[အခန်း – ၁]
၁၉၅၅ ခုနှစ်။
ထားဝယ်ခရိုင်။ သရက်ချောင်းမြို့နယ်။ သံခွချောင်းဖျား။
ဇွန်လမိုးသည် မုတ်သုံသစ်တောအုပ်စိမ်းညို့ညို့ပေါ်သို့ တစိမ့်စိမ့်။
“စုစုသား ဖယ်သူဆို ဒေါန်းတောန်မိုဆို၊ မငိုပါန စုစုသား၊ ဒါန်းတော့န်မိုအငုမ်သား တောကြောန်ကီး၊ လာပီဆို၊ ဗွီးတံကတို၊ မငိုပါန စုစုသား၊ တောကြောန်ကိုလ ကလားကီးစား”
မိုးဖွဲဖွဲကြား ထားဝယ်သားချော့သီချင်းကို အော်ဟစ်ဆိုလာသည့် ကလေးငယ်တစ်စု။
သူတို့လက်ထဲရှိ ခမောက်များထဲတွင်လည်း မိုးရာသီထွက် ဟင်းအတို့အမြုပ်စားစရာ အသီးအရွက် ပေါင်းစုံ။
တောထဲတွင် အလေ့ကျပေါက်သည့် တညှင်ရွက် ခေါ် လန်ကော်ဝှက်၊ ကျောက်ပိန်း၊ ကျီးဥ၊ မျှစ် တို့ကို တောတွင်း နေရာအနှံမှ ခူးယူလာကြခြင်းပင်။
“ဟေ့ . . . ကျားတွေ ဆင်တွေအကြောင်း မဆိုကြပါနဲ့လား . . . ကြောက်ဖို့ကောင်းပါတယ်”
ကလေးတစ်စုထဲ အကြီးဆုံးဖြစ်သည့် မိုးကြည် က ပတ်ချာလည်မှ တောကြီးတောင်ကြီးကို ကြည့်ကာ ပြောလိုက်၏။
“မမမိုးကြည်ကလည်း . . . ကွန်မြူနစ်သမီး မဟုတ်တဲ့အတိုင်းပဲ . . . ဒါတွေ ကြောက်နေသေးတယ် . . . ပြီးတော့ သားတို့အုပ်စုထဲမှာ မမမိုးကြည်က အကြီးဆုံး”
မိုးကြည်ထက် အသက် နှစ်နှစ်ငယ်သည့် ရန်နိုင် ၏ အပြောကြောင့် ကျန်ကလေးများက မိုးကြည်ကို ဝိုင်းရယ်လိုက်ကြသည်။
“ဟဲ့ . . . ငါ့အမေ ကွန်မြူနစ်ဖြစ်တာနဲ့ . . . ငါက မကြောက်ရတော့ဘူးလား”
“ဝုန်း”
မိုးကြည်၏ စကားပင် မဆုံးလိုက်။
သူတို့ ဦးတည်သွားနေသော စခန်းဘက်ရှိရာ အရပ်မှ အသံကျယ်ကြီး။
မိုးကြည် သိလိုက်ပြီ။
စစ်တပ်က မိုးကြည်တို့ စခန်းကို ဝင်တိုက်လေပြီ။
ပြီးခဲ့သည့်နှစ်များအတွင်း မိုးကြည်သည် ထားဝယ်အမျိုးသမီးသမဂ္ဂမှ မိခင်ဖြစ်သူ ဒေါ်ရီရီနှင့်အတူ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ကံပေါက်မြို့နယ်အနှံ့ရှိ တနင်္သာရီတိုင်းဗမာပြည်ကွန်မြူနစ်ပါတီ စခန်းများစွာသို့ လှည့်ပတ်ရှောင်တိမ်းခဲ့ရသည်။
ထိုကာလတစ်လျှောက် စစ်တပ်မှ လာရောက်တိုက်ခိုက်သည့်အခါ မည်သို့ ဘေးအန္တရာယ်ကင်းအောင် ကာကွယ်ရမည့်နည်းကို မိခင်ဖြစ်သူက မိုးကြည်အား တဖွဖွသင်ပေးခဲ့ပြီးသား။
