BREAKING
September 16, 2024

ဆိုင်သာဆိုင် မပိုင်သည့် ထိုင်းဘဏ်အကောင့် ပိုင်ရှင် မြန်မာအပြစ်သားများ ရှိသည်

July 5, 2024

တစ်လထိုင်းဘတ် သောင်းဂဏန်းသာ ဝင်ငွေရှိသော ထိုင်းရောက်မြန်မာအလုပ်သမားအချို့၏ ဘဏ်အကောင့်များတွင် ဘတ်ငွေ သိန်းသန်းချီ အဝင်အထွက်ရှိနေသည်။ ဆိုင်သော်လည်း မပိုင်သည့် ဘဏ်အကောင့်များကို ပိုင်ဆိုင်ထားသူ မြန်မာများမှာ ငွေကြေးခဝါချမှု အွန်လိုင်းလောင်းကစားလုပ်ငန်းများ၏ ပစ်မှတ်များဖြစ်လာသည်။

အွန်လိုင်းငွေကြေးစနစ်မှ မသုံးလျှင် လူရာမဝင်တော့သည့် ခေတ်တွင် ဘဏ်အကောင့်ရှိခြင်းက မထူးဆန်းလှသော်လည်း မြန်မာအလုပ်သမားများအတွက်မူ ထောင်နှစ်ရှည်ကျနိုင်သည့်ကိစ္စဖြစ်နေသည်။

အလုပ်ရှင်၊ ပွဲစားတို့ အတင်းအကျပ် ဖွင့်ခိုင်းသဖြင့် မြန်မာအလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်ဖြင့် ဖွင့်ပေးခဲ့ရသည့် ဘဏ်အကောင့်များကို အလုပ်ရှင်၊ ပွဲစားတို့က လက်ဝယ်သိမ်းထားကာ အလွဲသုံးစားလုပ်မှုများ ရှိနေသည်။ ငွေကြေးခဝါချမှု၊ အွန်လိုင်းလောင်းကစားမှုများကဲ့သို့ ပြစ်မှုများကို ကျူးလွန်ကြသည်။

ထိုင်းအာဏာပိုင်များက စစ်ဆေးဖမ်းဆီးအရေးယူသည့်အခါ ဘဏ်အကောင့် အမည်ပေါက်နေသည့် မြန်မာအလုပ်သမား များသာ အရေးယူခံရ၊ ထောင်ချခံကြရသည်။ အမည်ခံ ဖွင့်ပေးထားသည့် ဘဏ်အကောင့်တို့တွင် ဘတ်ငွေ သိန်းသန်းချီ အဝင် အထွက်ရှိနေသည်ကို မြန်မာအလုပ်သမားများမသိကြဘဲ ထိုင်းအာဏာပိုင်းများက စစ်ဆေးဖမ်းဆီးချိန်မှသာ သိခွင့်ရကြသည်။

“ဘဏ်ထဲကို ပိုက်ဆံတစ်ပြားမှ သွင်းဖူးတာ၊ ထုတ်ဖူးတာမျိုး မရှိခဲ့ဘူး။ ဘဏ်ကတ်တွေကို (ဖွင့်ပြီး) သူတို့ (အလုပ်ရှင်၊ ပွဲစား) တစ်ခါတည်းယူသွားတော့ ကျွန်တော်တို့ မြင်တောင် မမြင်လိုက်ရပါဘူး။ ဒါပေမဲ့ကျွန်တော်ဘဏ်အကောင့်တွေထဲမှာ ဘတ်ငွေ သန်းပေါင်းတော်တော်များများ ဝင်ငွေထွက်ငွေ ပြနေတာမျိုးတွေ့ရတယ်။ တော်တော်လေးကို ကြောက်ဖို့ကောင်းပါတယ်”

