ထိုင်ဝမ်ကျွန်းဆွယ်တွင် ဧပြီလ ၃ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ အားပြင်းငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သတင်းများအရသိရသည်။
တောင်တက်သွားသည့် တောင်တက်သမား ၆ ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး
ပိတ်မိနေသူ အများအပြားကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် လူပေါင်းထောင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ပျောက်ဆုံးနေသူများတွင် ဩစတေးလျနိုင်ငံသား ၂ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦးနှင့် ကနေဒါနိုင်ငံသား ၁ ဦးလည်း ပါဝင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပြောဆိုထားသည်။



ကယ်ဆယ်ရေးအဖွဲ့များက အသက်ရှင်ကျန်ရစ်ခဲ့သူများနှင့် ပိတ်မိနေသူများကို ကယ်တင်နိုင်ရန် ယနေ့အထိ ကြိုးစားနေဆဲဖြစ်သည်။
အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ငယ်ပေါင်း ရာနှင့်ချီလှုပ်ခတ်ခဲ့သဖြင့် ငလျင်ဗဟိုချက်နှင့် နီးသည့် Hualien မြို့ခံများမှာ တိုက်ခန်းများတွင် မအိပ်ရဲကြတော့ဘဲ အပြင်ဘက်တွင် တဲထိုးပြီး အိပ်နေကြရဟုဆိုသည်။
ထိုင်ဝမ်တွင် ယခုငလျင်သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၂၅ နှစ်အတွင်း အကြီးမားဆုံးငလျင်ဖြစ်ခဲ့သည်။
၁၉၉၉ ခုနှစ်က ရစ်ချက်စတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၂၄၀၀ ကျော် သေဆုံးခဲ့သည်။
Ref: Aljazeera