့် ကမ္ဘာ့ဘဏ်တို့က ၂၀၁၇ ခုနှစ်တွင် ကောက်ယူခဲ့ပြီး ၂၀၁၉တွင် ထုတ်ပြန်ခဲ့သော မြန်မာ့လူမှုဘဝ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံသား ၃၀ ရာခိုင်နှုန်းနီးပါးသည် တစ်နေ့လျှင် ကျပ် ၁၆၀ဝ ထက်ပို၍ ဝင်ငွေနည်းသော သူများဖြစ်ကြပါသည်။ မြန်မာနိုင်ငံ လူဦးရေ၏ အဆင်းရဲဆုံး ၄၀ ရာခိုင်နှုန်း၏ ဝင်ငွေမှာ မြန်မာနိုင်ငံ၏ စုစုပေါင်းဝင်ငွေ၏ ၂၂ ရာခိုင်နှုန်းသာ ရှိပါသည်။ တစ်ဖန်ထိုဝင်ငွေအနိမ့်ဆုံး အုပ်စုထဲတွင်မှ အခြေအနေအနိမ့်ဆုံး ၄၀ ရာခိုင်နှုန်းခန့်မှာ ပျံကျလုပ်ကိုင် စားသောက်ရသူများဖြစ်ကြသည်။ ကျေးလက်ဘက်ကိုလှမ်းကြည့်လိုက်လင် အိမ်ထောင်စုဆယ်စုတွင် ရှစ်စုမှာ လယ်ယာနှင့် စပ်လျဉ်းပြီး အသက်မွေးရသူများဖြစ်ကြသည်။
သို့ရာတွင် ထိုကျေးလက် မိသားစုများ၏ ဝင်ငွေသည် တစ်နိုင်လုံးဝင်ငွေ၏ ၃၇ ရာခိုင်နှုန်းခန့်သာ ရှိသည်။ မြန်မာနိုင်ငံ၏ ဆင်းရဲချမ်းသာကွာဟမှုသည်ပို၍ပင် ကျယ်ပြန့်လာပြီဖြစ်ရာ အစိုးရ၏ ကိုဗစ်အတွင်း “မည်သူမှ နောက် ကျမကျန်ရစ်စေရ” ဟူသော ဆောင်ပုဒ်မှာ ထိုလူအုပ်စုကြီးက စီးပွားရေးကဏ္ဍတွင် လက်ရည်တပြင်တည်း ပြန်လည်ထူထောင်ရေးကို ခြုံငုံအဓိပ္ပာယ်ထွက်ရန်မှာ ခက်ခဲလှသည်။ လွန်ခဲ့သော ခြောက်လအတွင်းတွင် ကိုဗစ်-၁၉သည် မူလကပင် ဆင်းရဲသော မြန်မာပြည်သူတို့၏ ဘဝကိုပို၍ပင် ကျပ်တည်းစေခဲ့ပြီဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသောင်းထွန်းကမူ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာဖူလုံသည့်နိုင်ငံဖြစ်ရာ မြန်မာနိုင်ငံ ကိုဗစ်အလွန် ပြန်လည် ထူထောင်ရေးတွင် မိမိတို့အားသာချက်ဖြစ်သော စိုက်ပျိုးရေးကဏ္ဍကိုအသုံးချကာ ပို့ကုန်များ တိုးမြှင့်ရေး ဦးစားပေးကာ ကမ္ဘာ့စားနပ်ရိက္ခာ ကွင်းဆက်ထဲသို့ ရောင်းချနိုင်ရမည်ဟု ပြောကြားသည်။
လောလောဆယ်တွင်မူ ကမ္ဘာ့စားနပ်ရိက္ခာ လမ်းကြောင်းနှင့် ချိတ်ဆက်နေကြသော သီးနှံအမျိုးအစားများစွာနှင့် ရေလုပ်ငန်းသည် ဈေးကွက်ပျက်သောကြောင့် လယ်သမားများနှင့် ရေလုပ်သားများ ဖေဖော်ဝါရီလကတည်းကစပြီး အထိနာနေခဲ့ကြသည်။ ထို့ပြင် အလုပ်အကိုင်ဖန်တီးနိုင်ရေးအတွက် အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ရန် ဦးစားပေး ဆောင်ရွက်ရမည်ဟု ဆိုခဲ့သည်။ သတိထားစရာမှာ မြန်မာနိုင်ငံသို့ ကိုဗစ်ကာလအတွင်း ဝင်ရောက်လာခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် သယံဇာတတူးဖော်ရေးကဏ္ဍ၌ တိုးဝင် ရောက်ရှိလာခြင်းဖြစ်သည်။
