ရဲ ဟုဆိုလိုက်လျှင် မှုခင်းများနှင့် ဆက်စပ်၍ မြင်မိတတ်ကြသည်။ ရဲများသည် မှုခင်းများကို တားဆီးခြင်း၊ မှုခင်းဖြစ်ပွားပါက ဖြေရှင်းခြင်းနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ရဲလုပ်ငန်းများဆောင် ရွက်ခြင်းတို့ကို ပြုလုပ်နေသည်ကို ယေဘုယျ တွေ့ နိုင်ပါသည်။ သို့ရာတွင် မြန်မာပြည်တွင် ပြည်သူများနေ့စဉ် ထိတွေ့နေရသော ရဲများကား အထက်ပါ လုပ်ငန်းများအပြင် အခြားသော အရေးကိစ္စများကိုပါ ဆောင်ရွက်နေကြကြောင်း သတိပြု မိနိုင်ပါသည်။
မည်သည့်ကိစ္စများဖြစ်သည်ကိုမူ အကျယ်မပြောလိုပါ။ ဆက်၍ဆွေးနွေးလိုသည်ကား နိုင်ငံအချို့တွင် အလုပ်ဖြစ်နေသော ပြည်သူ့ရဲ အကြောင်းဖြစ်ပါသည်။ ပြည်သူ့ရဲဟု ခေါ်ရခြင်းကား ပြည်သူကို အလေးဂရုပြုသော ရဲ၊ လူ့အဖွဲ့အစည်းများအတွက် ပြဿနာ၊ စိုးရိမ်စရာအချို့ကို ဖြေရှင်းပေးသော ရဲလုပ်ငန်းစနစ်မျိုးကို ရည်ညွှန်းလိုခြင်းဖြစ်ပါသည်။
ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ
အနောက်တိုင်းတွင်မူ Community Policing (0g) Community Oriented Policing Service – COPS ဟူသော အသုံးမျိုးကိုတွင် တွင်သုံးကြပါသည်။ ပြည်သူ့ရဲ (သို့) လူ့အဖွဲ့အစည်းတွင် ရှေ့သွားရှိသော ရဲလုပ်ငန်းဝန်ဆောင်မှု၊ လူ့အဖွဲ့အစည်း ဒေသကို အလေးမူသော ရဲလုပ်ငန်းမျိုး ဟူ၍ခေါ်နိုင်မည်ထင်ပါသည်။ ထို့ကြောင့်ပင် နိုင်ငံအချို့တွင် ရဲများကို Cop ဟုခေါ်ကြပါသည်။
ထို့အပြင် နိုင်ငံအချို့တွင် ရဲတပ်ဖွဲ့ (Police Force) ဟူသော အသုံးမျိုးကို မသုံးဘဲ ရဲလုပ်ငန်းဝန်ဆောင်မှု (Policing service) ဟူ၍သာ သုံးနှုန်းလေ့ရှိသည်။ အကြောင်းမှာ Force ဟူသောစကားလုံးသည် တစ်နည်းအားဖြင့် ဖိအားပေးခြင်းဟူသော သဘောသက်ရောက်နေသဖြင့် ပညာသွားရာ ဓာတ်သက်ပါသဘောမျိုးဖြင့် “ရဲများသည် လူထုကိုဖိအားပေးကာ ဥပဒေများကို လိုက်နာစေသည်” ဟူသော အဖြစ်မျိုး၊ ထင်မြင်ယူဆချက်မျိုးကို ရှောင်ရန်ဖြစ်သည်။ ရဲလုပ်ငန်းဝန်ဆောင်မှု ဟုဆိုလျှင်ကား ပြည်သူများအတွက် တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ပေးသည် သဘောသွားမျိုးလည်းဖြစ်ပေသည်။
