ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော်အနေဖြင့် ပြန်လည်ဝင်စားသည်ဟုဆိုကာ ကလေးငယ်ကို အသုံးချပြီး ငွေမရှာကြရန် မိဘများကို ထိုင်းအာဏာပိုင်များက မေလ ၄ ရက်တွင် သတိပေးတားမြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
နွန်နိုက်စ်ဟုခေါ်ဆိုသော ၈နှစ်သားအရွယ် ကလေးငယ်သည် ဗုဒ္ဓဘုရားရှင်၏ ပြန်လည်ဝင်စားလာသော သားတော်ဟုဆိုကာ ကလေးကို အသုံးချ၍ ငွေအလှူခံ သင်တန်းဖွင့် ဟောပြောပို့ချနေခဲ့သဖြင့် အာဏာပိုင်များက မိဘတို့ကို သတိပေးတားမြစ်ခဲ့ ခြင်း ဖြစ်သည်။
ကလေးငယ်သည် လူအချင်းချင်းကို စိတ်ချင်းဆက်နွယ်စကားပြောဆိုနိုင်ပြီး ရုရှားသမ္မတပူတင်နှင့်ပင် စကားပြောနိုင်သည်ဟု ဆိုသလို ၎င်းအား ယုံကြည်သူများကိုလည်း ကျင့်စဉ်ပို့ချ သင်တန်းပေးနေခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ဗုဒ္ဓသားတော်အဖြစ် လူဝင်စားသည်ဆိုသောသတင်းက ထိုင်းတစ်နိုင်ငံလုံးကို ရိုက်ခတ်မှုရှိခဲ့ပြီး လူအများအပြားက ကလေးနှင့် မိဘများကို စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများနှင့် အာဏာပိုင်များထံ တိုင်ကြားမှု များပြားလာခဲ့ ကြောင်း ဆိုသည်။
အဆိုပါသတင်းက လူအများကို သတင်းအမှားပေးနေခြင်းဖြစ်သဖြင့် ကွန်ပျူတာဥပဒေ၊ ဘာသာရေးဥပဒေနှင့် ကလေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း လူအများက ဝေဖန်ထားသည်။
ထို့နောက် ကလေးငယ်နှင့် မိဘများကို ထိုင်းအာဏာပိုင်များက အဆင့်ဆင့် စစ်ဆေးခဲ့ကြကြောင်း ကလေးနှင့် လူငယ်ဌာနက ညွှန်ကြားရေးမှူက ပြောသည်။
ကလေးငယ်နှင့် မိဘများပါ စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ စစ်ဆေးမှုများ ခံယူခဲ့ရကာ ယင်းနေ့က ကလေးငယ်ရော မိဘများပါ စိတ်ပုံမှန်အခြေအနေတွင် ရှိနေကြသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
ကလေးကို အကြောင်းပြပြီး ငွေရှာမှုများ မပြုလုပ်ရန်နှင့် ကလေးကိုလည်း သာမာန်ကလေးများကဲ့သို့ လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးဖို့ မိဘများကို အာဏာပိုင်များက သတိပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
အာဏာပိုင်များ၏ သတိပေးမှုများကို မိဘများက သဘောတူခဲ့ပြီး အာဏာပိုင်များကလည်း ကလေးငယ်ကာကွယ် စောင့်ရှောက်ရေးအတွက် ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။
အဆိုပါ မိသားစုသည် ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် နေထိုင်ကြပြီး ကလေးငယ်တွင် တန်ခိုးရှိနေသည်ဟု မိဘများက သတင်းဖြန့်ခဲ့ကြကြောင်း ထိုင်းနိုင်ငံသားများက ဝေဖန်နေကြခြင်းဖြစ်သည်။
ကလေးငယ်ကို အကြောင်းပြပြီး ထိုင်းနိုင်ငံတွင် ဘာသာရေးဂိုဏ်းဖွဲ့ရန် ကြိုးစားနေသည်ဟူသော ဝေဖန်စွပ်စွဲချက်များကိုမူ မိဘများက ငြင်းဆန်ထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။
Ref: Bangkok Post, Khaosod English