နိုင်ငံအတွင်းက ကြက်သီးမွေးညှင်းထဖွယ်ရာအခြေအနေတွေအကြောင်းကို မသွားခင်မှာ ‘ကြွက်ထောင်ချောက်’ ဆိုတဲ့ ပုံပြင်တစ်ပုဒ်နဲ့ စတင်ချင်ပါတယ်။
တစ်ခါတုန်းက လယ်သမားတစ်ယောက်ဟာ ကြွက်ထောင်ချောက်တစ်ခု ဝယ်လာခဲ့တယ်။ ဒါကို သူ့အိမ်မှာရှိတဲ့ ကြွက်က မြင်တဲ့အခါ တော်တော့်ကို တုန်လှုပ်သွားပါတယ်။ ထောင်ချောက်ရဲ့ ‘ဂျောင်း’ ခနဲ မောင်းပြုတ်သံကို နားထဲမှာ ကြားယောင်မိသလို သံကိုင်းကြားထဲမှာ ခြေကားယားလက်ကားယား ညှပ်မိနေတဲ့ သူ့ကို မြင်ယောင်မိပြီး ကျောချမ်းနေပါတော့တယ်။
အိမ်ရှင်ဝယ်လာတဲ့ ကြွက်ထောင်ချောက်ကို သတိထားဖို့အကြောင်း ကြွက်ဟာ လယ်သမားရဲ့အိမ်မှာ မွေးထားတဲ့ ကြက်မရယ်၊ ဝက်ရယ်၊ နွားရယ်တို့ကို ပြောပါတယ်။ တစ်ကောင်ကမှ ကြွက်ရဲ့ စကားကို အရေးမလုပ်ကြတဲ့အပြင် ရယ်သွမ်းသွေးကြပါတယ်။ ကြွက်ထောင်ချောက်ဆိုတာ ကြွက်တွေနဲ့ပဲဆိုင်တာမို့ သတိထားဖို့လိုသူက ကြွက်ဖြစ်တဲ့အကြောင်း ပြန်ပြောကြပါတယ်။
အဲဒီညသန်းခေါင်လောက်မှာပဲ ‘ဂျောင်း’ဆိုတဲ့ မောင်းပြုတ်သံဟာ မြည်ဟိန်းသွားပါတယ်။ ဒါကို ကြားတော့ ကြက်မရော၊ ဝက်ရော၊ နွားရောဟာ ကြွက်တော့ ကြမ္မာငင်ရှာသွားပြီဆိုတဲ့ အတွေးနဲ့ စိတ်မကောင်းဖြစ်ကြပါတယ်။
မြည်သံကြောင့် အိမ်ရှင်မလည်း နိုးလာပါတယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့အိမ်ရှင်မဟာ အလင်းရောင်ခပ်မှိန်မှိန် မီးအိမ်ကိုဆွဲပြီး ထလာခဲ့ပါတယ်။ ထောင်ချောက်ဆီကို လက်လှမ်းလိုက်ချိန်မှာပဲ မြွေက ပေါက်လိုက်ပါတယ်။
ကြွက်ထောင်ချောက်မှာ မိနေတာက ညဘက် အစာရှာထွက်လာတဲ့ မြွေတစ်ကောင်ဖြစ်နေတာပါ။
အိမ်ရှင်မရဲ့အော်သံကြောင့် လယ်သမားလည်း နိုးလာပါတယ်။ မြွေကို တုတ်နဲ့ ရိုက်သတ်လိုက်ပါတယ်။ ဇနီးဖြစ်သူကိုတော့ ဆရာဝန်နဲ့ ပြသပါတယ်။ မြွေဆိပ်ကြောင့် အားနည်းနေတဲ့ ဇနီးကို အားရှိအောင် ကြက်မကို သတ်ပြီး ကြက်စွပ်ပြုတ်လုပ်တိုက်ပါတယ်။ မြွေက အဆိပ်ပြင်းတဲ့မြွေဖြစ်တာကြောင့် ဇနီးဟာ သက်သာမလာပါဘူး။
ဒီသတင်းကို ကြားတော့ ရပ်ဝေးရပ်နီးက ဆွေမျိုးတွေဟာ လူမမာလာမေးကြပါတယ်။ အိမ်ရှင်လယ်သမားအနေနဲ့ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံဖို့ရော၊ ဆေးကုသခပေးဖို့ရာအတွက်ရော ပိုက်ဆံလိုတာကြောင့် ဝက်ကို သတ်လိုက်ပါတယ်။ လူမမာကတော့ ပြန်ပြီး နာလန်မထူလာဘဲ သေဆုံးသွားပါတယ်။ အိမ်ရှင်ဟာ အသုဘချဖို့နဲ့ ရက်လည်ဆွမ်းကျွေးစရိတ်အတွက် နွားကို သတ်ရပြန်ပါတယ်။