သမားရိုးကျ ရဲလုပ်ငန်းများနှင့် ပြည်သူ့ရဲ လုပ်ငန်းများမှာ အယူအဆ၊ ဦးစားပေးမှု၊ လုပ်ဆောင်ချဉ်းကပ်မှု၊ စုဖွဲ့မှုနှင့် လေ့ကျင့်မှုများ ကွဲပြားသည်ဟု ဆိုနိုင်ပါသည်။ ကနေဒါနိုင်ငံ တရားရေးဌာန၏ အဆိုအရ ကနေဒါတွင် ၁၉၉၀ ပြည့်နှစ်များတွင် သမားရိုးကျ ရဲလုပ်ငန်းများမှသည် ပြည်သူ့ရဲ လုပ်ငန်းပုံစံသို့ တဖြည်းဖြည်းပြောင်းလဲခဲ့ကြောင်းဆိုသည်။ သမားရိုးကျ ရဲလုပ်ငန်းမှာ မှုခင်းထိန်းချုပ်ရေးကိုသာလျှင် ပဓာနထားသော မူမျိုးဖြစ်ပြီး ပြည်သူ့ရဲ လုပ်ငန်းမှာ ဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ပေါင်းစပ် လုပ်ဆောင်သော စနစ်မျိုးဟုဆိုသည်။
ပြည်သူ့ရဲ လုပ်ငန်းသည် ပြည်သူ့လူ့အဖွဲ့အစည်းများကို ပဓာနထားခြင်းကြောင့် ပြည်သူ များနှင့် ဆက်သွယ်ရေး၊ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ရန်မှာ ရဲတိုင်း၏ ဝတ္တရားဖြစ်သည်။ သမားရိုးကျ ရဲလုပ်ငန်းတွင်မူ ထိုကဲ့သို့ ပြည်သူအများနှင့် ဆက်ဆံရေးကောင်းအောင်လုပ်ရန်မှာ ရဲဌာနရှိ ဌာနစိတ်တစ်ခု၏ တာဝန်မျိုးသာဖြစ်ခဲ့သည်။ ပြည်သူ့ရဲ လုပ်ငန်းအဖြစ်သို့ ပြောင်းသည့်အခါတွင်မူ ဒေသဆိုင်ရာပြဿနာများ ဖြေရှင်းရာတွင် ရဲများနှင့် ပြည်သူများပူးပေါင်းကာ ဝိုင်းဝန်းတာဝန်ယူ လုပ်ဆောင်ကြသည့် ပုံစံမျိုးဖြစ်လာသည်။
ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ
ရဲများ လေ့လာတက်ရောက်ရသော သင်တန်းများမှာလည်း ယခင်ကကဲ့သို့ မှုခင်းထိန်းချုပ်ရေးတစ်ခုတည်းကိုသာ အဓိကထားသော သင်တန်းမျိုးမဟုတ်တော့ဘဲ လူမှု ဆက်ဆံရေးနှင့် ပဋိပက္ခ ကိုင်တွယ်နည်းများကို အလေးထားသင်ကြားပေးသော သင်တန်းများဖြစ်လာခဲ့သည်။ ထို့ကြောင့် ပြည်သူ့ရဲလုပ်ငန်းများကို ကြည့်လျှင် အဓိကအားဖြင့် (၁) ပြည်သူ၊ လူ့အဖွဲ့အစည်း ရပ်ရွာဒေသများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (၂) ပဋိပက္ခဖြေရှင်းခြင်း ဟူသော အခြင်းအရာနှစ်ရပ်ကို တွေ့နိုင်သည်။
ပြည်သူ့ ရဲလုပ်ငန်း (ဝါ) လူ့အဖွဲ့ အစည်း ဒေသအခြေပြု ရဲလုပ်ငန်း စနစ်ဖြစ်မြောက်ရန်အတွက် ရဲဌာနများသည် ယင်းတို့၏ နယ်မြေဒေသ လူ့အဖွဲ့အစည်းနှင့် သဟဇာတဖြစ်သော ရဲလုပ်ငန်းပုံစံမျိုးကို ရေးဆွဲအကောင်အထည်ဖော်ရမည်ဖြစ်သည်။ ထိုသို့ ရေးဆွဲရာတွင် လူ့အဖွဲ့အစည်းများအတွင်းရှိ နိုင်ငံသားပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အချက်များပါဝင်စေရသည်။
