BREAKING
March 6, 2025

အယုဒ္ဓယတွင် ယာဉ်တိုက်မှုကြောင့် ဆေးကုသမှုခံယူနေသည့် ထားဝယ်ဒေသခံတစ်ဦးထပ်မံသေဆုံး

March 5, 2025

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်အတွင်း ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရသည့် ထားဝယ်ဒေသခံတစ်ဦး ယနေ့ မတ်လ ၅ရက် နံနက်တွင် သေဆုံးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဘန်ပန်-ဖက်ဟိုင် (ဖက်ခိုင်) ကားလမ်းမပေါ်ရှိ မီးပွိုင့်တစ်ခုတွင် မတ်လ ၂ရက် နေ့လယ်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး ထားဝယ်ဒေသခံတစ်ဦး သေဆုံးကာ နောက်တစ်ဦးဖြစ်သည့် ကိုဇင်ကိုကိုဟိန်းမှာ ဦးနှောက်တွင် ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

“ဆေးရုံမှာ သုံးရက်ကြာပြီး အခုမနက် ဆယ်နာရီမှာပဲ ဆုံးသွားပါတယ်။ အခုညနေ အလောင်းထုတ်လာခဲ့ပြီးပါပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ကိုဇင်ကိုကိုဟိန်း၏ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ကိုဖြိုးမှာမူ မတ်လ ၂ ရက် ယာဥ်တိုက်မှုဖြစ်သည့်နေ့ကတည်းက သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

အလုပ် ထမင်းစားနားချိန်၌ ဆိုင်ကယ်ဖြင့် အပြင်ထွက်စဥ် ၁၈ ဘီးတွဲကားနှင့် တိုက်မိခဲ့ကြောင်း မိသားစုထံမှ သိရသည်။

ယာဥ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ အုန်းပင်ကွင်းအုပ်စု၊ ပယရွာ ဇာတိဖြစ်ကြပြီး အယုဒ္ဓယခရိုင်ရှိ သဲစက်လုပ်ငန်းတွင် လုပ်ကိုင်နေသူများဖြစ်ကြသည် ။