ဒီအခြင်းအရာတွေကို မြင်နေရတဲ့ ကြွက်ဟာ တော်တော်ကိုပဲ ဆွံ့အ,အံ့ဩလို့ နေပါတော့တယ်။
ကြွက်ထောင်ချောက်နဲ့ပတ်သက်ပြီး မြွေ၊ အိမ်ရှင်မ၊ ကြက်၊ ဝက်နဲ့ နွား စတဲ့ သတ္တဝါငါးဦး သေဆုံးသွားခဲ့ပါပြီ။
ကြွက်ထောင်ချောက်ဟာ ကြွက်တွေနဲ့ပဲ သက်ဆိုင်တယ်ဆိုတဲ့စကားကိုလည်း ကြွက်ဟာ အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်နေမိပါသတဲ့။
ပုံပြင်က ပြောချင်တာကို ဖမ်းဆုပ်မိလိမ့်မယ်ထင်ပါတယ်။
မြန်မာနိုင်ငံထဲကို ပြန်သွားရအောင်ပါ။
“နိုင်ငံထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ၊ အားလုံးသတိထားကြပါ၊ ကြွက်ထောင်ချောက်၊ ကြွက်ထောင်ချောက်၊ အားလုံး သတိထားကြပါ”လို့ လူငယ်သန်းပေါင်းများစွာက လမ်းမတွေပေါ်ကို ထွက်ပြီး သံပြိုင်ညီညီအော်ဟစ်သတိပေးခဲ့ကြပါတယ်။ အဲဒီလိုအော်ဟစ်သတိပေးမှုတွေဟာ ရန်ကုန်၊ မန္တလေး၊ မုံရွာ စတဲ့မြို့ကြီးတွေအပါအဝင် နိုင်ငံအနှံ့က မြို့တွေ၊ ရွာတွေအထိ အချိန်တိုအတွင်း ပျံ့နှံ့ခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က မြန်မာနိုင်ငံမှာ အမှန်တကယ်ဖြစ်ခဲ့တာပါ။
ဒါပေမဲ့ လူတချို့ကတော့ ကြွက်ထောင်ချောက်ကို သဘောမပေါက်ခဲ့သလို အရေးလည်း မစိုက်ခဲ့ကြပါဘူး။ နေသာသလို နေခဲ့ကြပါတယ်။ “ဒါဟာ ငါတို့နဲ့မဆိုင်ဘူး၊ မင်းတို့ပဲ ဂရုစိုက်ပါကွာ” ဆိုပြီးပေါ့။ တချို့ကဆို ပျော်ပျော်ပါးပါး အောင်ပွဲခံတာမျိုးတွေတောင် လုပ်ခဲ့ကြပါတယ်။ ဒါက အခုတစ်ကြိမ်မှမဟုတ်ဘဲ ၁၉၆၂၊ ၁၉၈၈ စတဲ့ နှစ်ကာလတွေမှာလည်း ရှိခဲ့ကြပါတယ်။ အကျိုးဆက်အဖြစ်နဲ့ တစ်တိုင်းပြည်လုံး ချွတ်ခြုံကျ ဖွတ်မွဲရောင်ထခဲ့ကြရပါတယ်။
လက်ရှိ စစ်ကောင်စီအနေနဲ့ လူတွေကို ဖမ်းဆီးထိန်းသိမ်း၊ နှိက်စက်၊ သတ်ဖြတ်ပြလိုက်ရင် သူကြုံနေရတဲ့ ပြဿနာတွေ ပြေလည်သွားမယ်ဆိုတဲ့ ခေတ်ဟောင်းအဘိဓမ္မာကို ကိုင်စွဲထားဆဲဖြစ်ပါတယ်။
သုံးနှစ်ကျော်အတွင်း ဖမ်းလာလိုက်တာ အခုဆိုရင် လူပေါင်းနှစ်သောင်းခြောက်ထောင်ကျော်သွားခဲ့ပါပြီ။ အဲဒီထဲက နှစ်သောင်းကျော်ဟာ အကျဉ်းထောင်တွေထဲမှာ အစာရေစာ ချို့ငဲ့စွာနဲ့ နေနေကြရပါသေးတယ်။ ကလေး၊ လူငယ်၊ လူကြီး၊ ကျားမအစုံ လူငါးသောင်းနီးပါးလည်း သေဆုံးခဲ့ပြီးပါပြီ။
