BREAKING
November 24, 2024

ထောင်နှုတ်ခမ်းနားက ထရမ့်ပ်တရားစီရင်ခန်း

June 5, 2024

၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့ ညနေပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ တရားရုံးခန်းမတစ်ခုထဲမှာ ဆံပင်ရွှေရောင်နဲ့ တရားခံတစ်ယောက်ဟာ သူ့ရဲ့ရှေ့နေတွေနဲ့ ရယ်ရယ်မောမော စကားပြောနေခဲ့ပါတယ်။ နောက်ထပ်တစ်နာရီအကြာ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကြားလိုက်ရချိန်မှာတော့ သူ မရယ်နိုင်တော့ပါဘူး။

နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ရှေ့တူရူကိုပဲ မလှုပ်မယှက် စိုက်ကြည့်နေခဲ့ပါတယ်။ သူ့ကို စွဲဆိုခံထားတဲ့ ရာဇဝတ်မှုစွဲချက်၃၄ ခုစလုံးမှာ ပြစ်မှုထင်ရှားတယ်လို့ ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်တာပါပဲ။ သူနဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းရှိခဲ့ဖူးတဲ့ အပြာမယ်သရုပ်ဆောင်ဟောင်းတစ်ယောက်ကို နှုတ်ပိတ်ခပေးခဲ့တာကို ဖုံးကွယ်ဖို့ စာရွက်စာတမ်းအတုပြုလုပ်တာ၊ ပြီးခဲ့တဲ့ ၂၀၁၆ သမ္မတရွေးကောက်ပွဲရလဒ်ကို ကုလားဖန်ထိုးဖို့ တရားမဝင်လုပ်ဆောင်ကြိုးပမ်းတာအပါအဝင် စွဲချက်အားလုံးမှာ အပြစ်ရှိတယ်လို့ စီရင်ချက်ချခံလိုက်ရတာဖြစ်ပါတယ်။

ဒီအခိုက်အတန့်ဟာ အမေရိကန်သမိုင်းမှာ တခါမှ မကြုံဖူးတဲ့ သမိုင်းဝင်ဖြစ်ရပ် ဖြစ်လာခဲ့ပါတယ်။ စီရင်ချက်ချခံလိုက်ရသူကတော့ ထရမ့်ပ်။ ဒေါ်နယ်ထရမ့်ပ်။ အမေရိကန်သမ္မတဟောင်း။ လာမယ့်နိုဝင်ဘာသမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ။

ဒေါ်နယ်ထရမ့်ပ်ဟာ ကမ္ဘာမှာ သူမတူတဲ့ လူသားတစ်ယောက် ဖြစ်ပါတယ်။ သူဟာ အမေရိကန်သမိုင်းမှာ ရာဇဝတ်မှုနဲ့ စီရင်ချက်ချခံရတဲ့ ပထမဆုံးသမ္မတတစ်ယောက်ဖြစ်လို့ပါပဲ။ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချခံခဲ့ရတဲ့ ပထမဆုံးသမ္မတလောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ အလားတူဖြစ်ရပ်မျိုး သမိုင်းမှာ တခါမှ မရှိခဲ့ဖူးပါဘူး။ လာမယ့်ရွေးကောက်ပွဲရလဒ်အပေါ် ဒီဖြစ်ရပ်က ဘယ်လိုဂယက်ရိုက်သွားစေမလဲဆိုတဲ့မေးခွန်းကို ပညာရှင်တွေကြားမှာ ငြင်းခုန်နေကြရပါပြီ။

“ရှေ့ဘာဆက်ဖြစ်မလဲဆိုတာကို ခန့်မှန်းကြည့်ဖို့ ကျွန်တော်တို့က သမိုင်းကို မကြာခဏ ပြန်ကြည့်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ခပ်ဆင်ဆင်တူတယ်ဆိုတာမျိုးတောင် မှတ်တမ်းတွေထဲမှာ ရှာလို့မတွေ့ဘူး”

