BREAKING
March 6, 2025

ပုလော ဆင်ထိုးကြီးရွာတွင် စစ်ဘေးရှောင်ရွာသားများကို ပြန်နေထိုင်ခွင့်ပြုဟု KNLA ပြော

March 5, 2025

Photo - ပုလောစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီ

ပုလောမြို့နယ်၊ ဆင်ထိုးကြီးကျေးရွာက စစ်ဘေးရှောင်ဒေသခံများကို ကျေးရွာအတွင်း ပြန်လည်နေထိုင်ခွင့် ပြုထားပြီ ဖြစ် ကြောင်း KNU တပ်မဟာ (၄)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၂ တပ်ရင်းမှူးက ပြောသည်။

မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ အင်းမ၊ ဆင်ထိုးကြီး၊ ဘုရင့်တောင်ရွာများဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ သဖြင့် ၂၀၂၄ခုနှစ် ဩဂုတ်လ ၁ရက်ကစပြီး နိုဝင်ဘာလနောက်ဆုံးအပတ်အထိ စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထိတွေ့ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေခြင်း၊ ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုများရှိသဖြင့် နေရပ်ပြန် နေမည့်ကိစ္စကို တားမြစ်ထားခဲ့ကြောင်း KNLA တပ်ရင်း ၁၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါးဒါးက ပြောသည်။

“အခုတော့ ပြန်နေခိုင်းပါပြီ။ အခုလ ၃ ရက်နေ့က ပြောထားပြီးပြီ” ၎င်းက ပြောဆိုသည်။

၂၀၂၄ခုနှစ် ဩဂုတ်လ ၁ ရက်မှ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ခုနစ်လကြာ နေရပ်မပြန်နိုင်သောကြောင့် ဥယျာဉ်ခြံနှင့် မူလအလုပ်အကိုင်များ ပစ်ထားရသဖြင့် ဝင်ငွေမရှိဖြစ်လာပြီး စားဝတ်နေရေး ခက်ခဲကျပ်တည်းနေကြောင်း စစ်ဘေးရှောင် ဒေသခံများက ဆိုသည်။

နှစ်ဖက်ထိတွေ့ တိုက်ပွဲများ မရှိတော့သည့်အချိန်လည်း ဒေသခံများ နေရပ်ပြန်လည်နေထိုင်ခွင့်ကို KNLA က တားမြစ်ထားသဖြင့် နေထိုင်စားသောက်ရေး အခက်အခဲများစွာ ကြုံရကြောင်း ၎င်းတို့က ပြောဆိုသည်။

“ပြန်နေခိုင်းပြီဆို ဝမ်းသာတယ်။ ကျွန်မတို့ကို တခြားရွာက လူတွေလည်း မလိုပြီဆိုပြီး နှင်ထုတ်လို့ ကျွန်မတို့မှာ တစ်နေရာပြီး တစ်နေရာ ရွှေ့ပြီးနေနေရတာ။ အခုလို ပြန်နေခွင့်ပေးတယ်ဆို ဝမ်းသာတာပေါ့” ဟု ဆင်ထိုးကြီးရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခု စစ်ဘေးရှောင်နေရသည့် ဆင်ထိုးကြီးကျေးရွာ အရှေ့ကမ်းအုပ်စုတွင် အိမ်ခြေသုံးရာကျော်ရှိပြီး လူဦးရေတစ်ထောင်ကျော် ရှိနိုင်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“အစ်မတို့ လိုချင်တာတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာရင်ပြေးပေါ့နော်။ စစ်ဖြစ်လာရင်ပြေး၊ စစ်ပွဲပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်နေရတာမျိုးလိုချင်တယ်။ သူများနားမှာ လချီကြာလာတော့ အိမ်ရှင်တွေလဲ ငြိုငြင်လာကြပြီ။ ကိုယ့်အိမ် ကိုယ့်ယာမှာ အလုပ်ရှိတာတွေ ပစ်ထားရပြီး သူများနားမှာ နေ့စားအလုပ်တွေ လိုက်လုပ်ပြီး စားနေရတာ” ဟု ဆင်ထိုးကြီးရွာက ဒေသခံအမျိုးသမီး အခြားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် KNLA နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်က ဘုရင့်တောင်ရွာတွင် တပ်စွဲခဲ့ပြီး ဆင်ထိုးကြီးရွာတွင်မူ KNLA တပ်စွဲထားသဖြင့် ဆင်ထိုးကြီးရွာ ဒေသခံများကို ကျေးရွာအတွင်း ပြန်လည်နေထိုင်ခွင့် မရခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။