ကိုယ်တိုင်လက်မှတ်ထိုး ဖွင့်ခဲ့သော ဘဏ်စာအုပ်ကို အလုပ်ရှင် သိမ်းဆည်းခဲ့ပြီး အလွဲသုံးစားပြုလုပ်ခဲ့သဖြင့် ဘတ်ငွေ သန်းချီ ငွေဝင်ငွေထွက်ရှိနေသည်ကို ထိတ်လန့်စွာ ကြုံတွေ့ခဲ့ရသော ကိုမောင် (အမည်လွှဲ) က ပြောပြ သည်။ ကိုမောင်သည် ရယွန် ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသူဖြစ်ပြီး ဘဏ်အကောင့်များကို ၎င်းဆန္ဒရှိ၍ ဖွင့်ခဲ့ခြင်း မဟုတ်။

ကိုမောင်ကဲ့သို့ အလားတူ ကြုံတွေ့နေရသည့် မြန်မာများစွာ ရှိနေသည်။ ဘဏ်အကောင့်များ အလွဲသုံးစားလုပ်ခံရသဖြင့် ထောင်ကျပြီး အမှုရင်ဆိုင်နေရသူများလည်းရှိနေသည်။ ယခုကဲ့သို့ အလွဲသုံးစားမှုများမှာ နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် တရားဝင် လာရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများ ပစ်မှတ်ထားခံနေရခြင်းလည်း ဖြစ်သည်။

အကျပ်ကိုင်ပြီး ဘဏ်အကောင့်ဖွင့်ခိုင်းခြင်း

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ အလုပ်ရှားပါးခြင်း၊ စီးပွားရေးကျပ်တည်း ခြင်းတို့ကြောင့် ထိုင်းအပါအဝင် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ကြရသည်။ ထိုင်းသို့ ဆိုလျှင် တရားမဝင်လာရောက် လုပ်ကိုင်ကြသူများရှိသလို MoU စနစ်ဖြင့် တရားဝင် လာရောက်လုပ်ကိုင်ကြသူများလည်း ရှိသည်။

ပြည်တွင်းတွင် ပစ္စည်းပို့သည့် အလုပ်ဖြင့် မိသားစုကို ရှာဖွေလုပ်ကိုင် ကျွေးမွေးနေသည့် ကိုမောင်သည်လည်း အာဏာသိမ်းပြီး နောက်တွင် အလုပ်အဆင်မပြေ မရပ်တည်နိုင်တော့သဖြင့် ထိုင်းနိုင်ငံသို့ တရားဝင် လာရောက်လုပ်ကိုင်သူ ဖြစ်သည်။

ကိုမောင် အပါအဝင် မြန်မာအလုပ်သမား ၃၇ ဦးကို ဘန်ကောက်တွင် အလုပ်လုပ်ကိုင်ရန် စစ်သွေးညီအေဂျင်စီက ၂နှစ် စာချုပ်ဖြင့် ယခုနှစ် မတ်လတွင် ထိုင်းသို့ MoU စနစ်ဖြင့်စေလွှတ်ခဲ့သည်။ တရားဝင်လာသော်လည်း စာချုပ်ပါ အလုပ်နေရာ အတိုင်း မဟုတ်ဘဲ အခြားဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်ကြရသည်။

ယင်းအလုပ်တွင် လုပ်ကိုင်နေစဉ် အလုပ်ရှင်သူဌေးနှင့် အလုပ်သမားခေါင်းဆောင်တို့က ဘန်ကောက်အနီး စမွတ်ပရကန်က ကုန်တိုက်များသို့ လိမ်လည်ခေါ်ဆောင်ခဲ့ပြီး အလုပ်သမားတစ်ဦးလျှင် ဘဏ်အကောင့်နှစ်ခုစီ အတင်းအကျပ် လုပ်ခိုင်းသည်။
အလုပ်သမားများက ဆန္ဒမရှိကြသဖြင့် ဘဏ်အကောင့်မဖွင့်နိုင်ကြောင်း ကနဦးတွင် ငြင်းခဲ့သေးသည်။

ဘဏ်အကောင့်မဖွင့်လျှင် အလုပ်ထုတ်မည်ဟု အလုပ်ရှင်က ခြိမ်းခြောက်ခဲ့သဖြင့် ထိုင်းဖာနစ် (SCB) နှင့် ကစီကွန် (K Bank) ဘဏ်အကောင့်တစ်ခုစီကို ကိုမောင်တို့ မြန်မာအလုပ်သမား ၃၈ ဦး အုပ်စုက ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များဖြင့် ဖွင့်ပေးခဲ့ရကြောင်း ကိုမောင်က ဆိုသည်။

