BREAKING
September 7, 2024

ကော့သောင်းတွင် နှစ်ပတ်ကျော်ကြာပြတ်တောက်နေသည့် MPT ဖုန်းလိုင်းပြန်ရ

July 5, 2024

ဓာတ်ပုံ - National Trade Portal ပုံစာ - ကော့သောင်းမြို့တစ်နေရာ

ကော့သောင်းဒေသတွင် အချိန်နှစ်ပတ်ကျော်ကြာ ပြတ်တောက်နေသည့် MPT ဖုန်းလိုင်းမှာ ဇွန်လ ၄ရက်က ပြန်လည်အသုံးပြု၍ရပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ဇွန်လ ၂၀ရက်ကစပြီး MPT ဖုန်းလိုင်းပြတ်တောက်သွားခြင်းဖြစ်ပြီး ၁၄ရက်အကြာတွင် ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း လိုင်းတည်ငြိမ်မှုမရှိဘဲ အတက်အကျဖြစ်နေဆဲဖြစ်ကြောင်း ကော့သောင်းမြို့က MPT အသုံးပြုသူများက ပြောသည်။

ဖုန်းလိုင်း စပြတ်သည့်နေ့ကစပြီး Logout ဖြစ်သွားသည့် MPT ဆင်းကတ်ဖြင့် လျှောက်ထားသော Kpay နှင့် Wave Pay ကိုလည်း ပြန်လည်အသုံးပြု၍ ရနေပြီဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“လိုင်းကတော့ အရင်လိုမငြိမ်ဘဲ အတက်အကျ များနေတာပေါ့။ ဖုန်းလိုင်းပြတ်ကတည်းက Logout ဖြစ်သွားတဲ့ Kpay လည်း ပြန်ဝင်လို့ရသွားပြီ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ကော့သောင်းတွင် ဖုန်းလိုင်း ရက်ရှည်ပြတ်တောက်သွားသည့်အတွက် MPT အသုံးပြုနေသည့် လူမှုကူညီရေး အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း အခက်အခဲကြုံခဲ့ရပြီး အခြားအော်ပရေတာ ဆင်းကတ်များကို ပြောင်းလဲအသုံးပြုခဲ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။

ဖုန်းလိုင်းပြတ်တောက်မှုနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် MPT၏ တနင်္သာရီတိုင်းရုံးချုပ်ကို ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

MPT အော်ပရေတာ၏ တရားဝင် Facebook Page တွင် ဖော်ပြချက်အရ ဇွန်လ ၂၉ရက်နေ့တွင် ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းသွားသည့်အတွက် ပြန်လည်ပြင်ဆင်နေရကြောင်း ဆိုသည်။

ထိုသို့ ပြင်ဆင်ပြီးသည့်အတွက် ဇွန်လ ၂၉ရက်မှစတင်ကာ အင်တာနက် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ကော့သောင်းမြို့တွင် ဇူလိုင် ၄ရက်နေ့မှသာ ဖုန်းလိုင်းပြန်ရခဲ့ခြင်းဖြစ်သည်။