BREAKING
October 19, 2024

ထိုင်းအဝေးပြေးကားများဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာ တစ်ရာနီးပါး ဖမ်းဆီးခံရ

June 5, 2024

ထိုင်းနိုင်ငံ ချင်းရိုင်-ဘန်ကောက်ပြေးဆွဲနေသော အဝေးပြေးကားများဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၉၁ဦး ဇွန်လ ၄ ရက် နံနက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထိုင်းရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့များက ပူးပေါင်း၍ အမှတ် ၁၀၁ အမြန်လမ်းမကြီးတစ်လျှောက်ဖြစ်သော ဖရဲလ်နှင့် ဥတရဒစ် ခရိုင်များတွင် ချင်းရိုင်-ဘန်ကောက် ဘတ်စ်ကားလေးစီးကို တားဆီးစစ်ဆေးခဲ့ရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဆိုပါ အဝေးပြေးကားလေးစီးပေါ်တွင် ထိုင်းခရီးသည်များ၊ အထောက်အထားပြည့်စုံသော မြန်မာနိုင်ငံသားများလည်း လိုက်ပါလာကြကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၉၁ဦးအနက် အချို့မှာ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် စာအုပ်များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး အခြားသူများမှာ အထောက်အထား မရှိသူများဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ရှိသူများက မယ်ဆိုင်ဒေသအတွင်းတွင်သာ လည်ပတ်ခွင့်ရှိမည်ဖြစ်ပြီး ခရီးသွားခွင့် မရှိကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောသည်။

၎င်းတို့သည် ပွဲစားကတစ်ဆင့် ဘန်ကောက်သွားမည့် အဝေးပြေးကားလက်မှတ်ကို ကြိုတင်ဖြတ်ပေးထားခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ဘတ်စ်ကားမောင်းသူကလည်း ၎င်းတို့ကို ကားလက်မှတ်သာ စစ်ဆေးခဲ့ပြီး အခြားအထောက်အထားများ မစစ်ဆေးဘဲ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကာမယ်ဆိုင်ဂိတ်ကိုလည်း ဖြတ်သန်းလာခဲ့ကြောင်း ကားသမားက ပြောဆိုထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများက တစ်ဦးနှင့် တစ်ဦးမသိကြဘဲ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသူများဖြစ်ပြီး ခရီးစဉ်အပေါ်မူတည်၍ ပွဲစားများကို ဘတ် ၁၂၀၀၀ ကျော်အထိ ကြိုတင်ငွေပေးချေထားပြီးဖြစ်ကြောင်း ဝန်ခံထားသည်။

ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားများကို ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန် ရဲစခန်းအသီးသီးသို့ပို့ဆောင်ခဲ့ပြီး ကျန်သော ခရီးသည်များအား အဝေးပြေးကားလိုင်းနှင့် ချိတ်ဆက်ပြီး ခရီးစဉ်ဆုံးအောင် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: PPTV HD 36, Siamrath, CH 7 HD