“မင်းတို့ မဖွင့်ပေးဘူးဆိုရင် မြန်မာပြည်ပြန်ပို့မယ်ဆိုပြီး (သူဌေးက) ခြိမ်းခြောက်တယ်။ မင်းတို့ကို လမ်းမှာပဲ ချခဲ့မယ်ပေါ့။ အဲဒီလိုမျိုးအထိ ပြောပြီး ဖွင့်ခိုင်းခဲ့တယ်” ဟု ကိုမောင်က ပြန်ပြောင်းပြောဆိုသည်။

ဘဏ်အကောင့် ဖွင့်ရာတွင် အလုပ်ရှင်ပေးသည့် ဖုန်းနံပတ်ဖြင့် ဖွင့်ပေးခဲ့ရပြီး အကောင့်ဖွင့်ပြီးနောက် ဘဏ်အကောင့်ကို အလုပ်ရှင်က သိမ်းသွားသည်။

“ဘဏ်ကတ်ကို ဖွင့်တဲ့အချိန်မှာ သူတို့ရဲ့ (ပွဲစားနဲ့ အလုပ်ရှင်) ဖုန်းနံပါတ်တွေနဲ့ ဖွင့်တာ။ ကျွန်တော်တို့ရဲ့ ပတ်စ်ပို့စ်တွေ၊ work permit တွေ အလွဲသုံးစားလုပ်ပြီး အချက်အလက်တွေယူပြီး ဖွင့်တာ။ တစ်ခါတည်း အကုန်လုံးပြန်ယူသွားတယ်။ သိမ်းသွား တယ်ပေါ့လေ။ စာအုပ်တွေ ဘဏ်ကတ်တွေ အကုန်လုံး။ password တွေကအစ သူတို့ရဲ့ password တွေကိုပဲ ထည့်ခိုင်း တယ်” ဟု ကိုမောင်က ကြုံတွေ့ခဲ့ရသည့်အခြေအနေ ရှင်းပြသည်။

ဘဏ်အကောင့်နံပါတ်ကိုပင် ကိုမောင် မသိလိုက်ရဘဲ အကောင့်ဖွင့်ပြီးသည်နှင့် အလုပ်ရှင်က ဘဏ်အကောင့်၊ ATM ကတ်၊ Mobile Banking နှင့် ဖုန်းဆင်းကတ်များကို ချက်ချင်းသိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

သားကောင်များ

ဘဏ်အကောင့် အလွဲသုံးစားပြုလုပ်ခံရမှုများတွင် ကိုမောင်ကဲ့သို့ တရားဝင် အသစ်ဝင်ရောက်လာသော MoU အလုပ်သမား များ အဓိက ပစ်မှတ်ထားခံလာကြရကြောင်း မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်နေသည့် AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

“မြန်မာပြည်ကနေ တရားဝင်လာတဲ့ MoUတွေ အများဆုံးကြုံတွေ့နေရတယ်။ ထိုင်းကို အခုမှအသစ်ရောက်လာတဲ့သူတွေကို ဦးတည်ထားတာ။ ထိုင်းမှာအနေကြာပြီးနေနေတဲ့သူတွေကို မသုံးဘူး။ တွေ့ရတာမျိုးနည်းနေသေးတယ်” ဟု ၎င်းက ဆိုသည်။

အသစ်ရောက်ရှိလာသော MoU မြန်မာအလုပ်သမားများကို မြန်မာနှင့် ထိုင်းအေဂျင်စီများက လုပ်ငန်းခွင်ဝင်မည်ဆိုလျှင် ဘဏ်အကောင့်ဖွင့်ရမည်ဟု စည်းရုံးခဲ့ပြီး ဘဏ်အကောင့်အသစ်များ ပြုလုပ်ပေးကြောင်း ဦးခိုင်ကြီးက ရှင်းပြသည်။

