BREAKING
March 6, 2025

လေးနှစ်သားတော်လှန်ရေးခရီး လမ်းမှန်လျှောက်နေဆဲလား (အပိုင်း ၃)

March 5, 2025

အာဏာသိမ်းကာလ လေးနှစ်ကျော်လာချိန်တွင် စစ်အာဏာရှင် တော်လှန်ရေးအားကောင်းလာပြီး နိုင်ငံတစ်ဝန်းရှိ မြို့ ၉၀ကျော်အပါအဝင် နယ်မြေအများအပြားကို တော်လှန်ရေးအင်အားစုများ သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာသော်လည်း စုစည်းညီညွတ်မှုအားနည်းခြင်း၊ ဘုံသဘောတူညီချက်များ ချမှတ်နိုင်မှုအားနည်းခြင်း စသဖြင့် တော်လှန်ရေးခရီးမှာ မျှော်မှန်းထားသလောက် မရွေ့ဟု အားမလိုအားမရအသံများ ညံလာသည်။

အချို့နေရာများတွင် တစ်နယ်တစ်ဗိုလ် ပုံစံဖြစ်နေပြီး အာဏာရှင်အသေးစားများသဖွယ်ပင် ဖြစ်လာသည်ဟု ဝေဖန်သံများ ထွက်လာပြီး တော်လှန်ရေးလမ်းကြောင်း သွေဖည်လာကြောင်းလည်း လူထုအောင့်လုံးများ ပေါက်ထွက်နေကြသည်။

ထို့ကြောင့် တော်လှန်ရေးအရွေ့ မည်သို့ရှိနေသည်၊ တော်လှန်ရေး ခရီးပေါက်ရန် မည်သည့်အရေးအရာတို့ကို အရေးတကြီး ပြုပြင်ရမည် စသည်တို့နှင့်ပတ်သက်၍ အာဏာရှင်တော်လှန်ရေးခရီးအတွင်း လက်နက်ကိုင်တော်လှန်ရေး၊ နိုင်ငံရေး၊ ထောက်ပို့၊ စစ်ဘေးရှောင်ကူညီရေး၊ လူထုလှုပ်ရှားမှုစသည့် ကျရာကဏ္ဍတွင် ပါဝင်ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များကို မေးမြန်းထားသည်။

ယခုသီတင်းပတ်တွင် လူထုလှုပ်ရှားမှု၊ တော်လှန်ရေးတပ်နှင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တို့ကို မေးမြန်းကာ တနင်္သာရီ အပတ်စဉ်ပုံရိပ် အစီအစဉ်အဖြစ် တင်ဆက်လိုက်သည်။

“လေးနှစ်သားတော်လှန်ရေးခရီး လမ်းမှန်လျှောက်နေဆဲလား” ပုံရိပ် နောက်ဆုံးအပိုင်းဖြစ်သည်။

“အခုတော်လှန်ရေးတပ်ဦးမှာ ရောက်နေသူတွေအများစုဟာ တော်လှန်ရေးအခွင့်ထူးခံ လူစားတွေလိုဖြစ်နေတယ်”

နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)၊ အဖွဲ့ဝင်တစ်ဦး။

DW ။ လူထုလှုပ်ရှားမှုလုပ်နေသူတစ်ဦးအနေနဲ့ဆိုရင် လက်ရှိတော်လှန်ရေးအရွေ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ လက်ရှိမှာတော့ တော်လှန်ရေးဟာ စစ်ရေးနည်းလမ်းကို အဓိကတိုက်ပွဲနည်းနာဖြစ်တယ်လို့ လက်နက်ကိုင်ထားသူ တွေ တပ်ရင်းတပ်ဖွဲ့တွေက လက်ခံထားပုံရတယ်။ ကျွန်မအမြင်ကတော့ တော်လှန်ရေးမှာ ပြည်သူလူထုကသာလျှင် အဆုံးအဖြတ် ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်နိုင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ၊ နိုင်ငံရေးအရအန်တုတာတွေကို အဓိကတိုက်ပွဲနည်းနာအဖြစ် သတ်မှတ်ပြီး တော်လှန်သင့်တယ်လို့မြင်တယ်။ လက်နက်ကိုင်တော်လှန်ရေးတစ်ခုထဲကို ရှေ့တန်းတင်လာတဲ့အခါမှာ အကျိုးသက်ရောက်မှုအချို့တော့ရှိပါတယ်။ ဥပမာ အနေနဲ့ဆိုရင် နယ်မြေစိုးမိုးမှုတွေ ရှိလာတာတွေပါ။ ဒါပေမဲ့ အဲဒါနဲ့အတူပြည်သူတွေဟာ စစ်ရဲ့ဆိုးကျိုး သက်ရောက်မှု တွေကြားမှာ အလူးအလဲခံစားနေကြရတယ်ဆိုတာကိုလည်း သတိရှိဖို့လိုပါတယ်။