Southern Methodist University က သမ္မတသမိုင်းလေ့လာရေးဗဟိုဌာနရဲ့ ညွှန်ကြားရေးမှူး Mr.Jeffrey Engel ရဲ့ စကားက မှတ်သားစရာပါပဲ။

ရာဇဝတ်ပြစ်မှုစီရင်ခံရသူ ဖြစ်လာခဲ့ပေမယ့် ထရမ့်ပ်ဟာ လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဝင်အရွေးခံဖို့ အခွင့်အရေး ရှိနေတုန်းပါပဲ။ အမေရိကန်အခြေခံဥပဒေအရ သမ္မတလောင်းအဖြစ် ဝင်အရွေးခံမယ့်သူဟာ ၃၅ နှစ်ပြည့်ပြီး ဖြစ်ရပါမယ်။ အမေရိကန်နိုင်ငံမှာ မွေးဖွားတဲ့ အမေရိကန်နိုင်ငံသားဖြစ်ရမယ်။

တိုင်းပြည်အတွင်းမှာ ၁၄ နှစ်ဆက်တိုက် နေထိုင်ခဲ့ပြီးသူ ဖြစ်ရပါမယ်။ ရာဇဝတ်ပြစ်မှုမှတ်တမ်းရှိတဲ့ ကိုယ်စားလှယ်တွေကို သမ္မတလောင်းအဖြစ် ဝင်အရွေးခံလို့မရအောင် တားမြစ်ပြဌာန်းထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် ထရမ့်အပေါ် တရားရုံးရဲ့ စီရင်ချက်က လာမယ့်ရွေးကောက်ပွဲရလဒ်အပေါ် လွှမ်းမိုးမှုရှိနိုင်ပါတယ်။

လူထုစစ်တမ်းကိန်းဂဏန်းတွေအရ ရွေးကောက်ပွဲဝင်သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ဘိုင်ဒန်နဲ့ ထရမ့်ပ်ရဲ့ လူထုထောက်ခံမှုနှုန်း ကွာဟချက်က အင်မတန်ကျဉ်းမြောင်းလွန်းနေပါတယ်။

ရွေးကောက်ပွဲရလဒ်အဆုံးအဖြတ်အတွက် အဓိကယှဉ်ပြိုင်ရမယ့် အရေးပါတဲ့ ပြည်နယ်တွေမှာ ထရမ့်အပေါ် လူထုထောက်ခံမှုက ဂျိုးဘိုင်ဒန်ထက် နှာတဖျား သာနေတာကို ပြီးခဲ့တဲ့ စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။ ဒါပေမယ့် ထရမ့်ရဲ့အမှုအပေါ် နယူးယောက်ဂျူရီအဖွဲ့ရဲ့ စီရင်ချက်က ဒီအခြေအနေတွေကို တမျိုးတဖုံ ပြောင်းလဲသွားစေနိုင်ပါတယ်။

ရီပတ်ဘလင်ကန်ပါတီရဲ့ ပါတီကိုယ်စားလှယ်အကြိုရွေးကောက်ပွဲတွေမှာ မဲပေးခဲ့သူ တော်တော်များများက ထရမ့်ကသာ ရာဇဝတ်ပြစ်မှုကျူးလွန်ကြောင်း စီရင်ချက်ချခံခဲ့ရင် သူ့ကို ထောက်ခံတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက စစ်တမ်းတစ်ခုမှာဆိုရင်လည်း ထရမ့်ပ်ကို ထောက်ခံသူ ၁၆ ရာခိုင်နှုန်း ဟာ စီရင်ချက်အချခံရပြီးရင် ထရမ့်ပ်ကို ထောက်ခံဖို့အရေး ပြန်စဉ်းစားရတော့မယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ ဒါဟာ “အကယ်၍”ဆိုတဲ့ အခြေအနေမှာ မဲဆန္ဒရှင်တွေရဲ့ သဘောထားဖြစ်ပါတယ်။