“ပွဲစားတွေက ဖုန်းကတ်တွေကိုလည်း အပြင်ကနေဝယ်။ သူတို့က K mobile တွေကိုရောပဲ အွန်လိုင်းကနေ လုပ်လို့ရတဲ့ အဆင့်တွေ အကုန်လုံးကို လုပ်သွားတာ။ (ဘဏ်အကောင့်) လုပ်ပြီးတာနဲ့ ဖုန်းကတ်တွေလည်းသိမ်းတယ်၊ စာအုပ်တွေလည်း သိမ်းတယ်။ အလုပ်သမားတွေကို ငွေလေး တစ်ရာ နှစ်ရာပေးပြီး အကုန်သိမ်းသွားတာပဲ့။ ရုံးမှာ မင်းတို့ အလုပ်ရှင်ကို သွားပို့ရမယ်ဆိုပြီးတော့” ဟု ၎င်းက ပြောဆိုသည်။

MoU အပြင် ဘတ်ဟု အလွယ်ခေါ်သည့် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) နှင့် CI ဟုခေါ်သည့် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်တို့ကို တွဲကိုင်ထားသူများလည်း ပစ်မှတ်ထားခံနေရသည်။ ပန်းရောင်ကတ်နှင့် CI နှစ်ခုကို ပူးတွဲကိုင်ဆောင်မှသာလျှင် ထိုင်းတွင် နေထိုင် အလုပ်လုပ်ကိုင်ခွင့်၊ ခရီးသွားလာခွင့်ရသည်။

ပန်းရောင်ကတ်နှင့် CI စာအုပ် ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများလည်း ပစ်မှတ်ထားခံနေပြီး ဘဏ်အကောင့် များကို ငွေကြေးအနည်းငယ်ပေး၍ အလွဲသုံးစား အလုပ်ခံရသည်ကို မြင်တွေ့ရကြောင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် WAG အဖွဲ့ထံမှ သိရသည်။

ထောင်နှုတ်ခမ်းဝက မြန်မာလုပ်သားများ

ထိုင်းနိုင်ငံတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း၊ ငွေကြေးခဝါချမှုများတွင် အမည်ခံ ဘဏ်အကောင့်များဖြင့် အလွဲသုံးစားလုပ်မှုများ ပေါ်ပေါက်လာသည်။ အဆိုပြစ်မှုများစစ်ဆေးပေါ်ပေါက်ပြီး ငွေကြေးအလွှဲအပြောင်းများလုပ်ထားသည့် ဘဏ်အကောင့် များကို စစ်ဆေးရာ မြန်မာအလုပ်သမား အမည်ပေါက်သည့် ဘဏ်အကောင့်များ ပါဝင်နေသဖြင့် ဖမ်းဆီးခံရမှုများရှိလာသည်။

မြန်မာအလုပ်သမား အမည်ပေါက် ဘဏ်အကောင့်များမှတစ်ဆင့် ငွေကြေးခဝါချမှုများ၊ အွန်လိုင်းလောင်းကစားပြုလုပ်မှုများ ပြုလုပ်ထားသည်ဟု စွပ်စွဲချက်ဖြင့် မြန်မာအလုပ်သမားလေးဦးလည်း ဖမ်းဆီးတရားစွဲဆိုခံထားရပြီး လိုက်လံကူညီဖြေရှင်းပေး နေရကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

လက်ဝယ်မရှိသော ဘဏ်အကောင့်ကို အလုပ်သမားများကိုယ်တိုင် စစ်ပိုင်ခွင့်မရှိသဖြင့် ၎င်းတို့ကိုယ်တိုင် မသိလိုက်ဘဲ ဘဏ်အကောင့်ထဲ တရားမဝင် ငွေဝင်ငွေထွက်ရှိနေခဲ့ရာမှ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရခြင်းဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ဆိုသည်။

