ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် မြန်မာနိုင်ငံသားများနေထိုင်ရာ အခန်းများထဲအထိ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးနေပြီး ရွှေ့ပြောင်းအလုပ်သမား သုံးဦးဖမ်းဆီးခံရကြောင်း မြန်မာနိုင်ငံသားများနှင့် ကော့စမွေပြန်ကြားရေးဌာနအရ သိရသည်။
ယနေ့ နံနက် ၆ နာရီခန့်က ကော့စမွေကျွန်းရှိ မဲနမ် ၆ လမ်းထဲက မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား အများစုနေထိုင်ရာ အခန်းတွဲများကို ထိုင်းလဝကအဖွဲ့က တံခါးခေါက်၍ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။
အခန်းထဲနေထိုင်သူများကို အပြင်သို့ ခေါ်ထုတ်၍ မြန်မာနိုင်ငံသားများကို တန်းစီထိုင်စေပြီး စစ်ဆေးခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြောသည်။
“စစ်တာကတော့ တန်းလျားထဲက အခန်းတွေ အကုန်စစ်တယ်။ အခြားတန်းလျားထဲက လူတွေလည်း အစစ်ခံရတယ်။ အဖွဲ့စုံဆင်းပြီး လိုက်စစ်တာမျိုးရှင့်” ဟု ကိုယ်တိုင် စစ်ဆေးခံရသူ အမျိုးသမီးက ပြောဆိုသည်။
စစ်ခံရသော မြန်မာနိုင်ငံသားဦးရေ ၃၀ ခန့်ရှိကြောင်း ၎င်းက ဆိုသည်။






အထူးသဖြင့် မြန်မာနိုင်ငံသားများ၏ နေထိုင်ခွင့် စာရွက်စာတမ်းများအပြင် အမျိုးသားများအား ဆီးနမူနာယူပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိ စစ်ဆေးခဲ့သေးကြောင်း သိရသည်။
စစ်ဆေးပြီးနောက် စာရွက်စာတမ်းရှိသော မြန်မာနိုင်ငံသားများကို ပြန်လွှတ်ပေးခဲ့ကြောင်း ကိုယ်တိုင်ကြုံရသူများထံမှ သိရသည်။
အဆိုပါလမ်းထဲရှိ အခန်းများတွင် ဆူပူနေကြောင်း အနီးပတ်ဝန်းကျင်ဒေသများက တိုင်ကြားချက်ရရှိသဖြင့် ထိုင်းဌာနဆိုင်ရာအဖွဲ့ပေါင်းစုံက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ကော့စမွေပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
လမ်းထဲရှိ အခန်းများထဲက နိုင်ငံခြားသား ၁၀၀ ဦးကို စာရွက်စာတမ်း စစ်ဆေးခဲ့ပြီး ၎င်းတို့အနက် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၁၉ ဦးကို မူးယစ်ဆေးဝါး စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
ရွှေ့ပြောင်းအလုပ်သမား သုံးဦးတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံသား ဟုတ်မဟုတ် မဖော်ပြထားသဖြင့် တိတိကျကျမသိရပေ။
ထိုင်းနိုင်ငံအနှံ့ မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူမှု ပိုများလာနေသကဲ့သို့ ကော့စမွေကျွန်း ပေါ်တွင်လည်း လုပ်ငန်းခွင်နှင့် လမ်းမပေါ်များတွင် ယခင်ထက် အစစ်အဆေး ပိုမိုများလာကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။