အခုတော့ တကယ့်အရှိတရားဖြစ်လာခဲ့ပါပြီ။ မဲဆန္ဒရှင်တွေအနေနဲ့ အရင်ကထက် ပိုစဉ်းစားခန်းဖွင့်ရတော့မှာပါ။ သူတို့ နှစ်ယောက်စလုံးအပေါ် လူထုထောက်ခံမှုရာခိုင်နှုန်း မတိမ်းမယိမ်းဖြစ်နေတဲ့ ဝင်စကွန်ဆင် ၊ ပင်ဆဲလ်ဗေးနီးယားလို ပြည်နယ်တွေဟာ လာမယ့်ရွေးကောက်ပွဲရလဒ်ကို အဓိကဆုံးဖြတ်ပေးမယ့် ပြည်နယ်တွေ ဖြစ်ပါတယ်။ စစ်တမ်းတွေအရ ဒီပြည်နယ်တွေမှာ ဘိုင်ဒန်ထက် ထရမ့်ပ်က မသိမသာ အသာရနေပါတယ်။ ဒါပေမယ့် တရားရုံးဆုံးဖြတ်ချက်ဂယက်ကြောင့် ထရမ့်ပ်ကို မဲပေးမယ့် မဲဆန္ဒရှင်ထောင်ဂဏန်းအနည်းငယ်လောက်ကသာ နှစ်ယောက်စလုံးကို မဲမပေးတော့ဘဲ “No vote” လုပ်လိုက်တာနဲ့ အခြေအနေတွေက ပြောင်းလဲသွားမယ့်သဘောရှိပါတယ်။

လူငယ်တွေ ၊ ကောလိပ်ဘွဲ့ရတွေနဲ့ မြို့ပြဆင်ခြေဖုံးရပ်ကွက်တွေမှာ နေထိုင်သူတွေဟာ ထရမ့်ပ်ရဲ့ ပုဂ္ဂိုလ်ရေးသမာဓိခေါင်းပါးတာကို မနှစ်မြို့ကြဘူး။ သူ့ရဲ့အပြုအမူတွေနဲ့ အုပ်ချုပ်မှုချဉ်းကပ်တဲ့ပုံစံကို စိုးရိမ်ပူပန်နေကြတယ်ဆိုတဲ့အကြောင်း Republica Women for Progress အဖွဲ့ရဲ့ ပူးတွဲတည်ထောင်သူ Ariel Hill-Davis က ဆိုပါတယ်။

“အဲဒီမဲဆန္ဒရှင်ပြည်သူတွေဟာ ဒေါ်နယ်ထရမ့်ပ်ဦးဆောင်မယ့် ရီပတ်ဘလင်ကန်ပါတီကို ထောက်ခံဖို့ တွန့်ဆုတ်နေကြတယ်။ တရားရုံးရဲ့ ထရမ့်ပ် အပြစ်ရှိကြောင်းဆုံးဖြတ်ချက်က ဒီစိုးရိမ်မှုတွေကို မီးထိုးပေးလိုက်သလိုပဲ”

ထရမ့်ပ်ဟာ ပြီးခဲ့တဲ့နှစ်မှာ ရီပတ်ဘလင်ကန်ပါတီရဲ့ သမ္မတလောင်းနေရာကို အခိုင်အမာရရှိခဲ့ပါတယ်။ ထရမ့်ပ်ရဲ့ အိမ်ဖြူတော် ပထမသက်တမ်းအတွင်း စွပ်စွဲအပြစ်တင်ခံရမှုနှစ်ကြိမ် ရင်ဆိုင်ခဲ့ရပါတယ်။ သာမန်နိုင်ငံရေးသမားတစ်ယောက်အဖို့ နိုင်ငံရေးသေသွားစေနိုင်တဲ့ မကောင်းသတင်းအပုပ်နံ့တွေ တထောင်းထောင်းထနေခဲ့တဲ့ ထရမ့်ပ်ကို ရီပတ်ဘလင်ကန်အများစုက ထောက်ခံနေကြတုန်းပါပဲ။ ဒီမိုကရက်တွေက ဘိုင်ဒန်နောက်မှာ ရပ်နေကြသလို ရီပတ်ဘလင်ကန်တွေက ထရမ့်ပ်နောက်မှာ ရပ်တည်နေကြတဲ့သဘောဖြစ်ပါတယ်။