တော်လှန်ရေးအရွေ့လို့ပြောရင် နယ်မြေစိုးမိုးနိုင်တာတစ်ခုတည်းကိုပဲ ကြည့်လို့မရဘူးလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့တည်ဆောက်ချင်တဲ့ အာဏာအဆောက်အအုံအပြောင်းအလဲနဲ့ အံဝင်ခွင်ကျဖြစ်မှုက တိုက်ပွဲတွေကနေ ရလာနိုင်သလားဆိုတာမျိုးကိုလည်း တွေးကြည့်သင့်ပါတယ်။

DW ။ အစ်မအ‌နေနဲ့ မျှော်လင့်ထားတာနဲ့ လက်ရှိသွားနေတဲ့ တော်လှန်ရေးအရွေ့က ကွာခြားမှုရှိလား။ ဘာတွေကွာခြားနေတယ်လို့ထင်လဲ။

ဖြေ ။ ကျွန်မအနေနဲ့က တော်လှန်ရေးဆိုတာ အစိုးရစနစ် အပြောင်းအလဲလုပ်နိုင်ရုံ သက်သက်မဟုတ်ဘူး။ ဆိုလိုချင်တာက ကျွန်မတို့ဟာ ဒီလူ့အဖွဲ့အစည်းအတွင်းမှာ ဒီမိုကရေစီလူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှမှုစတဲ့ အခြေခံစံတန်ဖိုးတွေကို ဘယ်လောက်အထိ တည်ဆောက်နိုင်နေပြီလဲဆိုတာကိုကြည့်ရင် ကွာခြားမှုရှိနေတာကို တွေ့ရတယ်။

DW ။ တော်လှန်ရေးအဖွဲ့တွေ လက်ရှိသွားနေတဲ့ပုံစံအရဆိုရင် လမ်းကြောင်းမှန်ပေါ် မှာပဲ ဆက်ရှိနေတယ်လို့ထင်လား။ ဒါမှမဟုတ် သွေဖည်သွားတယ်လို့ ခံစားရလား။ ဘာကြောင့်လဲ။

ဖြေ ။ အားလုံးကိုတော့ မဆိုလိုပါဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တော်လှန်ရေးအတွေးအခေါ် ပျောက်ဆုံးနေတာကို ထင်ထင်ရှားရှားတွေ့ရမှာပါ။ အဲဒါကဘာတွေလဲဆိုတော့ ကျွန်မတို့ဟာ အာဏာရှင်စနစ်ကို ဘယ်အတွေးအခေါ်အရ တော်လှန်နေကြတာလဲ။ ကျွန်မနားလည်တာကတော့ ဒီမိုကရေစီအရေးအတွက် တော်လှန်ပုန်ကန်နေတယ်ဆိုရင် ဒီမိုကရေစီ စံတန်ဖိုးတွေ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေ၊ လူသားတွေရဲ့ ဘဝလွတ်လပ်ခွင့်နဲ့ တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့လိုတယ်။ ဒါတွေကိုအခြေမခံဘဲ ဘယ်လိုတော်လှန်မှုမျိုးကမှ လမ်းကြောင်းမှန်ပေါ်မှာ ရှိမနေဘူးလို့ မြင်ပါတယ်။