မနေ့တစ်နေ့ကပဲ အထင်ကရလူဖမ်းပွဲကြီးတွေ လုပ်လာပြန်ပါတယ်။ ရွှေဈေးတက်လို့ဆိုပြီး ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးလိုက်တာပါ။ အဲဒီအထဲမှာ ဟိုးဟိုးကျော်အောင် နာမည်ကြီးတဲ့ ရွှေသူဌေးတွေလည်း ပါဝင်နေပါတယ်။
ဒေါ်လာကစားလို့ဆိုပြီး နိုင်ငံခြားငွေ လဲလှယ်တဲ့လုပ်ငန်းရှင်တွေကိုလည်း ဝါးလုံးရှည်နဲ့ ရမ်းပြီး ဖမ်းပြန်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ကွန်ဒိုတွေဝယ်ပေးလို့ဆိုပြီး ကုမ္ပဏီတစ်ခုကိုလည်း ဝင်ရောက်စီးနင်းပါတယ်။ နိုင်ငံခြားဘဏ်အကောင့်ဖွင့်လို့ဆိုပြီးလည်း အရေးယူနေပါတယ်။ နောက်ထပ်လည်း ထပ်ဖမ်းဖို့ ဆက်ရှိနေဦးမယ့်လက္ခဏာတွေရှိနေပါတယ်။ ဘယ်လိုလူတွေဖြစ်မလဲဆိုတာကတော့ စိုးတထင့်ထင့်နဲ့ တွေးကြည့်ချင်စရာပါ။ ကြမ်းကြုတ်တဲ့ လူသတ်ပွဲတွေလည်း မရပ်သေးပါဘူး။
အစဦးမှာတော့ စစ်ကောင်စီရဲ့ နှိပ်ကွပ်မှုကို ခံကြရသူတွေဟာ စစ်အာဏာအဝန်းအဝိုင်းကို ဆန့်ကျင်ပုန်ကန်သူတွေသာ ဖြစ်ခဲ့ပေမဲ့ အချိန်ကြာလာတာတဲ့အခါမှာတော့ စစ်ကောင်စီရဲ့ အာဏာလောင်းရိပ်အောက်ကလူတွေပါ စက်ကွင်းမိလာကြပါတယ်။ အဲဒီထဲမှာ စစ်ရှုံးလို့ဆိုပြီး တစ်မျိုး၊ အခွင့်အာဏာကို အလွဲသုံးစားလုပ်တယ်ဆိုပြီး တစ်သွယ် အကြောင်းပြချက်တွေပေးပြီး စစ်ဗိုလ်ချုပ်တွေကို နှစ်ရှည်ထောင်ဒဏ်နဲ့ သေဒဏ်တွေချမှတ်တာတွေအပြင် စစ်ဗိုလ်ချုပ်ဟောင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ အဖမ်းခံရသူတွေထဲမှာ စစ်တပ်နဲ့ ကျောချင်းကပ်ထားတဲ့ နိုင်ငံရေးပါတီက ထိပ်တန်းခေါင်းဆောင်တွေလည်း ပါဝင်နေပါတယ်။
တစ်ခါ အာဏာသိမ်းဖို့ အခါတော်ပေးခဲ့ကြလို့ သူကောင်းပြုခြင်းခံရတဲ့ နိုင်ငံရေးပါတီကတချို့သောခေါင်းဆောင်တွေကိုလည်း ရာထူးချခံခဲ့ကြရပါပြီ။ စစ်အာဏာကြွက်ထောင်ချောက်ဟာ ငါ့ကို မထိဘူးဆိုပြီး နေသာသလို နေခဲ့တဲ့ ဒုတိယသမ္မတတစ်ဦးလည်း အခုတော့ ချောင်ထိုးခံလိုက်ရပြီး နေအိမ်အကျယ်ချုပ် ဖြစ်သွားခဲ့ပါပြီ။
ဒီလိုလူတွေတောင် ကြွက်ထောင်ချောက်ရဲ့ စက်ကွင်းမလွတ်ကြတာ၊ အောက်ခြေသာမန်ပြည်သူတွေဆိုရင်တော့ ထောင်ချောက်ရဲ့ ‘ဂျောင်း’ ခနဲ မောင်းပြုတ်သံနဲ့အတူ ကားခနဲ ညှပ်မိသွားစေမဲ့ အခြေအနေပါပဲ။