နယူးယောက်ဂျူရီအဖွဲ့ကနေ ထရမ့်ပ်အပေါ် ဒီလိုစီရင်ချက်ချလိုက်တာဟာ သူတို့အပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတဲ့ နိုင်ငံရေးတိုက်ကွက်တစ်ခုပဲလို့ ရီပတ်ဘလင်ကန်တွေဘက်က ရှုမြင်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ထွက်လာပြီးပြီးချင်းမှာပဲ ရီပတ်ဘလင်ကန်တွေက ထရမ့်ပ်နောက်မှာ ကျောချင်းကပ်ရပ်တည်လိုက်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ရီပတ်ဘလင်ကန်ပါတီဝင်Mike Johnson က ထရမ့်ပ်ရဲ့ အမှုမှာ တရားရုံးက ဆုံးဖြတ်ချက်ဟာ အမေရိကန်သမိုင်းကို အိုးမည်းသုတ်လိုက်တာပဲဆိုတဲ့သဘောမျိုး ပြောပါတယ်။

လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ ထရမ့်ပ်ဟာ သူ့ကို တရားရုံးကနေ အပြစ်ဒဏ်ချမှတ်တာကို ကြားနာရဖို့ ရှိပါတယ်။ ထရမ့်ဘက်ကတော့ သူ့အမှုအတွက် အယူခံဝင်ဖို့ ပြင်ဆင်နေပါပြီ။ သီအိုရီအရကြည့်မယ်ဆိုရင်တော့ ငွေဒဏ်ကြီးကြီးမားမားနဲ့ ထောင်ဒဏ်ပါ ကျခံရမယ့်ကိန်းပါပဲ။ ဒါပေမယ့် ထရမ့်ပ်ကို ထောင်ချဖို့ဆိုတာ လက်တွေ့ဖြစ်လာဖို့ အင်မတန် ခဲယဉ်းလွန်းပါတယ်။ ဘာကြောင့်ပါလဲ။

သူရင်ဆိုင်ခဲ့ရတဲ့ စွဲချက် ၃၄ ခုစလုံးဟာ နယူးယောက်ပြည်နယ်ဥပဒေအရ အဆင့်နိမ့်ဆုံး၊ အပြစ်ဒဏ်အနိမ့်ဆုံး ရာဇဝတ်မှုအမျိုးအစားတွေထဲမှာ ပါဝင်ပါတယ်။ ထရမ့်ပ်ဟာ အရင်က တရားရုံးကနေ ပြစ်ဒဏ်စီရင်ချက်ချမှတ်ခဲ့ရဖူးခြင်း မရှိပါဘူး။ အခု သူ စွဲချက်တင်ခံလိုက်ရတဲ့အမှုတွေထဲမှာလည်း သွေးထွက်သံယို အကြမ်းဖက်ကျူးလွန်တဲ့ အမှုတွေမပါဝင်ပါဘူး။ ဒီအချက်တွေအပါအဝင် ထရမ့်ပ်ရဲ့ အသက်အရွယ်ကြောင့်လည်း တရားသူကြီးအနေနဲ့ သေးငယ်တဲ့ အပြစ်ဒဏ်ကိုပဲ ချမှတ်သွားနိုင်ခြေရှိပါတယ်။ အမေရိကန်သမ္မတဟောင်းတစ်ယောက်ကို သံတိုင်တွေနောက်မှာ မြင်ရဖို့ဆိုတာ လက်တွေ့မှာ တော်တော်လေး ဖြစ်နိုင်ခြေနည်းပါတယ်။