DW ။ တော်လှန်ရေးမြန်မြန်ပြီးနိုင်ဖို့ဆိုရင် ဘယ်အချက်တွေကို အရေးတကြီးနဲ့ မြန်မြန်ဆန်ဆန် ပြုပြင်သင့်တယ်လို့ ထင်လဲ။

ဖြေ ။ တော်လှန်ရေးဆိုတာမျိုးက ဘာထိခိုက်မှုမျှမရှိဘဲ မြန်မြန်ပြီးတတ်တဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ NUGပြောတဲ့ အောင်ပွဲ နှစ်တွေ ဆိုတာမျိုးကလည်း ယုတ္တိမရှိပါဘူး။ ကျွန်မအနေနဲ့ဆိုရင် ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ခိုင်မာတဲ့ တော်လှန်ရေးအတွေးအခေါ်တစ်ရပ်ကို တစ်ထပ်တည်းကျတည်ဆောက်ပြီး ရေရှည်တိုက်ပွဲကို ဘယ်လို တိုက်ကြမလဲ ဆိုတာ ပြင်ဆင်သင့်တယ်။ ကျွန်မတို့ရင်ဆိုင်နေရတဲ့ အနိုင်တိုက်ဖို့က ပြည်သူတွေအပေါ်မှာ မူတည်ပါတယ်။ မင်းတို့က စစ်တိုက် ငါတို့ကစစ်ရှောင်မယ်ဆိုတဲ့ အယူအဆလောက်နဲ့တော့ စစ်အနိုင်တိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ မြင်တယ်။

DW ။ ဘယ်သူတွေက ဦးဆောင်ပြီး ပြုပြင်သင့်တယ်လို့မြင်လဲ။ ဒီလိုပြုပြင်ဖို့အတွက်ဆိုရင် ဘယ်အချက်တွေက အဓိကအဟန့်အတားဖြစ်နေနိုင်လဲ။ ဘာကြောင့်လဲ။

ဖြေ ။ အခုတော်လှန်ရေးတပ်ဦးမှာ ရောက်နေသူတွေ အများစုဟာ တော်လှန်ရေးအခွင့်ထူးခံ လူစားတွေလိုဖြစ်နေတယ်။ ၂၀၂၁ စစ်အာဏာသိမ်းတော့ တော်လှန်ရေးကို လူငယ်တွေ၊ အခြေခံပြည်သူတွေက စခဲ့ကြတာပါ။ ဘယ် NLD မှ မပါသေးဘူး။ ဒါပေမဲ့ NUG လည်းပေါ်လာရော NLD ပါတီဝင်တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမတ်လောင်းတွေကပဲ တာဝန်ခံတွေ၊ ရှိရှိသမျှ အဖွဲ့တွေရဲ့ တာဝန်ခံတွေ ဖြစ်လာကြတယ်။ ဒါတွေကို ပြောင်းလဲပစ်ဖို့လိုတယ်။ အရည်အချင်း ရှိတဲ့ လူငယ်အီလစ်တွေနဲ့ တော်လှန်ရေးတပ်ဦးက နေရာတွေမှာ အစားထိုးပစ်နိုင်ဖို့ လိုပါတယ်။ ဒါတွေကို ပြောင်းလဲပစ်ဖို့ဆိုရင် ပြည်သူလူထုမှာ တာဝန်အရှိဆုံးပါ။ ကျွန်မတို့ဟာ မှားယွင်းတဲ့ခေါင်းဆောင်မှုတွေကို အပြောင်းအလဲလုပ်ပိုင်ခွင့်ရှိတဲ့ သူတွေဆိုတာကို လက်ခံယုံကြည်ထားကြဖို့လည်းလိုပါတယ်။