“အလုပ်သမားတွေက ငွေစစ်တာတောင်မှ စစ်ပိုင်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ်အကောင့်ကို (အလုပ်သမားတွေ) မသိဘူး။ အဲဒီတော့ အာဏာပိုင်တွေကို ပြန်တိုင်ပြီးတော့မှ ဘဏ်အကောင့်ကိုသိမှ ပိုက်ဆံဘယ်လောက်ဝင်နေလဲဆိုတာ စစ် လို့ ရတယ်။ အခုငွေကြေးခဝါချမှုဆိုတော့ တရားဥပဒေနဲ့ဖြေရှင်းရတဲ့အခါ အချိန်ကြန့်ကြာနေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သော မေလက MoU စနစ်ဖြင့် တရားဝင်လာသည့် မြန်မာအလုပ်သမားတစ်ဦးလည်း သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ဘဏ်ထဲက ငွေဘတ် သိန်း ၂၀ ကို အွန်လိုင်းလောင်းကစားအတွက် ထုတ်ယူထားသည်ဟုဆိုကာ ဖမ်းဆီးထောင်ချခံခဲ့ရသည်။

“ထောင်ဆယ်နှစ်ကျသွားတယ်ပေါ့။ သံရုံးဆီက အာမခံ သွားတောင်းတော့လည်း သံရုံးက အာမခံမပေးဘူး။ သံရုံးဘက်က ထောက်ခံစာပေးမှ ကျွန်တော်တို့ လုပ်လို့ရမှာ။ မပေးတော့ ထောင်ထဲ ရောက်သွားတာပဲ။ (အလုပ်သမားပို့တဲ့) အေဂျင်စီဘက် ကလည်း မြန်မာနိုင်ငံသားက လောင်းကစားလုပ်လို့ ဖြေရှင်းပေးလို့ မရဘူးလို့ ပြောတယ်” ဟု ယင်းအမှုတွင် ကူညီဖြေရှင်းပေး နေသော WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘန်ကောက်ရှိ မြန်မာသံရုံးကို ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

ယင်းအပြင် ယခုနှစ်အတွင်းပင် ဘဏ်အကောင့်များ အလွဲသုံးစားလုပ်ခံရသဖြင့် WAG အဖွဲ့က လိုက်လံဖြေရှင်းပေးနေရသည့် အမှု ၃ မှုအထိရှိလာခဲ့ပြီး တစ်မှုတွင် အနည်းဆုံး အလုပ်သမား ၂၀ ကျော်ပါဝင်နေကြောင်း ဆိုသည်။

အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် ဘဏ်အကောင့်များကို အလွဲသုံးစားလုပ်နေမှုများကြောင့် ထိုင်းအစိုးရက ပြီးခဲ့သည့် မေလတွင် ဘဏ်အကောင့်များကို စစ်ဆေးခဲ့သည်။

ဘဏ်အကောင့် အလွဲသုံးစားမှုများကို ကာကွယ်နိုင်ရန် မိုဘိုင်းဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသည့် Mobile Banking အကောင့် ၁၀၆ သန်းကို ပိုင်ရှင်အမည်များ တူညီမှု ရှိမရှိ ပြီးခဲ့သော မေလမှစ၍ စစ်ဆေးနေပြီး ရက်ပေါင်း ၁၂၀ အတွင်း အပြီးသတ်ရန် စီစဉ်နေသည်။ ထိုင်းလူဦးရေ သန်း ၆၀ ကျော်ထက် နှစ်ဆနီးပါး ပိုများနေသော ဘဏ်အကောင့်များကို ထိုင်းအစိုးရက စစ်ဆေးဖြေရှင်းရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

ကိုမောင်တို့ အလုပ်သမား ၃၈ ဦးအုပ်စုတွင် ဘဏ်အကောင့်နှစ်ခုစီဖြင့် ဘဏ်အကောင့်ပေါင်း ၇၆ ခုအထိ အမည်ခံပြီး အလုပ်ရှင်ကို ဖွင့်ပေးခဲ့ရသည်။ ပြစ်မှုကျူးလွန်သည်ဆိုကာ ဘဏ်အကောင့် အမည်ပေါက်သည့် မြန်မာအလုပ်သမားများကို ဖမ်းဆီးလာချိန်တွင် ကိုမောင်တို့လည်း ထိတ်လန့်လာသည်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကလည်း ဘဏ်အကောင့်များမှတစ်ဆင့် ငွေကြေးခဝါချထားမှု၊ အွန်လိုင်းလောင်းကစား ပြုလုပ်နေဟုဆိုကာ မြန်မာအလုပ်သမားများကို ထိုင်းအာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးလာနေခဲ့သဖြင့် သတိထားရန် ဇွန်လဆန်းတွင် အသိပေးချက် ထုတ်ပြန်လာသည်။