သူ့ရှေ့က သမ္မတဟောင်းတွေနည်းတူ ထရမ့်ပ်ဟာ အမေရိကန် Secret Service ရဲ့ ရာသက်ပန်ကာကွယ်စောင့်ရှောက်မှုကို ပိုင်ဆိုင်ထားပါတယ်။ ဆိုလိုတာက ထရမ့်ပ်ကိုသာ ထောင်ထဲပို့လိုက်ရင် Secret Service အဖွဲ့ဝင်အချို့ကပါ သူနဲ့အတူ ထောင်ထဲမှာ အတူလိုက်နေပြီး လိုက်စောင့်ရှောက်ပေးနေရမယ့်အနေအထားရောက်သွားပါတယ်။ ဒါကြောင့် ထရမ့်ပ်ကို ထောင်ချဖို့ဆိုတာ တော်တော်လေး ဖြစ်နိုင်ချေနည်းပါတယ်။ တရားသူကြီးတွေအတွက်ကတော့ တော်တော်လေး ခေါင်းကိုက်စရာပါပဲ။

ဒီအချိန်မှာ ထရမ့်ဘက်က သတိပေးသလိုလို ခြိမ်းခြောက်စကားမျိုး ပြောလာပါတယ်။ သူ ထောင်ကျတာကို ပြည်သူတွေက လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့ စကားမျိုး ပြောလာတာပါ။

“ကျွန်တော့်ဘက်ကတော့ ထောင်ကျလည်း ကိစ္စမရှိဘူး။ ဒါပေမယ့် ပြည်သူတွေကတော့ ဒါကို သည်းခံနေပါ့မလား မပြောတတ်ဘူးလေ။ ဒါက ပြည်သူတွေအတွက် လက်သင့်ခံဖို့ ခက်ခဲတဲ့အရာတစ်ခုလို့ ကျွန်တော် ထင်တယ်။ ဘယ်အရာမဆို တချိန်မဟုတ် တချိန်မှာတော့ ပေါက်ကွဲသွားတဲ့အချိန်ဆိုတာ ရှိတယ်”

ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေတဲ့ အမေရိကန်ပြည်သူတွေဟာ လာမယ့်ရွေးကောက်ပွဲမတိုင်ခင်မှာ ဆူပူအုံကြွမှုတွေ ၊ နိုင်ငံရေးခွက်စောင်းခုတ်ပွဲတွေ ပေါ်ထွက်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ပေါ်ထွက်လာတဲ့ ထရမ့်ပ်ရဲ့ သတိပေးစကားက သူတို့ရဲ့ စိုးရိမ်မှုကို မီးလောင်ရာ လေပင့်လိုက်သလိုပါပဲ။

၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်ပ်ဟာ ဘိုင်ဒန်ကို အရေးနိမ့်ခဲ့ရပြီးနောက် သူ့ကို ထောက်ခံတဲ့ “Make Ameican Great Again”ပရိသတ်တွေအတွက် ရဲရဲတောက်မိန့်ခွန်းတစ်ခု ခြွေလိုက်ပါတယ်။ အဲဒီမိန့်ခွန်းမှာ ထရမ့်ပ်က သူ့နောက်လိုက်တွေကို “မီးကုန်ယမ်းကုန် တိုက်ခိုက်ကြ”ဆိုတဲ့ စကားနဲ့ လှုံ့ဆော်လိုက်ပါတယ်။ နောက်ဆက်တွဲကတော့ အမေရိကန်သမိုင်းမှာ မကြုံစဖူးဖြစ်ရပ်ပါပဲ။ တကမ္ဘာလုံးက အံ့အားသင့်ခဲ့ရပါတယ်။ ၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့မှာ ထရမ့်ပ်ကို ထောက်ခံသူတွေက အမေရိကန် Capitol အဆောက်အအုံကို ဝင်စီးလိုက်တာပါပဲ။