DW ။ ဒီလို ပြုပြင်သင့်တာတွေ မပြုပြင်ဘူးဆိုရင် တော်လှန်ရေးက ဘယ်လိုဖြစ်လာနိုင်မလဲ။

ဖြေ ။ သေချာတာကတော့ တော်လှန်ရေးတစ်စုံလုံးကို လွှမ်းခြုံနိုင်တဲ့ အတွေးအခေါ်တွေနဲ့ ကောင်းမွန်တဲ့ ဦးဆောင်မှုမရှိရင် တော်လှန်ရေးက လိုအပ်တာထက် ပိုကြာသွားနိုင်ပါတယ်။ ဒါကို NUG အနေနဲ့လည်း သဘောပေါက်ပုံရပါတယ်။ အဲဒါကြောင့်ပဲ ယာယီသမ္မတကြီးက တတိယနိုင်ငံကနေ ရဲရဲတောက် Zoom သူရဲကောင်းတွေလုပ်နေတဲ့ ဝန်ကြီးတွေကို ပြည်ထဲပြန်လာကြဖို့ ခေါ်နေတယ်လို့မြင်တယ်။ ပြီးတော့ အတွေးအခေါ်ကင်းမဲ့နေတဲ့ ပသုံးလုံး (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ပြုပြင်မှုလုပ်ရမယ်။ ဒါကိုလည်း NUG က သဘောပေါက်မှာပါ။

DW ။ တော်လှန်ရေးဆိုရာမှာ လက်နက်ကိုင်တော်လှန်ရေးအပြင် နိုင်ငံရေးအခင်းအကျင်းလည်း ဦးဆောင် တည်ဆောက်နိုင်ဖို့ လိုအပ်တယ်လို့ ပြောကြတာရှိတယ်။ လက်ရှိနိုင်ငံရေးစုဖွဲ့မှုအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ ။ ကျွန်မအနေနဲ့လည်း ကျွန်မတို့ရဲဘော်တွေမြင်သလို မြင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ အခွင့်အရေး တစ်ရပ်ပါ။ ဘာလို့အခွင့်အရေးဖြစ်ရသလဲဆိုရင် လူတိုင်းဟာမွေးလာကတည်းက လွတ်လပ်ပြီးသားပါ။ အဲဒီလွတ်လပ်မှုကို လက်နက်နဲ့ ဖိနှိပ်လာရင် လက်နက်ကိုင်တော်လှန်ခွင့်ရှိပါတယ်။ လူမှုသဘောတရားအရပဲကြည့်ကြည့် နိုင်ငံရေး အတွေးအခေါ်အရပဲ ကြည့်ကြည့်ပါ။ အချုပ်အခြာအာဏာဆိုတာ ပြည်သူလူထုအပိုင်ပါ။ အဲဒီအာဏာကို လက်နက်နဲ့ အဖွဲ့အစည်းပိုင် ပါတီပိုင်လုပ်ရင် တော်လှန်ပုန်ကန်ခွင့်ဆိုတာရှိပါတယ်။ ဒါပေမဲ့ လက်နက်ကိုင် တော်လှန်ရေးကြောင့် ဖြစ်လာတဲ့ စစ်ရဲ့ဆိုးကျိုးသက်ရောက်မှုတွေကိုတော့ မဖြစ်မနေထည့်စဉ်းစားဖို့လိုမှာပေါ့။ ပိုဆိုးတာက လက်နက်ကိုင် တော်လှန်ရေးဟာ နှစ်ဖက်လက်နက်ကိုင် တိုက်သူအချင်းချင်းလောက်ပဲ ခံရတာမဟုတ်ဘူး။ အရပ်သားပြည်သူ ထိခိုက်မှု တော်တော်ကြီးမားပါတယ်။ ဒါကြောင့်ပြောတာပေါ့ စစ်ရေးနည်းလမ်းတစ်ခုတည်းနဲ့ ရေရှည်တော်လှန်ရေးဆင်နွှဲဖို့ ခက်တယ်ဆိုတာ။ ကျွန်မအမြင်ကတော့ ထိခိုက်မှုအနည်းဆုံးနဲ့ အောင်မြင်မှုအများဆုံး ရနိုင်တဲ့ နည်းနာတွေနဲ့ တိုက်သင့်တယ်လို့မြင်တယ်။ ဒါက ပြည်သူ့အာဏာကိုတည်ဆောက်ပြီး နိုင်ငံရေးအရ အန်တုဆန့်ကျင်တဲ့ နည်းလမ်းပါ။

DW ။ တနင်္သာရီတိုင်းမှာ နိုင်ငံရေးစုဖွဲ့မှု အားကောင်းမောင်းသန်ဖြစ်လာအောင်ဆိုရင် ဘယ်လိုအချက်တွေကို ပြုပြင်ဖို့လိုမလဲ။