ယင်းသတင်းများကြောင့် ကိုမောင်အပါအဝင် မြန်မာအလုပ်သမားများသည် စွပ်စွဲဖမ်းဆီးခံရမည်စိုးသဖြင့် လက်လှမ်းမီသော မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းခံထားကြသည်။

“ကျွန်တော်တို့အဖွဲ့ထဲက မဟုတ်ပေမယ့် တခြားအဖွဲ့ထဲကပေါ့နော်။ ဘဏ်ကတ်ဖွင့်ပြီးရင် အဲဒီထဲကနေ သူဌေးက ပိုက်ဆံ တွေ ချေးငွေတွေ ထုတ်သုံးထားလို့ဆိုပြီး ကောင်လေးတစ်ယောက်က (မြန်မာအလုပ်သမား) ထောင်ကျတဲ့ အနေအထားမျိုး ကို ကြားရပါတယ်။ ဒါကြောင့်ပဲ WAG ကို ကူညီပေးဖို့ တိုင်ကြား ခဲ့တာပါ” ဟု ကိုမောင်က ပြောသည်။

ဘတ်ငွေ သိန်းသန်းချီ အဝင်အထွက်ရှိနေ

တစ်လလျှင် လုပ်အားခ ဘတ်တစ်သောင်းကျော်သာ ရရှိကြသည့် မြန်မာအလုပ်သမားများ၏ ဘဏ်အကောင့်မှာ အချိန်တိုအတွင်း ဘတ်ငွေသိန်းသန်းချီ အဝင်အထွက်ရှိနေသည်။ မိမိဘဏ်အကောင့်တွင် ယင်းငွေကြေးပမာဏ အဝင်အထွက် ရှိနေသည်ကို မြန်မာအလုပ်သမားများ မသိကြ။

ကိုမောင်တို့မှာလည်း ဘဏ်အကောင့် ဖွင့်ပြီး အလုပ်ရှင်သိမ်းဆည်းသွားပြီးနောက် မိမိတို့အမည်ပေါက်သည့် ဘဏ်အကောင့်များကို မည်သို့ အလွဲသုံးနေသည်ကို လနှင့်ချီ ကြာသည်အထိ မသိကြ။

မြန်မာအလုပ်သမားများ ဖမ်းဆီးခံရသည့် သတင်းများ ဆက်တိုက်ကြားရချိန်မှသာ ထိတ်လန့်လာပြီး WAG အဖွဲ့ အကူအညီ ဖြင့် ရဲစခန်းတွင် တိုက်ချက်ဖွင့်ပြီး စစ်ဆေးချိန်မှသာ ဘဏ်အကောင့်တွင် ငွေသန်းချီ စီးဆင်းနေသည်ကို သိခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ကိုမောင်တို့အုပ်စုသည် မေလတွင် ရယွန်ရဲစခန်း၌ ဘဏ်အကောင့်များကို ပိတ်ပေးရန် အမှုဖွင့် တိုင်ကြားခဲ့ကြ သည်။ အလုပ်ရှင်က ဘဏ်အကောင့်များကို ပိတ်ပေးမည်ဆိုကာ တာဝန်ယူခဲ့သော်လည်း အလုပ်သမားများ ဖွင့်ထားသော ဘဏ်အကောင့်နှစ်ခုအနက် ထိုင်းဖာနစ်ဘဏ် (SCB) တစ်ခုတည်းကိုသာ ပိတ်ပေးခဲ့သည်။

“ဘဏ်ထဲက ထွက်လာတဲ့ ပိုက်ဆံတွေကိုလည်း ကာယကံရှင် (မြန်မာအလုပ်သမားတွေ) ကိုယ်တိုင်က လက်မှတ်ထိုး ထုတ်ခဲ့ရတယ်။ ထုတ်တဲ့အခါ သူဌေးမက အဲဒီပိုက်ဆံတွေကို အကုန်လုံး သိမ်းသွားတယ်။ (ဘတ်) သိန်းဂဏန်းအထိ ရှိတဲ့သူတွေ ရှိနေတယ်” ဟု ကိုမောင်က ပြောသည်။