“အားလုံး . . . မြေကြီးမှာ ဝပ်ကြ . . . လာကြ . . . ဝပ်တဲ့အခါလည်း လက်နှစ်ဖက်ကို ရင်နှစ်ဖက်ကို ရင်ဘတ်အောက်ထားပြီး မြေကြီးနဲ့ကပ်ကြ”
ကလေးအုပ်စုအတွင်း အကြီးဆုံးဖြစ်သည့် မိုးကြည်က လက်ဖဝါး နှစ်ဖက်ရင်ဘတ်အောက်တွင် ယှက်လျက် မြေကြီးတွင် ဝမ်းလျားမှောက်ပြလိုက်သည်။
လက်နက်ကြီးများ မြေပြင်သို့ ကျပါကာ မြေပြင်တုန်ခါမှုကြောင့် နှလုံးကို ပြင်းပြင်းထန်ထန်မထိခိုက်စေရန် လက်နှစ်ဖက်ကို ရင်ဘတ်နှင့် မြေကြီးကြား ခုခံကာထားရမည်ဟု မိခင်ဖြစ်သူက မှာထားဖူးသည်ကိုး။
ကလေးများကလည်း တောပုန်းတို့၏ သားသမီးများမို့..အခြေအနေနှင့် အချိန်အခါအတိုင်း လိုက်နာကြသည်။
သေနတ်ပစ်သံများ ဆက်တိုက်ကြားရ၏။ အော်ဟစ်ဆဲဆိုသံများ။
လက်နက်ကြီးပစ်ခတ်သံများ။ သွေးရူးသွေးတန်း အော်ဟစ်သံများ။ နာနာကျင်ကျင် အော်ဟစ်သံများ။
ခပ်လှမ်းလှမ်းတွင်ရှိနေသည့် စခန်းဆီမှ ထိုအသံများကို မိုးရေများစိုစိုရွှဲနေသည့်ကြားမှ မိုးကြည် နားစွင့်နေမိသည်။
“အမေ . . . အမေ”
မိုးကြည်နှုတ်မှ အားကိုးရာမိခင်ကို ရေရွတ်တသလိုက်၏။
……………………………………………..
၁၉၄၈ ခုနှစ်။
ဦးနု ၏ ဖဆပလအစိုးရနှင့် သခင်သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီတို့အကြား သဘောထားကွဲလွဲမှုများ ပိုမိုကြီးမားလာခဲ့သည်။
၁၉၄၈ ဖေဖော်ဝါရီတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကျောထောက်နောက်ခံပေးထားသော ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂမှ စတင်ကာ ဖဆပလအစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့သည်။
လက်ဝဲအဖွဲ့အစည်းစုံပါဝင်လာသောကြောင့် လူအင်အား ခုနစ်သောင်းခွဲ ထိဖြစ်လာပြီး သပိတ်မှာ ကြီးထွားလာ၏။
ထို့ကြောင့် ဖဆပလအစိုးရက မတ်လ ၂၇ ရက်၊ တော်လှန်ရေးနေ့မတိုင်မီတွင် စမ်းချောင်း၊ ဗားကရာလမ်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီရုံးကို ဝင်ရောက်ဖမ်းဆီးတော့သည်။
သို့သော် ဗမာပြည်ကွန်မြူနစ်ပါတီရုံးတွင် မည်သည့်ခေါင်းဆောင်မျှ ရှိမနေကြတော့။
ထိုအချိန်မှစတင်ပြီး မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံးဖြစ်သည့် လက်ဝဲအင်အားစုဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေးကြီး စတင်လာတော့သည်။