ဖြေ ။ အခုလည်း တနင်္သာရီပြည်နယ်ကောင်စီ ပေါ်ပေါက်ရေးအတွက် စုဖွဲ့မှုတွေ လုပ်နေကြတယ်လို့သိရတယ်။ ဒါပေမဲ့ ဘယ်အတိုင်းအတာအထိ ရောက်နေပြီလဲဆိုတာတော့ မသိဘူး။ ကျွန်မအရှေ့ပိုင်းမှာ ပြောခဲ့သလိုပဲ။ စုဖွဲ့မှုကို ခိုင်မာစေချင်ရင် ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ဆိုရင် ကိုယ်တွေက တော်လှန်ရေးတပ်ဦးမှာ အစိတ်အပိုင်းတစ်ခုခုရဲ့ တာဝန်ခံတွေဖြစ်သင့်တယ်လို့ လက်ခံထားတာတွေ ဖျောက်သင့်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် ငါတို့က ၂၀၂၀ မှာ အနိုင်ရတဲ့အမတ်တွေမို့ တော်လှန်ရေးကာလ ဥပဒေပြုခွင့် အာဏာပိုင်တွေ ဖြစ်တယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆတွေကို စွန့်ကြပါ။ နောက်တစ်ခုက ပသုံးလုံးထဲမှာ ပအဖအုပ်ချုပ်ရေးအဖွဲ့ ဆိုတာမျိုးကို ဖျက်ပြီး ဒေသအလိုက်အုပ်ချုပ်ရေးဖော်ဆောင်မှုတွေဟာ ပြည်နယ်ကောင်စီကို တာဝန်ခံသင့်တယ်။ ဒီလိုအပြောင်းအလဲတွေကို လက်ရှိတော်လှန်ရေး မိုးကျရွှေကိုယ်အုပ်စုက လက်ခံနိုင်မယ်ဆိုရင် ဒေသအတွင်းစုဖွဲ့မှုက အင်အားကောင်းလာမယ်ဆိုတာ ကျွန်မကတော့ ယုံကြည်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အတ္တတွေ လျှော့ပါ။ တော်လှန်ရေးအောင်နိုင်ဖို့အတွက် ဘယ်သူနဲ့မဆို လက်တွဲလုပ်နိုင်ပါတယ်ဆိုတဲ့အတွေး တွေးစေချင်ပါတယ်”

ရဲဘော်ဓူဝံ (ဗဟိုစစ်ဦးစီးမှူး၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA))

DW ။ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်အချိန်ကတည်းက ဘယ်လိုရည်ရွယ်ချက်နဲ့ စလုပ်ဖြစ်တာလဲ။

ဖြေ ။ ကျွန်တော်တို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ကို ၂၀၂၂ (ခုနှစ်) ဩဂုတ်လ (၃)ရက်နေ့ ထိုင်း-မြန်မာနယ်စပ်မှာ ရဲဘော် ၃၁ ယောက်နဲ့ ဖွဲ့စည်းလာခဲ့တာပါ ။

DW ။ အဲဒီအချိန်တုန်းက ဘယ်အချိန်လောက်မှာ ပြီးမယ်လို့ မျှော်မှန်းခဲ့လဲ။ အခြားအင်အားစုတွေနဲ့ ဘယ်လိုပုံစံ ပူးပေါင်းပြီး သွားမယ်လို့ မျှော်မှန်းခဲ့လဲ။