သို့သော်လည်း ငွေကြေးသန်းချီ ရှိနေသော ကိုမောင်နှင့် အလုပ်သမားများ၏ ကစီကွန် (K Bank) ဘဏ်အကောင့်များကိုမူ အလုပ်ရှင်က မပိတ်ပေးခဲ့ပေ။ သိမ်းဆည်းထားသော ဘဏ်အကောင့်များဖြင့် အလုပ်ရှင်က အွန်လိုင်းလောင်းကစားပြုလုပ်ရာ တွင် အလွဲသုံးစား လုပ်နေသည်ဟု ယူဆနိုင်ကြောင်း ကူညီဖြေရှင်းပေးနေသော WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

“ဒီဘဏ်စာအုပ်တွေသုံးပြီး အွန်လိုင်းလောင်းကစားတွေလုပ်နေတာသိတာတယ်။ အလုပ်သမားတွေရဲ့အကောင့်ထဲမှာ မိနစ် ပိုင်းအတွင်း ငွေအဝင်အထွက်ရှိနေတယ်။ ငွေဝင် ငွေထွက် တအားကြမ်းတယ်” ဟု ၎င်းက ဆိုသည်။

အလွဲသုံးစားအလုပ်ခံထားရသော ဘဏ်အကောင့်များကို စစ်ဆေးစဉ် အလုပ်သမားတစ်ဦးလျှင် ဘတ်သန်း ၁၂၀ အထိ ငွေကြေး အဝင်အထွက်ရှိနေခဲ့ကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။

AAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံထားရာတွင်လည်း ဘဏ်အကောင့်ဖွင့်ပြီး ဘဏ်စာအုပ်အသိမ်းခံထားရသော မြန်မာအလုပ်သမား ၁၀၀ ကျော်ရှိနေပြီး အလွဲသုံးစား ပြုလုပ်ခံရမည်စိုးသဖြင့် ကူညီဖြေရှင်းပေးနေရဆဲဖြစ်သည်။ မိမိနှင့် အတူ ဘဏ်စာအုပ်ပြုလုပ်ထားသူတစ်ဦးဦး ဖမ်းဆီးရချိန်မှသာ စိုးရိမ်ကြောက်လန့်ပြီး အကူအညီတောင်းခံခဲ့ကြခြင်းဖြစ်သည်။

“အလုပ်သမားတွေက သူတို့ဘဏ်အကောင့်တွေကို စက်ရုံထဲ ပြန်ပေးမယ်ဆိုလို့ ပေးလိုက်ကြတာ။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေ ထဲမှာ လာလာဖမ်းတဲ့အချိန်ကျတော့ ကြောက်ရွံ့ပြီး အကူအညီလာတောင်းတာပေါ့။ ဘဏ်အကောင့်အတူတူဖွင့်တဲ့ လူတွေ ဖမ်းသွားပြီဆိုပြီးတော့။ ဒါကြောင့် ဘဏ်တွေ သွားသွားပြီး ဘဏ်အကောင့်တွေ ပြန်ပိတ်မှ သိရတာ” ဟု AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာဦးခိုင်ကြီးက ပြောသည်။

အကောင့်သွားပိတ်ချိန်တွင် အကောင့်တစ်ခုလျှင် ပျမ်းမျှ ဘတ် ၁၅ သိန်းအထိ ရှိနေခဲ့ပြီး အလုပ်သမားအားလုံးစုစုပေါင်းလျှင် ဘတ် သိန်း ၄၀၀ ကျော်အထိ ရှိနေကြောင်း ၎င်းက ဆိုသည်။