ပြည်တွင်းစစ်က စခဲ့ပြီ။
ဗမာပြည်ကွန်မြူနစ်ပါတီအား ဖဆပလအစိုးရက မတရားအသင်းအဖြစ် ကြေညာလိုက်သည့်အခါ တနင်္သာရီတိုင်းမှ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များသည်လည်း လက်နက်ကိုင်တော်လှန်ရေးဆီ ဦးတည်လာကြတော့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီမိသားစုဝင် အမျိုးသမီးများ အများဆုံးပါဝင်သည့် ထားဝယ်အမျိုးသမီးသမဂ္ဂ လည်း မတရားအသင်းအဖြစ် ကြေညာခြင်းခံလိုက်ရတော့သည်။
၁၃၀၀ ပြည့်အရေးတော်ပုံကာလ ၁၉၃၈ ခုနှစ်ကတည်းက ထားဝယ်စျေးကြီးသမဂ္ဂအဖြစ် စတင်ခဲ့သည့် ထားဝယ်အမျိုးသမီးသမဂ္ဂ မှာ ထိုအချိန်မှစတင်ပြီး ထားဝယ်ခရိုင်ဗမာပြည်ကွန်မြူနစ်ပါတီနှင့်အတူ မြေအောက်တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် ရောက်ရှိသွားတော့သည်။
ဖဆပလအစိုးရ၏ တပ်များ လိုက်လံချေမှုန်းမှုအောက်တွင် ထားဝယ်အမျိုးသမီးသမဂ္ဂဥက္ကဋ္ဌ ဒေါ်မတင်ကြည်၊ ဒုဥက္ကဋ္ဌ သခင်မ ဒေါ်မစိန်၊ အထွေထွေအတွင်းရေးမှူး သခင်မ မတင်စိန် တို့က အင်အားစုများ စုစည်းကာ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ကံပေါက်မြို့နယ်အတွင်းရှိ တောတိုက်များအတွင်းသို့ တိမ်းရှောင်ခဲ့ကြရသည်။
အစပိုင်းတွင် ထားဝယ်ကွန်မြူနစ်ပါတီတပ်များ စခန်းချနေရာများတွင် ထားဝယ်အမျိုးသမီးသမဂ္ဂပါ တွဲဖက်နေထိုင်ခဲ့ကြ၏။
နောက်ပိုင်းတွင် ထားဝယ်အမျိုးသမီးသမဂ္ဂသည် ကွန်မြူနစ်ပါတီ၏ သဘောထားရေးရာများအောက်တွင် ရှိမနေဘဲ သီးခြားအဖွဲ့အစည်းဖြစ်သည်ဟူသော ယုံကြည်ချက်ကြောင့် ပါတီတပ်များနှင့် ပူးတွဲမနေတော့ဘဲ တပ်များ၏ နောက်တန်းစခန်းများတွင် ပြောင်းရွှေ့နေထိုင်ကြသည်။
ပါတီတပ်များမှ လုံခြုံရေးရဲဘော်အနည်းငယ်ထားပေးသော်လည်း အမျိုးသမီးများမှာ ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူကြ၏။
ရိက္ခာအတွက်လည်း ဗမာပြည်ကွန်မြူနစ်ပါတီမှ ထောက်ပံ့သောရိက္ခာအနည်းငယ်အပြင် မိမိဘာသာ တောင်ယာခုတ်၊ သားငါးရှာစားကြရ၏။