လောလောလတ်လတ် ရာဇဝတ်စီရင်ချက်ချမှတ်ခံလိုက်ရတဲ့ ထရမ့်ပ်ဟာ သူ့နောက်လိုက်တွေကို ၂၀၂၁ တုန်းကလို အလားတူဖြစ်ရပ်မျိုး ဖန်တီးဖို့ မီးထိုးပေးနေတာမျိုး လက်ရှိအချိန်ထိတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ထရမ့်ပ်ဟာ ရန်ပုံငွေစုဆောင်းဖို့အတွက် တရားရုံးရဲ့ စီရင်ချက်ကို ကောင်းကောင်းအသုံးချနေပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဘိုင်ဒန်အစိုးရရဲ့ လက်စလက်န မကင်းဘူး။ သူ့ကို နိုင်ငံရေးအရ လုပ်ကြံတာလို့ ထရမ့်ပ်က မြင်ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်က မမျှတဘူးလို့ သူက ပြောပါသေးတယ်။
“တကယ့်စီရင်ချက်က နိုဝင်ဘာမှာ တွေ့ရမယ်”

ထရမ့်ပ်အမှုရင်ဆိုင်နေရတဲ့ ကာလတလျှောက်လုံး အမှုနဲ့ပက်သက်ပြီး နှုတ်ဆိတ်နေလာခဲ့တဲ့ လက်ရှိသမ္မတဘိုင်ဒန်က ထရမ့်ပ်ရဲ့ ပြောစကားနဲ့ ပက်သက်ပြီး အခုလို မှတ်ချက်ပေးပါတယ်။

“ဒီလိုပြောတာက အဆင်အခြင်မဲ့ရာကျတယ်။ အန္တရာယ်ရှိတယ်။ ဂျူရီအဖွဲ့ရဲ့ အဆုံးအဖြတ်ကို မကြိုက်တာနဲ့ပဲ ဒါကို မမျှတဘူးလို့ ပြောတဲ့လူတိုင်းက တာဝန်မဲ့တာပဲ”

ထရမ့်ပ်ကို တရားရုံးက စီရင်ချက်ချလိုက်တဲ့ ဖြစ်ရပ်ဟာ သမိုင်းမှာ မကြုံစဖူး ထူးကဲတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က ဘယ်လောက်တာသွားမလဲဆိုတာကို လာမယ့်နိုဝင်ဘာရွေးကောက်ပွဲက ဆုံးဖြတ်ပေးလိမ့်မယ်။ ထရမ့်ရှုံးခဲ့ရင် ဒီစီရင်ချက်က သူ ရွေးကောက်ပွဲရှုံးရခြင်းရဲ့ အကြောင်းအရင်းတစ်ခုလို့ လူတွေက မြင်ကြလိမ့်မယ်။ ဒါပေမယ့် သူ နိုင်သွားရင်တော့ ဒီဖြစ်ရပ်ဟာ သူ့ရဲ့ ဝရုန်းသုန်းကား အတက်အကြမ်းများတဲ့ နိုင်ငံရေးဘဝပြေးလမ်းပေါ်က သူ ခြေချော်တိုက်မိခဲ့တဲ့ ခလုတ်ကန်သင်းတစ်ခုအနေနဲ့ပဲ မှတ်တမ်းတင်ခံရလိမ့်မယ်လို့ Mr.Jeffrey Engel က မှတ်ချက်ပေးပါတယ်။

“သိတဲ့အတိုင်းပဲလေ၊ သမိုင်းဆိုတာ နိုင်တဲ့လူက ရေးတာ”

Ref: BBC, Al Jazeera, AP, ABC News

ဈာန်ဟိန်း