ငလျင်ဖြစ်နေချိန် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပြည်သူ ၇၀ နီးပါးသေဆုံးဟု NUG ထုတ်ပြန်

April 5, 2025

ပုံစာ - ညောင်ဦးဒေသခံများ။ ဓာတ်ပုံ - NUG လူ့အခွင့်အရေးဝန်ကြီးဌာန

မြန်မာ​နိုင်ငံ​တွင် ပြင်းထန်လှသည့် ငလျင်ဘေးသင့်နေချိန် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲမှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၆၈ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

မတ်လ ၂၈ ရက်က လှုပ်ခတ်သည့်ငလျင်အပြီး တစ်ပတ်အတွင်း(မတ်လ ၄ ရက်အထိစာရင်းအရ) စစ်ကောင်စီတပ်သည် လေကြောင်းမှဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှု ၆၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုများကြောင့် ကလေးတစ်ဦး၊ အမျိုးသမီး ၁၅ ဦးအပါအဝင် အရပ်သားပြည်သူ ၆၈ ဦး သေဆုံးခဲ့ရကြောင်း NUG လူ့ခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းအပြင် ထိခိုက်ဒဏ်ရာရသူမှာ ၆၆ ဦးရှိသည်ဟုဆိုသည်။

စစ်ကောင်စီက ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ဧပြီလ ၂ ရက်နေ့စပြီး ရက် ၂၀ တိတိ ယာယီအပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် စစ်ကောင်စီတပ်သည် ယာယီအပစ်ရပ်ထုတ်ပြန်ပြီးသည့်အချိန် ဧပြီလ ၂ ရက်နေ့တွင် ငလျင်ဘေးသင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြိုနယ် တနိုင်းရွာကို လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် ဧပြီလ ၃ ရက်နေ့မှစပြီး မန္တလေးတိုင်း ရေဦးမြို့နယ်သို့ မြေပြင်စစ်ကြောင်းထိုးနေသဖြင့် ယင်းဒေသရှိ ကျေးရွာ ၆ ရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း NUG က ဆိုသည်။

စစ်ကောင်စီတပ်သည် ငလျင်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် စစ်ကိုင်းတိုင်းတွင် ၁၃ ကြိမ်၊ မန္တလေးတိုင်းတွင် ၈ ကြိမ် လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဆိုထားသည်။