ဖြေ ။ ကျွန်တော်တို့ တော်လှန်ရေးကို ဘယ်နေ့ပြီးမယ်ဆိုပြီး အချိန်တစ်ခုသတ်မှတ်ထားတာတော့ မရှိပါဘူး။ ဒီတော်လှန်ရေးဟာ အချိန်တစ်ခုအထိ တော်လှန်တိုက်ခိုက်ရမယ်ဆိုတာတော့ နားလည်ထားပါတယ်။ ကျွန်တော်တို့က ဓဝယ်(ထားဝယ်)လူမျိုးကိုယ်စားပြု EAO တစ်ခုအနေနဲ့ စတည်ထောင်ကတည်းက မဟာမိတ် မူတစ်ခုက ရှိပြီးသားပါ။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ဖက်ဒရယ်မူနဲ့အညီ နောက်လာမယ့် အနာဂတ်မှာ ကျွန်တော်တို့တနင်္သာရီဒေသမှာ ဘယ်လို အေးအတူပူအမျှ နေထိုင်ကြမလဲ။ အဲဒီ အခြေခံအပေါ်မှာမူတည်ပြီး လက်နက်ကိုင် EAO တွေနဲ့ အကောင်းဆုံး မဟာမိတ် အရင်လုပ်ပါတယ်။ ဒုတိယအနေနဲ့ လက်ရှိကာလမှာ တိုက်ပွဲဝင်နေတဲ့ PDF တပ်ဖွဲ့ဝင် တချို့၊ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးမဟာမိတ်တွေလုပ်ပြီး တိုက်ပွဲဖော်ဆောင်နေတာရှိပါတယ်။ ကျွန်တော်တို့ ရည်မှန်းထားတာကတော့ တကယ့် စစ်မှန်တဲ့ အနှစ်သာရပြည့်ဝတဲ့ လက်နက်ကိုင် EAO ‌တပ်တွေရော PDF တပ်ဖွဲ့တွေရော တပ်ပေါင်းစုတစ်ခု တည်ဆောက် နိုင်မှ သာလျှင် ကျွန်တော်တို့ စစ်အာဏာရှင် ကျဆုံးရေးကို တကယ်လုပ်နိုင်မှာပါ။ တစ်ဦးကောင်း တစ်ဖွဲ့ကောင်းနဲ့တော့ ဘယ်တော့မှ တော်လှန်ရေးအောင်ပွဲခံနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ မြန်မာပြည်သမိုင်းကို ပြန်လေ့လာရင် တွေ့နိုင်ပါတယ်။

DW ။ အခုတော်လှန်ရေးကာလ ၄ နှစ်ကျော်လာချိန်မှာရော အစကမျှော်လင့်ထားတဲ့ မျှော်လင့်ချက် မျှော်မှန်းချက်တွေက တကယ်ဖြစ်လာတယ်လို့ ခံစားရလား။

ဖြေ ။ အစက မျှော်လင့်ထားတာနဲ့ လက်ရှိအနေအထားနဲ့တော့ နည်းနည်းကွဲလွဲတာ ရှိတာတော့ ရှိပါတယ်။ ဒါပေမဲ့ အချိန်နည်းနည်း ယူရမယ်လိုတော့ထင်ပါတယ်။ ကျွန်တော်တို့ ဓဝယ်(ထားဝယ်)လူမျိုးတွေအနေနဲ့ အသားသေပြီးသား (နေသားကျနေတဲ့) အမူအကျင့်တစ်ခုကို ပြုပြင်ရသလိုဖြစ်နေပါတယ်။ ဘယ်လိုလဲဆိုရင် ဓဝယ်(ထားဝယ်)ဆိုတာကို လူမျိုးတစ်မျိုးအဖြစ်နဲ့ ခံယူတဲ့ လူတွေရှိသလို ဗမာလူမျိုးဆိုတဲ့ အတွေးအခေါ်ခံယူထားတဲ့လူတွေကလည်း ရှိတယ်ဆိုတော့ နည်းနည်း အချိန်ယူရဦးမှာပါ။ ကျွန်တော်တို့ မျှော်မှန်းခဲ့တာနဲ့စာရင်တော့ အများကြီးအဆင်ပြေပါတယ်လိုပြောလို့ရပါတယ်။ ကျွန်တော်တို့ DNLA တပ်တော် ၂ နှစ်ကျော်ကာလအတွင်းမှာ မျှော်မှန်းထားတာထက် လုပ်နိုင်ခဲ့တယ်လိုထင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲ၊ လူထုယုံကြည်မှု၊ မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုတွေ အပိုင်းတွေမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အများကြီး ကြိုးစားရပါဦးမယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်အာဏာရှင် မကျဆုံးသရွေ့ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်သရွေ့ ဓဝယ်(ထားဝယ်) ကံကြမ္မာ ဓဝယ်(ထားဝယ်)တွေ ကိုယ်တိုင် မဖန်တီးနိုင်သရွေ့ ကျွန်တော် တို့ ကြိုးစားရဦးမှာပါ။ ဓဝယ် (ထားဝယ်)တွေ ဓဝယ်(ထားဝယ်)လူမျိုးမှန်းသိတဲ့တစ်နေ့ ကျွန်တော်တို့ မျှော်မှန်းချက်ပြည့်တဲ့ နေ့ပါပဲ။