လုံခြုံရေးအရ တစ်နေရာတွင် စခန်းချလျှင် အများဆုံးသုံးလသာ နေရပြီး..အနည်းဆုံးရက်ပိုင်းမှသာ နေရသည့်စခန်းများလည်း ရှိသောကြောင့် ပင်ပန်းဆင်းရဲမှုကား အတိ။
စစ်တပ်မှ ထိုးစစ်ဆင်လာလျှင် ယောက်ျားသားများနှင့်အတူ လက်နက်ကိုင် ရင်ပေါင်တန်း တိုက်ခိုက်သည့် အမျိုးသမီးများရှိသကဲ့သို့၊ ကလေးငယ်များ၊ မိသားစုများကို ဘေးလွတ်ရာသို့ ဦးဆောင်ပြေးလွှားပုန်းခိုရသည့် အမျိုးသမီးများလည်း ရှိကြသည်။
ထိုကာလများအတွင်း စစ်တပ်သည် ကွန်မြူနစ်တပ်များ၏ ပြောက်ကျားခုခံစစ်ကြောင့် အကျအဆုံးများနေ၏။
ထို့ကြောင့် နောက်ပိုင်းတွင် စိတ်ဓာတ်ပျက်ပြားစေရန်ရည်ရွယ်ပြီး လုံခြုံရေးအင်အားနည်းသည့် အမျိုးသမီးစခန်းများဆီသို့ ဦးတည်တိုက်ခိုက်မှုများပိုလုပ်လာလေသည်။
ယခုလည်း စခန်းအား စစ်တပ်မှ ဝင်ရောက်စီးနင်းခံရချေပြီ။
ကံကောင်းထောက်မစွာဖြင့် မိုးကြည်တို့ ကလေးငယ်တစ်စုမှာ ရိက္ခာအတွက် တောတွင်း အတို့အမြုပ်၊ အရွက်များ ရှာဖွေရာမှ ပြန်လာချိန်ဖြစ်သဖြင့် စခန်းသို့ မရောက်ကြသေး။
စခန်းတွင်း တိုက်ပွဲကား ပြင်းထန်နေချေပြီ။
……………………………………………..
“သမီးလေး . . . မိုးကြည် . . . ငါ့သမီးလေး”
စခန်းဆီမှ လက်နက်ကြီးသံများကြားလိုက်သည်နှင့် ရီရီ သည် လက်ထဲတွင် ကိုင်ထားသော ပေါက်တူးကို ပစ်ချလိုက်၏။
သူမသည် သမဂ္ဂအမျိုးသမီးသုံးဦးနှင့်အတူ တောင်အောက်ရှိ တောင်ယာစပါးခင်းတွင် ရောက်ရှိနေခြင်းပင်။
ရီရီက စပါးစိုက်ကွင်းဘေးတွင် ထောင်ထားသည့် ရိုင်ဖယ်သေနတ်ကို အပြေးအလွှားယူကာ မောင်းတင်လိုက်၏။
“ရီရီ . . . စွတ်တက်မသွားနဲ့လေ . . . ရန်သူအင်အားများပုံပဲ . . . အခြေအနေစောင့်ကြည့်ပြီး ဆုတ်ကြတာပေါ့”
“မစိန် . . . စခန်းမှာ ကျွန်မသမီးလေး ကျန်ခဲ့တယ်လေ . . . မစိန်”
နံနက်စောစော ရီရီ စခန်းမှ ထလာပြီးတောင်ယာဆင်းချိန်တွင် မိုးကြည်မှာ အိပ်မောကျနေဆဲပင်ရှိသေး၏။
တဲချင်းကပ်လျက်မှ ရဲဘော်မ တစ်ဦးဖြစ်သော မသွန်းစီအား သမီးလေးဖြစ်သူကို ကြည့်ထားရန် မှာကြားကာ ထွက်လာခဲ့ခြင်းပင်။
ကျန်ရဲဘော်မများတားနေသည့်ကြားမှ ရီရီသည် ရိုင်ဖယ်သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် စခန်းကုန်းဆီသို့ ပြန်တက်လာခဲ့၏။
……………………………………………..