အာဏာသိမ်းလိုက်မှုဆိုတဲ့ ကြွက်ထောင်ချောက်ကြီးဟာ နိုင်ငံအတွင်းမှာ အမှန်တကယ် ရှိနေခဲ့ပါတယ်။ အခုတော့ ကြွက်ထောင်ချောက်ဟာ ဆူကြုံနိမ်မြင့်၊ ကြီးငယ်လတ်မခွဲခြားဘဲ အားလုံးကို ခြိမ်းခြောက်နေခဲ့ပါပြီ။
ငွေတန်ဖိုးတွေ ထိုးကျသွားတာကြောင့် အိတ်ထဲက ပိုက်ဆံတွေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ နေရင်းထိုင်ရင်း ပျောက်ဆုံးကုန်ရသလို ဖြစ်ခဲ့ရပါတယ်။ လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ လူမှုအကူအညီတွေ လိုအပ်နေကြရပါပြီ။
လေးပုံတစ်ပုံကတော့ ဆာလောင်မှုကို ခံစားနေရတဲ့အပြင် သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မခံရနေရပါဘူး။ လူနှစ်သန်းခွဲကျော်ဟာ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေရပါတယ်။
တစ်သန်းဝန်းကျင်ကတော့ တိုင်းပြည်ပြင်ပကို ထွက်ပြေးသွားခဲ့ကြရပါတယ်။ ကလေး သုံးပုံတစ်ပုံက ပညာသင်ကြားခွင့်တွေ ကမောက်ကမဖြစ်နေကြရပါတယ်။ ဒါတွေအတွက် ကူညီပေးနိုင်တဲ့ပမာဏက ဆင့်ပါးစပ်နှမ်းပက်ပဲ ဖြစ်နေသေးတာပါ။ ဒီလိုအခြေအနေတွေကြားထဲမှာ ပိုပြင်းထန်လာတဲ့ အပူချိန်နဲ့ ဖောက်လွှဲဖောက်ပြန်ရာသီဥတုအတွက် ခုခံကာကွယ်ရေးကိစ္စတွေကိုလည်း မလုပ်ဆောင်နိုင်ကြတော့တဲ့အခါ အဲဒီဒဏ်တွေကို ပိုခံလာရပါတယ်။
အစားအစာ ရှားပါးမှုကို ကြုံတွေ့ရနိုင်ခြေကြီးမားတဲ့ နိုင်ငံတွေထဲမှာ စားရင်းဝင်သွားခဲ့ပြီဖြစ်သလို ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း အပ်နှင်းခြင်းခံခဲ့ရပါပြီ။
အလုအယက် ခုန်ပျံကျော်လွှားပြီး တက်နေတဲ ကုန်ဈေးနှုန်းတွေ၊ အလုပ်အကိုင် ပျက်စီးလို့ ဝင်ငွေချို့တဲ့သွားရမှုတွေ၊ လျှပ်စစ်မီးနဲ့ အင်တာနက် ငတ်မွတ်သွားရတာတွေ၊ စစ်မှုထမ်းဥပဒေဆိုတဲ့ တစ္ဆေကြီးက အိမ်တံခါးဝကနေ ၂၄ နာရီ ချောင်းကြည့်နေမှုတွေ။ ဒါတွေဟာ ‘ငါတို့နဲ့ မဆိုင်ဘူး’ လုပ်နေချင်လို့ ရနိုင်ပါဦးမလား။ ဒီလိုမျိုး ဒုက္ခတွေအတွက် စစ်အာဏာသိမ်းမှုဟာ ကျောသားရင်သားမခွဲခြားပါဘူး။
နောက်ထပ်၊ နောက်ထပ် ဘယ်သူတွေ၊ ဘာတွေ၊ ဘယ်လိုတွေ ဆက်ဖြစ်လာဦးမှာပါလိမ့်လို့ တွေးတောကြည့်ရတာကတော့ မှောင်မည်းလွန်းပါတယ်။
သေချာပါတယ်။ ကြွက်ထောင်ချောက်ကို ဖျက်ဆီးဖယ်ရှားမပစ်နိုင်သရွေ့ သောကတွေနဲ့ အိပ်ရာထ၊ အမောတွေနဲ့ တစ်နေ့တာဖြတ်သန်းပြီး ထိတ်လန့်မှုတွေနဲ့ အိပ်ရာဝင်နေကြရပါလိမ့်မယ်။
ငြိမ့်လွင့်