BREAKING
September 19, 2024

ဂျိုင်းမြစ်ဒေသတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေဟု MSFC ထုတ်ပြန်

July 5, 2024

ပုံစာ - ဂျိုင်းမြစ်ဒေသက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ပြီးကျကွဲမှုကြောင့် နေအိမ်မီးလောင်ခဲ့သည်ကို တွေ့ရစဉ်

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင် စစ်ကောင်စီတပ်က နည်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ဂျိုင်းမြစ်ဒေသရှိ ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးများကိုနှောင့်ယှက်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်းအပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများလည်း လုပ်ဆောင်နေဟု ထုတ်ပြန်ချက်ကဆိုသည်။

နေရပ်ပြန်လာကြသည့် ဒေသခံအမျိုးသမီးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထမင်းဟင်းချက်ပြုတ်ရန် အဓမ္မစေခိုင်းခြင်း၊ ညအချိန်မတော် အိမ်တံခါးခေါက်ပြီး နှောင့်ယှက်ခြင်း၊ လမ်းသွားလမ်းလာ လူငယ်အမျိုးသမီးများကို နှောင့်ယှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေသည်ဟု MSFC ကဆိုသည်။

“ထုတ်ပြန်ထားသလိုပါပဲ ညနေပိုင်းလောက်ဆို ဂိတ်လိုမျိုးလုပ်ပြီးတော့ လူသွားလူလာတွေကို သူတို့ (စစ်တပ်) စစ်ဆေးတဲ့အခါမှာ အမျိုးသမီးတွေကို နှောက်ယှက်တယ်။ နောက်ပြီး အမျိုးသမီးတွေကို ထမင်းဟင်းချက်ခိုင်းတယ်။ အဲဒီမှာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေရှိတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တာလည်း ရှိနေတယ်။ စစ်တပ်က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို လက်နက်သဖွယ်အသုံးပြု ကျူးလွန်နေတယ်” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီမှ မိသုတဂျော်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ရုံမျှမက တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူများ နေရပ်မပြန်ရဲအောင်လည်း နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေသည်ဟု MSFC က ထုတ်ပြန်ထားသည်။

ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူတို့၏ နေအိမ်နှင့် ခြံဝင်းထဲရှိ အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းယူဆောင်မှုများလည်း ရှိနေသည်။

ဂျိုင်းမြစ်ဒေသ ကော့ဘိန်းကျေးရွာနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မတ်လ ၂၄ ရက်နေ့နောက်ပိုင်းတွင် ဒေသတွင်း စစ်ရေးပြင်းထန်လာခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ပြီး

နေအိမ် အလုံး ၄၀၀ ထက်မနည်း မီးလောင်ပြာကျသွားခဲ့ရသည့်အပြင် သောင်းနှင့်ချီသည့် ဒေသခံတို့ကလည်း ဘေးလွတ်ရာထွက်ပြေးခဲ့ကြရသည်။

ဧပြီလနောက်ဆုံးအပတ်ခန့်တွင် ဒေသတွင်း တိုက်ပွဲများငြိမ်သက်လာပြီးနောက် ဂျိုင်းမြစ်ဒေသထဲကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ပြီး ယနေ့ထိ ကျေးရွာထဲ ဝင်ရောက်တပ်စွဲထားခြင်းဖြစ်သည်။