ဖြေရှင်းရခက်နေဆဲ၊ စိုးရိမ်ထိတ်လန့်နေရဆဲ

အလွဲသုံးစားလုပ်ခံနေရသည်ကိုသိရှိပြီး ဘဏ်အကောင့်များကို ပိတ်ရန်လုပ်ဆောင်နေသော်လည်း ခက်ခဲနေဆဲဖြစ်သည်။ ကိုမောင်တို့ အုပ်စုသည်လည်း ဘတ်ငွေသန်းရာချီရှိနေသည့် ကစီကွန် ဘဏ်အကောင့်တို့ကို ပိတ်ရန် ဘဏ်ရုံးအထိသွားပြီး ပိတ်ရန်ကြိုးပမ်းခဲ့သော်လည်း ရန်ချိန်းသာပြန်ပေးပြီး ပိတ်ပေးခြင်း မရှိသေးဟု ဆိုသည်။

“ဒီကိစ္စတွေ ဖြစ်လာပြီးနောက်ပိုင်းတော့ လူတိုင်း စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ကြတယ်။ အခုဆို ဘဏ်ကတ်တွေ လိုက်ပိတ်တဲ့ အချိန် စားဝတ်နေရေး သွားရေးလာရေးတွေကအစ အခက်အခဲလေးတွေ ကြုံနေရတယ်။ ဒီဘဏ်ကတ်တွေကလည်း မပိတ်လို့ကလည်း မဖြစ်ပြန်” ဟု ကိုမောင်က ပြောသည်။

ထိုင်းနိုင်ငံဥပဒေအရ ဘဏ်အကောင့်ပိုင်ရှင်က ၎င်းအကောင့်ထဲရှိ ငွေကြေးများ ထုတ်ပိုင်ခွင့်ရှိသည်။ ဘဏ်စာအုပ် သိမ်းဆည်း ခံထားရသည့် မြန်မာများမှာ ရဲစခန်းတွင် ဘဏ်စာအုပ်ပျောက်တိုင်တန်းပြီး ဘဏ်တွင် စာအုပ်အသစ်ပြုလုပ်ပြီး ငွေထုတ်ကြည့်သောအခါ ဘဏ်ဘက်က ငွေထုတ်ယူခွင့် မပေးခဲ့ပေ။

ငွေဝင်ထားသည့် အကြောင်းအရင်းကို မတင်ပြနိုင်ဟုဆိုကာ ဘဏ်ဘက်က ငြင်းဆန်ခဲ့သဖြင့် အခြားသူများလည်း ထုတ်ယူခွင့် မရှိစေရန် မြန်မာအလုပ်သမားများ၏ ဘဏ်အကောင့်များကို ပိတ်ပေးခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

“ဒီငွေတွေ အခြားသူ ထုတ်သွားမှာ ကြောက်တယ်။ တကယ်လို့ ထုတ်သွားမယ်ဆိုရင် ဒီငွေတွေကို ရဲစခန်းသွားပြီး (တရားမဝင်လို့ဆိုပြီး) သွားတိုင်မိလိုက်ရင် အလုပ်သမားက Auto အချုပ်ထဲ ရောက်သွားမှာ” ဟု ဦးခိုင်ကြီးက ပြောသည်။

ဘဏ်အကောင့် အလွဲသုံးစားအလုပ်ခံမှုများကို သံရုံးက ဆက်သွယ်အကူအညီတောင်းရန် ကြေညာထားသော်လည်း အမှန် တကယ် ဆက်သွယ်အကူအညီတောင်းရာတွင် တိကျသေချာသော ဖြေရှင်းချက်များ၊ အကူအညီများ မရကြောင်း ကိုမောင်က ဆိုသည်။ အလုပ်ရှင်၏ ဖိအားပေးမှု၊ သွားလာ စရိတ် အခက်အခဲများကြုံတွေ့ခဲ့ရသော်လည်း အလွဲသုံးစားအလုပ်ခံထား ရသော ဘဏ်အကောင့်များကို ပိတ်နိုင်ရန် ဆက်ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မှန်မှန်ကန်ကန်ပဲ ရင်ဆိုင်သွားပါမယ်။ ကျွန်တော်တို့ မဟုတ်တာလည်း ဘာမှ မလုပ်ထားဘူး။ တရားဥပဒေနဲ့ ဖြေရှင်းရမယ် ဆိုရင်လည်း တရားဥပဒေအရအတိုင်း မှန်မှန်ကန်ကန် ဖြေရှင်းသွားဖို့ ရှိပါတယ်” ဟု ကိုမောင်က ပြောဆိုသည်။