BREAKING
January 8, 2025

လောင်းလုံးတွင် ‌ကျောင်းကားတစ်စီး ပစ်ခတ်ခံရပြီး ကျောင်းသားတစ်ဦး ကျည်ဆန်ထိမှန်

June 5, 2024

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ကျောင်းကြိုပို့ကား တစ်စီးပစ်ခတ်ခံရပြီး ကျောင်းသားတစ်ဦး ကျည်ဆန်ထိမှန်ခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

လောင်းလုံးမြို့မှ ထားဝယ်မြို့ပေါ်သို့ ပို့ဆောင်မည့် ကျောင်းကြိုပို့ကားတစ်စီး ဇွန်လ ၄ ရက် နံနက် ၇ နာရီဝန်းကျင်တွင် လောင်းလုံးမြို့နယ်၊ သဗျာ‌ကျေးရွာအုပ်စု ပဉ္စသီမော်နှင့် အင်းဇောက်ကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာတွင်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

‌ကျောင်းကားပေါ်တွင် ကျောင်းသား ၈ ဦးပါရှိသည့်အနက် Grade ၇ ကျောင်းသားတစ်ဦး၏ ပေါင်တွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

သေနတ်ကျည်ထိမှန်ခဲ့သည့် အဆိုပါကျောင်းသားမှာ ထားဝယ်ဆေးရုံကြီးတွင် ကုသမှုခံယူနေရပြီး ကျည်ဆန်ကို ခွဲထုတ်ယူရမည်ဟု ၎င်းကဆိုသည်။

“ကျည်ဆန်က ပေါင်ကိုဖောက်ဝင်သွားတာ။ ခွဲထုတ်ရမယ်ပြောတယ်” ဟု ၎င်းကဆိုသည်။

သေနတ်ထိမှန်သည့် ကျောင်းသားမှာ ထားဝယ်မြို့ အမှတ် ၁ အထက်တန်းကျောင်းတွင် ပညာသင်ယူနေသူဖြစ်သည်။

“ကျောင်းလာပို့တဲ့အချိန်က မိုးရွာနေတာ။ အဲအချိန်မှာ ( အမည်မသိလက်နက်ကိုင်) အဖွဲ့တစ်ခုက တားပြီးစစ်တာနေမယ်။ မိုးရွာနေတယ်ဆိုတော့ မကြားလို့ ကားမောင်းလာတာကို ပစ်လိုက်တာလို့ ပြောတယ်။ ကားတာယာလည်း ပေါက်သွားသေးတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီလော်ဘီ အမဲလိုက်မုဆိုးကြီး တယ်လီဂရမ်ချယ်နယ်တွင်မူ အဆိုပါ ပစ်ခတ်မှုကို PDF တို့က လုပ်ဆောင်ကြောင်း ရေးသားထားသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကမူ အဆိုပါပစ်ခတ်မှုကို မည်သူတို့က ‌လုပ်ဆောင်ကြောင်း မသိရသေးဟု ‌ဆိုသည်။

“ကျွန်တော်တို့တောင် စစ်လော်ဘီရေးတင်လာမှ အဲဒီကိစ္စသိတာ။ မသိဘူးဆိုတာက ကျွန်တော်တို့မှာက ဇုန်အလိုက်ရှိတာကိုး။ သက်ဆိုင်ရာ ဇုန်တာဝန်ခံတွေကို မေးတာ သူတို့လည်း အဲဒီကိစ္စ မသိကြဘူး” ဟု ပြန်ကြားရေးတာဝန်ခံကဆိုသည်။

လောင်းလုံးမြို့တွင် ကျောင်းကားပစ်ခံရသည့်နေ့တွင်ပင် ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် စစ်ကျန်လက်နက် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး အသက် ၉ နှစ်အရွယ် ကျောင်းသားတစ်ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။