“ဖောင်း”
သမီးဇောဖြင့် ပြေးတက်လာသော ရီရီ၏ နားရွက်ဖျားဆီမှ ကျည်ဆန်က အရှိန်ဖြင့် ဖြတ်သွား၏။
ရီရီက မြေကြီးပေါ် ဝပ်ချပြီး ရိုင်ဖယ်ကို အသင့်ပြင်လိုက်သည်။
“သူပုန်မ . . . လက်နက်ချစမ်း . . . သေချင်လို့လား”
ကျည်ဆန်လာရာဆီသို့ ရီရီ ကြည့်လိုက်သည်။
သူမပတ်လည်တွင် သေနတ်ကိုယ်စီဖြင့် စစ်သားများ။
ထိုအချိန်တွင် သူမကျောပေါ်သို့ စစ်ဖိနပ်ခွာတစ်ခုက အရှိန်ပြင်းပြင်းဖြင့် ကျရောက်လာသည်။
“အား”
သူမကျောကို ခြေထောက်ဖြင့် နင်းထားသူက သူမလက်ထဲမှ သေနတ်ကိုပါ ဆွဲယူလိုက်၏။
“ငြိမ်ငြိမ်နေစမ်း . . . နောက်စေ့ပွင့်သွားမယ် . . . ဟေ့ကောင်တွေ . . . ဒီကောင်မကို ကြိုးလာတုတ်ကြစမ်း”
ခြေသံများကြားရသည်။
ရီရီ၏ ကျောပြင်ကို နင်းထားသော ခြေထောက်က ရီရီ၏ ခေါင်းကို နင်းချလိုက်၏။
မြေကြီးစိုစိုထဲတွင် ရီရီ၏ မျက်နှာတစ်ခုလုံး နစ်ဝင်သွားသည်။
စစ်သားနှစ်ဦးက ရီရီ၏ လက်အား ခပ်ကြမ်းကြမ်းပင် ကြိုးတုတ်လိုက်ကြသည်။
ရီရီ နှာခေါင်းထဲသို့ ရွှံဗွက်များ တိုးဝင်လာကြ၏။ ရီရီအသက်ရှူကြပ်လာပြီ။
ပါးစပ်ကို အနည်းငယ်ဟကာ အသက်ရှူကြည့်သည်။
လည်ချောင်းထဲသို့ ရွှံရည်များတိုးဝင်လာပြန်၏။
ကြိုးတုတ်ပြီးသည့်အခါမှ ခေါင်းကို နင်းထားသည့် ခြေထောက်က ကြွပေးသွားသည်။
“အဟွတ် . . . အဟွတ် . . . ဖွီး . . . ဖွီး”
ရီရီ၏ နှာခေါင်းနှင့် ပါးစပ်ထဲမှ ရွှံရည်များ၊ မြေပျော့ပျော့များ ပြန်ထွက်လာကြသည်။
“ထစမ်း . . . အချိန်မရှိဘူး”
စစ်သားတစ်ယောက် က စုတ်တိစုတ်ဖွားဖြစ်နေသော ရီရီ၏ ဆံပင်များကို စောင့်ဆွဲလိုက်၏။
ရီရီ မတ်တတ်ရပ်ပြီး ပတ်ဝန်ကျင်ကို အကဲခတ်လိုက်သည်။
မြေကြီးပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် ပြန့်ကျဲသေဆုံးနေကြသော အလောင်းများ။
သွေးအလူးလူးဖြင့် အသက်ပျောက်နေသော ရဲဘော်အချို့၊ စခန်းတွင်းကျန်ရစ်သော အမျိုးသမီးအချို့။
ထို့နောက်။
သစ်ပင်တစ်ပင်အောက်တွင် စုပုံထားသော ကလေးအလောင်းအချို့။
“သမီး..မိုးကြည်..သမီးလေး”
ရီရီက ရှိသမျှ အားကုန်သုံးကာ အော်လိုက်သည်။
“တိတ်တိတ်နေစမ်း . . . ဟာ . . . ဒီကောင်မ”
သူမ၏ နောက်ကျောသို့ စစ်ဖိနပ်ဖြင့် ခပ်ပြင်းပြင်းစောင့်ကန်ခြင်း ခံလိုက်ရပြန်၏။
ရီရီမြေကြီးပေါ်သို့ လဲကျမတတ်ဖြစ်သွားသည်။
“သွား . . . ဟိုမှာ သွားနေ”
စစ်သားညွှန်ပြရာသို့ ရီရီ ကြည့်လိုက်သည်။
သူ့ကဲ့သို့ပင် လက်ပြန်ကြိုးတုပ်ခံရလျက် မြေကြီးပေါ်သို့ လဲကျနေသော အမျိုးသမီးနှစ်ဦး။
“မမမြင့် . . . ဟင် . . . မမတင်”
သမဂ္ဂခေါင်းဆောင်အမျိုးသမီးနှစ်ဦးဖြစ်သော မသိန်းတင်နှင့် မမြင့်မြင့်တို့။
“ရီရီ”
မျက်နှာတွင် ဖူးယောင်ဒဏ်ရာများဖြင့် သွေးအလူလူးဖြစ်နေသော မသိန်းတင်က သူမနာမည်ကို ခပ်ဖွဖွခေါ်သည်။
မမြင့်မြင့်ကတော့ . . . ပုခုံးတစ်ဖက်တွင် စုတ်ဖွာထွက်နေသော ဒဏ်ရာကြီးဖြင့် လဲလျောင်းညည်းညူလျက်။
“ကျွန်မသမီးလေး . . . မိုးကြည် . . . မိုးကြည်ကိုတွေ့မိကြလားဟင် . . . မိုးကြည်ကို . . .”
