စစ်ကောင်စီက ပိတ်ခိုင်းသဖြင့် ထားဝယ်မြို့တွင် ပုဂ္ဂလိကဆေးရုံ သုံးရုံ ပိတ်ထားရကြောင်း ဆေးရုံဝန်ထမ်း အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။
ထားဝယ်မြို့သစ် (၄) လမ်းတွင် ဖွင့်လှစ်ထားသည့် ဆာဒိုဝါးဆေးရုံ၊ အေး ဆေးရုံနှင့် ကမြောကင်းလမ်းတွင် ဖွင့်လှစ်ထားသည့် မယ်ဒီလန်းဆေးရုံတို့ ပိတ်ထားခြင်းဖြစ်သည်။
အနည်းဆုံး နှစ်လမှ ရက်အကန့်အသတ် မရှိ ပိတ်ဖွယ်ရှိကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။
ဆာဒိုဝါးဆေးရုံသည် မတ်လ ၁ရက်ကစ၍ ပြင်ပလူနာ၊ အတွင်းလူနာ လက်ခံကုသခြင်းကို ရပ်နားထားပြီး ပြန်လည် ဖွင့်လှစ်မည့် နေ့ရက်ကိုမူ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
အေး ဆေးရုံတွင် ဆေးရုံအတွင်း ပြင်ဆင်ဆောင်ရွက် ခြင်းများကြောင့် လူနာလက်မခံသေးကြောင်း ကြေညာထားသည်။
ထို့အတူ မယ်ဒီလန်း ဆေးရုံတွင်လည်း ဆေးရုံအတွင်း ပြင်ဆင်မွမ်းမံမည်ဟုဆိုကာ မတ်လ ၁ ရက်ကစ၍ လူနာလက်ခံကုသခြင်းများကို ရပ်နားထားသည်။
ဆေးရုံဝန်ထမ်း အသိုင်းအဝိုင်းနှင့် မြို့ခံအချို့ကမူ အထက်ပါဆေးရုံတို့တွင် CDM ဆရာဝန်များနှင့် သူနာပြုများကို ခန့်ထားခြင်းကြောင့် စစ်ကောင်စီက အရေးယူခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
အဆိုဆေးရုံတွင် ကုသလျက်ရှိသည့် လူနာအများစုကို ၎င်းတို့ပြသလျက်ရှိသည့် အထူးကုဆရာဝန်ကြီးများထိုင်သည့် အခြားဆေးရုံများ၊ ဆရာဝန်ကြီးများ၏ ကိုယ်ပိုင်ဆေးခန်းများတွင် ပြောင်းလဲပြသနေရကြောင်း လူနာများထံမှ သိရသည်။
ယင်းသို့ ပြောင်းလဲ ကုသမှုခံယူရာတွင် ဆေးရုံအချို့၌ နေရာ၊ ခုတင်အခက်အခဲများ ရှိလာကြောင်း ၎င်းတို့က ဆိုသည်။
“မြင့်မိုရ်ဦး ဆေးရုံမှာဆိုရင် ခုတင်မလောက်လို့ ဘေးက တည်းခိုခန်းမှာ နားခိုပြီးကုသနေရတဲ့အထိရှိလာတယ်” ဟု ဆေးကုသနေသည့် လူနာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မယ်ဒီလန်း ဆေးရုံမှာမူ မေလ ၁ ရက်တွင်ပြန်လည်ဖွင့်လှစ်မည်ဟု ဆေးရုံ၏ အကြီးတန်းဝန်ထမ်းတစ်ဦးက Dawei Watch သို့ ပြောဆိုထားသည်။
အေး ဆေးရုံနှင့် ဆာဒိုဝါးဆေးရုံ ပြန်လည်ဖွင့်လှစ်မည့်ရက်ကိုမူ တိတိကျကျ မသိရသေးပေ။
ယင်းသို့သော အခြေအနေများကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီး အပါအဝင် ယခုလက်ရှိ ဖွင့်လှစ်ထားသည့် ပုဂ္ဂလိ ဆေးရုံ နှစ်ရုံ ဖြစ်သည့် ချမ်းမြေ့အထူးကုဆေးရုံနှင့် မြင့်မိုရ်ဦး ဆေးရုံများတွင် နေ့စဉ် လူနာအများအပြားလက်ခံ ကုသ နေရကြောင်း မြို့ခံများက ပြောသည်။
ရန်ကုန်နှင့် မန္တလေးရှိ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ ၁၀ ရုံ ထက်မနည်းကိုလည်း စစ်ကောင်စီက ယခုလအတွင်း ပိတ်သိမ်းရန်ညွန်ကြားခဲ့ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြချက်အရသိရသည်။
သို့သော် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနကမူ မြန်မာနိုင်ငံ တစ်ဝှမ်းပုဂ္ဂလိက ဆေးရုံများပိတ်သိမ်းခြင်း နှင့် ပတ်သတ်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမျိုး မတွေ့ရသေးပေ။