ပြည်သူ့ရဲလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အောင်မြင်မှုရရှိစေရန် လိုအပ်သော အချက်များကို ယေဘုယျဆိုရလျှင် ရဲများသည် ရပ်ရွာဒေသ လူ့အသိုင်းအဝိုင်းအတွက် ငြိမ်းချမ်းမှုပေးစွမ်းနိုင်မည့် လုပ်ငန်းစဉ်များရှိခြင်း၊ ရပ်ရွာဒေသ ရှိလူထုများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာမှုရှိခြင်း၊ ပဋိပက္ခဖြေရှင်းရန်အတွက် နည်းလမ်းချမှတ်ထားရှိခြင်း၊ မှုခင်းတားဆီးကာကွယ်ရေး အစီအမံများရှိခြင်း၊ ရဲဌာနနှင့် အခြားသောဌာနများ ပူးပေါင်းဆောင်ရွက်မှုရှိခြင်း၊ ရဲလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိခြင်း၊ မှုခင်းများလျှော့ချနိုင်ကာ ပြည်သူများ၏ ကြောက်ရွံ့မှုများကို လျော့ပါးစေခြင်း၊ ဗဟိုမှ ထိန်းချုပ်မှုလျှော့သော ရဲလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု စနစ်ရှိခြင်း၊ ရပ်ရွာဒေသပြည်သူလူထုကို တာဝန်ခံမှုရှိခြင်းအစရှိသော အချက်များပါဝင်ပေသည်။
ပြည်သူ့ရဲ လုပ်ငန်းများသည် ဆိုင်ရာလူ့အဖွဲ့အစည်း ရပ်ရွာဒေသ၏ လိုအပ်ချက်များကို အလေးထားသည့်အလျောက် ရဲလုပ်ငန်းဆိုင်ရာ ချဉ်းကပ်နည်းများသည်လည်း တသမတ်တည်းမရှိဘဲ ရပ်ရွာဒေသ လူ့အဖွဲ့အစည်းအလိုက် ကွဲပြားခြားနားမှုရှိပေသည်။ ထင်ရှားသော ဥပမာတစ်ခုမှာ ရဲများ သေနတ်မဆောင် ခြင်းဖြစ်သည်။ ဗြိတိန်၊ အိုက်စ်လန်၊ အိုင်ယာလန်၊ နော်ဝေနှင့် နယူးဇီလန် ကဲ့သို့သော နိုင်ငံများရှိ ရဲအများစုမှာ ပြည်သူ့များ၏ ပြဿနာ ပဋိပက္ခများကို ဖြေရှင်းရာတွင် သေနတ်မသုံးပေ။
ရဲအများစုသည် သေနတ်နှင့် ပတ်သက်သော တင်းကျပ်သည့် စည်းကမ်းများကို လိုက်နာကြသည်။ သေနတ်မဆောင်ခြင်းကြောင့်လည်း ထိုရဲများနှင့် ပြည်သူတို့အကြား ပိုမို၍ ရင်းနှီးမှု ရှိလာနိုင်ချေရှိသည်ဟုလည်း ဆိုသည်။ သေနတ်ခါးချိတ်ထားခြင်းမျိုးကြောင့် သာမန်ပြည်သူ အချို့မှာ ရဲများကို ထိတ်လန့်ခြင်းမျိုးရှိသည်ဟုလည်းဆိုထားသဖြင့် ထိုနိုင်ငံများရှိ ရဲများသည် သေနတ်မဆောင်ကြခြင်း ဖြစ်ပေမည်။
ပြည်သူ့ရဲ လုပ်ငန်းတွင် ပြည်သူလူထုနှင့် ရဲများအကြား ဆက်ဆံရေးကောင်းမွန်အောင်၊ ယုံကြည်မှုရှိအောင် တည်ဆောက်နိုင်ခြင်းသည် အင်မတန် အရေးကြီးသည်ဟုဆိုသဖြင့် ရဲ များတွင် တတ်မြောက်ကျွမ်းကျင်ရမည့် ပညာရပ်ဆိုင်ရာများမှာ အရေးမကြီးဟု ဆိုလိုခြင်း မဟုတ်ပေ။ ရဲတစ်ဦးသည် ရဲလုပ်ငန်းဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်ထား ရပေမည်။ ဥပမာ စုံစမ်းထောက်လှမ်းခြင်း၊ သေနတ်သမားကို ရင်ဆိုင်ခြင်း၊ ဒေါသထွက်နေသူနှင့် ညှိနှိုင်းဖျန်ဖြေခြင်း စသည်တို့ဖြစ်သည်။