မသိန်းတင်က ဘာမှပြန်မပြော။
“မိုးကြည် . . . က ရန်နိုင်တို့နဲ့ ဟင်းရွက်ခူးထွက်သွားတယ် . . . ဟိုထဲမှာတော့ သူတို့မပါဘူး . . . သေချာတယ် . . .”
ဒဏ်ရာရထားသော မမြင့်မြင့်က သေဆုံးနေကြသည့် ကလေးငယ်များထံသို့ လှမ်းကြည့်လျက် . . . အားယူရင်း တစ်လုံးချင်းပြောလိုက်သည်။
ထိုအချိန်တွင် ကလေးအရွယ် ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးကို စစ်သားများက ခြေထောက်မှ တရွတ်ဆွဲလျက် ခေါ်လာကြသည်ကို ရီရီ လှမ်းတွေ့လိုက်ရ၏။
“သမီးလေး . . . မိုးကြည်လား . . . သမီး”
လှံစွပ်တစ်ခုက ရီရီ၏ လည်မြိုကို လာထောက်ထားလိုက်သည်။
ကလေးနှစ်ဦးကို သူတို့ကြားထဲသို့ စစ်သားများက ပစ်ထည့်သွားကြ၏။
ရွှံအလူးလူးဖြစ်နေသော မိန်းကလေးငယ်နားကို ရီရီက တိုးကပ်သွားသည်။
“သမီးလေး . . . မိုးကြည် . . . မိုးကြည်”
“သူ..မိုးကြည်မဟုတ်ဘူး…ဒေါ်လေးရီ”
ယောက်ျားလေးထံမှ အသံအဲ့အဲ့ထွက်လာ၏။
“ဟင် . . . ရန်နိုင် . . . သား . . . မိုးကြည်ရော . . . မိုးကြည်ရောဟင်”
“သားလည်းမသိဘူး.ဒေါ်လေး . . . စစ်သားတွေ တောနင်းပြီးရောက်လာတော့ . . . သားတို့လည်း ခြေဦးတည့်ရာပြေးရင် . . . လူစုကွဲသွားကြတယ် . . . သူတို့ သေနတ်တွေနဲ့လည်း ပစ်ကြတယ် . . . သေတဲ့လူလည်း သေကုန်ပြီ”
ရန်နိုင်၏ စကားအဆုံးတွင် ရီရီ ခေါင်းငိုက်စိုက်ကျသွားသည်။
“ဟေ့ . . . အားလုံး ထစမ်း . . . ထစမ်း . . . ဗိုလ်ကြီးက မင်းတို့ကို မေးစရာရှိတယ်”
ရီရီ့မျက်လုံးရှေ့တည့်တည့်သို့ရောက်လာသော လှံစွပ်များ၊ သေနတ်ပြောင်းများ၊ စစ်ဖိနပ်များ။
ခက်ဇော်