အရပ်ဘက် လူ့အဖွဲ့အစည်းများအနေနှင့်မူ ကိုဗစ် -၁၉ ကာလအတွင်း အလောသုံးဆယ် ဖိတ်ခေါ်ခြင်းကို အခွင့်ကောင်းယူကာ ရောက်ရှိလာမည့် သဘာဝပတ်ဝန်းကျင်ကို ဂရုမစိုက်သော လုပ်ငန်းများကို များစွာစိုးရိမ်ပါသည်။ ယခင်ကရှိခဲ့သော နမူနာများကြောင့်လည်း စိုးရိမ်ကြောင့် ကြနေရခြင်းဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးနှင့် သဘာဝသယံဇာ တူးဖော်ထုတ်ယူရေး ကဏ္ဍများတွင် အလျင်စလိုချသော ဆုံးဖြတ်ချက်များမှာ ခံနိုင်ရည်အင်အား အနည်းပါးဆုံးသူများနှင့် ကျေးလက်နေပြည်သူများကို အများဆုံး ထိခိုက်စေခဲ့ပြီးပြီ။
အကျပ်အတည်းကို အခွင့်ကောင်းယူ ဝင်ရောက်လာသောစီမံကိန်းကြီးများသည် ဒေသခံတို့ကို ကြို တင်တိုင်ပင်ညှိနှိုင်းကာ ချိန်ဆဆောင်ရွက် ခြင်းမျိုးရှိရန် ခဲယဉ်းသလို သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကိုလည်း တာဝန်သိသိ ဖြေရှင်းပေးကြခြင်း မရှိတတ်ကြပါ။ မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သော အရပ်ဘက်လူ့အဖွဲ့ အစည်းပေါင်း ၂၁၃ ဖွဲ့က ပါဝင်လက် မှတ်ထိုးခဲ့သော ကြေညာချက်တစ်ရပ်တွင် အစိုးရအနေနှင့် ကိုဗစ်ကာလအတွင်း သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများအပေါ် အထိအခိုက်များစေတတ်သည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများအတွက် လိုင်စင်ချပေးခြင်းများ၊ သတ္တု တူးဖော်ရေးအတွက် စမ်းသပ်ရှာဖွေခြင်းများ၊ ရေကာတာကဲ့သို့ စီမံကိန်းအကြီးစားများ ဆောက်လုပ်ခြင်းများနှင့် စွမ်းအင်လုပ်ငန်းစီမံကိန်းကြီးများကို ခတ္တခဏရပ်တန့်ထားပါရန် တောင်းဆိုထားသည်။
အဘယ်ကြောင့်ဆိုသော် ကိုဗစ်ကာလအတွင်း ချမှတ်ထားသော လူစုလူဝေးမလုပ်ရ၊ လူချင်းခွာ၍နေရမည်အစရှိသော စည်းကမ်းများကြားတွင် ပြည်သူသည် နစ်နာမှုများရှိလာခဲ့လျှင် မိမိတို့နစ်နာချက်ကို စုဝေးတိုင်ပင်ရန်၊ စုရုံး ဆန္ဒ ထုတ်ဖော်ရန် မဖြစ်နိုင်သောကြောင့်ပင်။ ထိုအထဲမှာပင် မေလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် အလတ်စားနှင့် အကြီးစား သတ္တုတူးဖော်ရေးလုပ်ငန်းပေါင်း ၁၅၈ ခုကို ခွင့်ပြုပေးခဲ့သည်။
ဆက်လက်ဖော်ပြပါမည်>>>
ဒေါက်တာနွဲ့ကေခိုင်