BREAKING
January 11, 2025

ငွေလဲလုပ်ငန်းနှင့် ဟွန်ဒီလုပ်ငန်းလုပ်သူများကို စစ်ကောင်စီအရေးယူ

June 5, 2024

ဓာတ်ပုံ - AFP

နိုင်ငံခြားငွေလဲလုပ်ငန်းလုပ်ကိုင်သူများနှင့် ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူ ၃၉ ဦးကို အရေးယူထားကြောင်း စစ်ကောင်စီက ဇွန်လ ၄ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံခြားငွေကြေးကစားနေသူများဟု စွပ်စွဲကာ အရေးယူခြင်းဖြစ်ပြီး ၎င်းတို့၏ ဘဏ်များနှင့် မိုလ်ဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးနေသည့် အဖွဲ့အစည်းများတွင် ဖွင့်လှစ်ထားသည့် ဘဏ်ငွေစာရင်းနှင့် Pay Account များကို ယာယီ ဆိုင်းငံ့ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ၃၉ ဦးကို စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိကြောင်းလည်း ဆိုသည်။

တရားမဝင် ဒစ်ဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်း၊ နိုင်ငံခြားငွေကြေးကစားနေသူများ၊ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်နေသူများသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတို့ဖြင့် အရေးယူမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ဆိုသည်။

မေလ ၂၄ ရက်မှ စတင်ပြီး ယင်းတားမြစ်ချက် မလိုက်နာသူများကို ငွေစာရင်းများ ပိတ်သိမ်းခြင်း၊ တရားစွဲဆိုအရေးယူခြင်းတို့ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာငွေတန်ဖိုး ထိုးဆင်းပြီး နိုင်ငံခြားငွေလဲနှုန်း၊ ရွှေစျေး စသည်တို့ စျေးခုန်တက်သွားပြီးနောက် စစ်ကောင်စီက ငွေလဲလုပ်ငန်းလုပ်ကိုင်သူများ၊ ရွှေဆိုင်များကို လိုက်လံဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေသည်။

ယင်းအပြင် ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်း ရောင်းဝယ်သူများကိုလည်း ဖမ်းဆီးခဲ့ပြီး ယခု ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများ ကိုလည်း အရေးယူနေခြင်းဖြစ်သည်။

အာဏာသိမ်းကာလ၌ နိုင်ငံခြားငွေလဲနှုန်း၊ ရွှေစျေးတို့ မြင့်တက်ချိန်တိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးအရေးယူသည့် နည်းလမ်းဖြင့် စျေးကွက်ကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းသထက် ကျဆင်းနေကြောင်း ထောက်ပြမှုများရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကမူ မြန်မာငွေတန်ဖိုးကျဆင်းခြင်း၏ အဓိကအကြောင်းအရင်းနှင့် အခြေခံအကျဆုံး အချက်မှာ အာဏာသိမ်းကာလတွင် စစ်ကောင်စီက ငွေစက္ကူအသစ် ကျပ်ဘီလီယံ သုံးသောင်းနီးပါး ရိုက်ထုတ်ခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း ဇွန်လ ၃ရက်က ပြောဆိုထားသည်။