သို့ရာတွင် ပြည်သူ့ရဲ လုပ်ငန်းသည် ရပ်ရွာလူ့အဖွဲ့ အစည်းနှင့် ပေါင်းစပ်ညှိနှိုင်းကာ လုပ်ဆောင် ရခြင်းကြောင့် ရဲတစ်ဦးအနေဖြင့် ဒေသ၏ အခြေအနေ၊ တန်းဖိုးထားမှု၊ ရိုးရာဓလေ့ အစရှိသည်မှသည် နိုင်ငံရေး၊ လူမှုစီးပွားအခြေအနေ စသဖြင့် အခြေအနေအရပ်ရပ်ကို သိရှိနားလည် သဘောပေါက်နိုင်သော သူမျိုးဖြစ်အောင် ကိုယ်ရည်ကိုယ်သွေး တက်အောင်အမြဲမပြတ် လေ့လာနေရမည့်သဘောရှိသည်။ ပြည်သူလူထုနှင့် ထိတွေ့နေရမည့် သဘောဖြစ်သည်။
ပြည်သူ့ရဲ ဖြစ်ခြင်းကြောင့်လည်း သက်ဆိုင်ရာလူ့အဖွဲ့အစည်း ရပ်ရွာအသိုင်းအဝိုင်း၏ တန်ဖိုးထားမှုများကို လေးစားလိုက်နာသော ရဲလုပ်ငန်း ဝန်ဆောင်မှုမျိုးဖြစ်အောင်ကြိုးစားကြသည် ကိုလည်းတွေ့ရသည်။ တချို့နိုင်ငံများတွင် ရဲများသည် လူထုမကြိုက်သော လုပ်ရပ်များကို အထူးရှောင်ရှားလေ့ရှိသည်။ ဥပမာ နယူးဇီလန်ရှိရဲများသည် ပြည်သူများကို တတ်နိုင်သမျှ ယဉ်ကျေးပျူငှာစွာဆက်ဆံလေ့ရှိသည်။ ရုန့်ရင်းကြမ်းတမ်းသော စကားများကို မပြောပေ။ လူထုသည်လည်း ထိုသို့ ယဉ်ကျေးပျူငှာ ချိုသာသော ရဲများကို အပြန်အလှန်အားဖြင့် ကောင်းမွန်စွာ ဆက်ဆံလေ့ရှိသည်ကို တွေ့ရသည်။
ရဲများသည် ယင်းတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍လည်း လူထုထံမှ တုံ့ပြန်သံများကို ပြန်နားထောင်ကာ ပြုပြင်ပြောင်းလဲခြင်းကိုလည်း ပြည်သူ့ရဲ လုပ်ငန်းစနစ်မျိုးတွင် တွေ့ရသည်။
အချုပ်ဆိုရလျှင် ပြည်သူ့ရဲ လုပ်ငန်းဆိုသည်မှာ ပြည်သူလူထုနှင့် ရဲများအတူတကွ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကာ ရပ်ရွာဒေသအတွင်း လူ့အဖွဲ့ အစည်းများ အတွင်းရှိ ပြဿနာများ ပဋိပက္ခများကို ဖြေရှင်းကြခြင်းဖြစ်သည်။ ရဲလုပ်ငန်းများ၏ အန္တိမ ရည်မှန်းချက်မှာ ပြည်သူလူထုကို လုံခြုံအောင် ငြိမ်းချမ်းအောင် ဆောင်ရွက်ပေးနိုင်ရန် ဖြစ်သင့်သည့်အလျောက် ပြည်သူ့ရဲ လုပ်ငန်းသည် ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုသော၊ လူထု၏ တန်ဖိုးထားမှုကို မြတ်နိုးတန်းဖိုးထားပေးတတ်သော လူထုနှင့်အတူပူးပေါင်းကာ လူ့အဖွဲ့အစည်း၏ အခက်အခဲများကို ကျော်လွှားပေးနိုင်သော စနစ်မျိုး ဖြစ်ပေသည်။
Ref :
https://www.justice.gc.ca/eng/rp-pr/cj-jp/yj-jj/discre/org/supp-appu.html
https://law.jrank.org/pages/1648/Police-Community-Policing-Definition-community-policing.html