BREAKING
September 19, 2024

လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ပဲဒက်ရွာတွင် မပေါက်ကွဲသေးသည့် ပဒေသာဗုံးကို KNLA ရှင်းလင်း

June 5, 2024

သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာ လေကြောင်းတိုက်ခိုက်ခံရရာတွင် မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည့် ဖျက်အားပြင်း ဗုံးတစ်လုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ရှင်းလင်းနေကြောင်း KNLA တပ်ဖွဲ့နှင့် ဖက်ဒရယ် စစ်ကြောင်းမှူးတို့ထံမှ သိရသည်။

ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ပဲဒက်စခန်းကို မေလဆန်းတွင် တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းယူ ရာတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပဲဒက်ရွာကို သုံးရက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုက်ခိုက်ရာတွင် မပေါက်ကွဲဘဲကျန်ရှိနေသည့် ဗုံးကို လွန်ခဲ့သည့် နှစ်ရက်ခန့်တွင် ရွာသားများက တွေ့ရှိခဲ့ပြီး ရှင်းလင်းပေးရန် ဒေသခံများက အကြောင်းကြားအကူအညီတောင်းလာကြောင်း KNU တပ်မဟာ (၄) ၊ KNLA တပ်ရင်း (၁၂) တပ်ခွဲမှူး ကိုဘဦးသစ်က ပြောသည်။

ထို့ကြောင့် ယနေ့ ဇွန်လ ၅ ရက် နံနက်ပိုင်းတွင် KNLA က ရှင်းလင်းနေဖြစ်ပြီး ယင်းသို့ ရှင်းလင်းနေစဉ် အလားတူဗုံး၏ အခွံတစ်ခုကိုလည်း ထပ်မံတွေ့ရကြောင်း ၎င်းက ဆိုသည်။

“အခုက လိုက်ပြီးတော့ ရှင်းတုန်းပဲရှိသေးတယ်။ အဲဒီအလုံးကြီးတစ်လုံးပဲ တွေ့သေးတယ်။ (ပေါက်ကွဲပြီးသား ဗုံးထဲက ထွက်လာတဲ့) အလုံးငယ်တွေကတော့ အများကြီးပဲ တွေ့တယ်။ သုံးလို့ မရတဲ့ဟာတွေတော့ ရှင်းပေးနေတယ်။ မကွဲသေးတဲ့ အလုံးတွေပေါ့” ဟု ကိုဘဦးသစ်က ပြောဆိုသည်။

ပဲဒက်တွင် တွေ့ရသည့် ဗုံးမှာ လေယာဉ်သုံး ပဒေသာဗုံး အမျိုးအစားဖြစ်ကြောင်း စစ်တက္ကသိုလ် သင်ကြားရေးဌာနတွင် တာဝန်ထမ်းဆောင်ဖူးသူတစ်ဦးက ပြောသည်။

“လေယာဉ်ချိတ်ဆွဲ ဗုံးသီးပဲ။ ကတ်သီးတွဲပြီး အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲလို့လည်းရတယ်။ ကျွန်တော်တို့ အခေါ်ကတော့ လေယာဉ်သုံး ပဒေသာဗုံးလို့ ခေါ်တယ်။ စပန်နာစ သောင်းချီထွက်တယ်။ ပေါင် ၅၀၀ ထက် လေးငါးဆင့်နိမ့်တယ်” ဟု ၎င်းက ပြောဆိုသည်။

ပဒေသာဗုံးတွင် ဗုံးအလုံးရော ရာချီပါဝင်ပြီး ဖျက်အားပြင်းကာ ဆင်ကဲပေါက်ကွဲသဖြင့် ဗုံးကျရောက် ပေါက်ကွဲရာ နေရာ တစ်ဝိုက်တွင်ရှိသည့် လူအများအပြားကို သေစေနိုင်သည့်အပြင် နေအိမ်အဆောက်အအုံများကိုလည်း ပျက်စီးကြေမွစေသည်။

စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုတွင် (ကပစ) ထုတ် ဖျက်အားပြင်း ပဒေသာဗုံးခေါ် ကလက်စတာ ပေါင် ၁၅၀၊ ၂၅၀၊ ၃၀၀ ဗုံး နှင့် ပေါင် ၅၀၀ ဗုံးများကို တစ်နိုင်ငံလုံးတွင် အသုံးပြုလျှက်ရှိသည်ကိုတွေ့ရကြောင်း ဖက်ဒရယ်စစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။

“ဒါကတော့ ပြည်သူလူထုအပေါ် လူမဆန်တဲ့စစ်ရာဇဝတ်တွေပေါ့။ သူကဖျက်အားပြင်းတယ်။ အိမ်အပေါ်ကျရင် တစ်ဆောင် လုံး ပျက်စီးသွားတာပေါ့၊ရစရာမရှိတော့ဘူးပေါ့။ ဥပမာ ဒီရငဲတိုက်နယ်ဆေးရုံဆိုရင်လည်း ကလက်စတာ ၁၅၀ တို့ ၂၅၀ တို့ ကြဲတာလို့ ကျွန်တော်တို့ယူဆတယ်။ အိမ်တို့ ဆေးရုံတို့ တစ်ထပ်ဖြစ်ဖြစ်၊ နှစ်ထပ်ဖြစ်ဖြစ် ကျရင်တော့ အကုန်လုံး ပျက်စီးသွား တာပဲ။ တကယ်လို့ အဲဒီအဆောက်အဦးထဲမှာ (လူ) ရှိနေရင် အသက်ရှင်ဖို့က အင်မတန်နည်းတယ်” ဟု ၎င်းက ဆိုသည်။

ပဲဒက်ရွာဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကြည်း၊ ရေ၊ လေဖြင့် ပြန်လည် ခုခံတိုက်ခိုက် နေသည့် ကြားက KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီရေတပ် စစ်သင်္ဘောက လက်နက်ကြီးပစ်ကူ ၁၃ ကြိမ်၊ Mi2 ရဟတ်ယာဉ်နှင့် K8W ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ တွင် ဗုံးအလုံးရေ ၁၀၀ ကြဲချတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက မေလ ၉ ရက်က ထုတ်ပြန်ထားသည်။

ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ပဲဒက်စခန်းသိမ်းတိုက်ပွဲကို မေလ ၅ ရက်မှ ၈ ရက်နေ့အထိ လေးရက် ကြာတိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီတပ်က Mi2 ရဟတ်ယာဉ်နှင့် K8W ဂျက်တိုက်လေယာဉ်တို့ဖြင့် သုံးရက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပဲဒက်စခန်းသိမ်းခံရသည့် မေလ ၈ ရက်နှင့် ၁၀ ရက်တို့တွင် ပဲဒက်ကျေးရွာနှင့် မိုင် ၃၀ ကျော်အကွာရှိ ကနက်သီရိ၊ ရငဲ၊ ကမြိုင်ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၃ နှစ်ကလေး နှစ်ဦးနှင့် အမျိုးသား သုံးဦးသေဆုံးခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတကာတွင် ပိတ်ပင်တားမြစ်ထားသည့် ဖျက်အားပြင်း ဆင့်ကဲပေါက်ကွဲတတ်သည့် ကလက်စတာ ဗုံးများကို အသုံးပြုနေကြောင်း ကလက်စတာဗုံးအသုံးပြုမှုများကို လေ့လာစောင့်နေသည့် အဖွဲ့ (CMC) က ၂၀၂၃ ခုနှစ် ဩဂုတ်လ တွင် ထုတ်ပြန်ထားသည်။

ကလပ်စတာဗုံး တားမြစ်ကန့်သတ်သည့် ကုလသမဂ္ဂသဘောတူညီချက်တွင် နိုင်ငံပေါင်း ၁၂၃ ခုက ပါဝင်လက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။