DW ။ အခုအချိန်မှာ တနင်္သာရီတိုင်းထဲက တော်လှန်ရေးတပ်အများစုရဲ့ သွားနေတဲ့လမ်းကြောင်းမူဝါဒတွေအရ တကယ်ပဲ တော်လှန်ရေးလမ်းကြောင်းအမှန်ပေါ်ရောက်နေတယ်လို့ ထင်လား။

ဖြေ ။ တော်လှန်ရေးလမ်းကြောင်းပေါ်မှာ သွားနေသရွေ့တော့ မှန်တယ်လိုတော့ ကျွန်တော့်အနေနဲ့မြင်ပါတယ်။ နည်းနာအရ ကွဲ‌ပြားတာတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ အပြုသဘောနဲ့ ပြုပြင်ပြီး သွားရင်တော့ ဒီထက်နည်းနည်း မြန်လာပြီး အရှေ့ပိုရောက်လိမ့်မယ်လို့တော့ထင်ပါတယ်။ တော်လှန်ရေးဆိုတဲ့ အတွေးအခေါ်တွေ အပေါ်မှာ ရပ်တည်သွားနေသရွေ့ တော်လှန်ရေးလမ်းကြောင်းမှန်ပေါ်ရှိနေတယ်လို့ ကျွန်တော် တို့မြင်ပါတယ်။

DW ။ တော်လှန်ရေးမြန်မြန်အောင်နိုင်ဖို့အတွက်ဆိုရင် ဘယ်အချက်တွေကို အရေးတကြီးပြုပြင်သင့်တယ်လို့ ထင်လဲ။

ဖြေ ။ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ် တော်လှန်ရေးမြန်မြန်အောင်နိုင်ဖို့ တစ်ဦးတစ်ဖွဲ့တည်း အကောင်းလုပ်ရုံနဲ့ လုပ်လို့ ရနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့အားလုံးပါဝင်နိုင်တဲ့ စစ်မှန်တဲ့တပ်ပေါင်းစုတစ်ခု တည်ဆောက် ရလိမ့်မယ်။ အဲဒီလို တပ်ပေါင်းစုတည်ဆောက်တဲ့နေရာမှာလည်း ဖြစ်တည်မှုကို လက်ခံနိုင်ရမယ်။ ဘယ်သူမို့လို့ လက်မခံနိုင်ဘူးဆိုတာထက် ဘယ်သူနဲ့မဆို လုပ်နိုင်တယ်ဆိုတဲ့ အတွေးရှိရပါလိမ့်မယ်။ အဲဒါမှမဟုတ် တူရာတူရာပဲ ထပ်စုနေမယ်ဆိုရင်တော့ ကျွန်တော်တို့ရှေ့ရောက်လာမှာမဟုတ်ဘူး။ ရည်ရွယ်ချက်တူပြီး လုပ်ငန်းစဉ်မတူတာတွေပါ ထပ်စုနိုင်ရင်တော့ ပိုကောင်းပါတယ်။ ကျွန်တော်တို့ လူမှန်နေရာမှန် ဦးဆောင်နိုင်ခဲ့ရင် နားလည်မှုအပြည့်ရှိတဲ့ တပ်ပေါင်းစုတစ်ခုဖြစ်ပြီး ရန်သူအမြန်ဆုံးကျဆုံးနိုင်မှာပါ။

DW ။ ဒီလိုပြုပြင်ဖို့အတွက်ဆိုရင် ဘယ်အချက်တွေက အဓိက အဟန့်အတားဖြစ်နေလဲ။ ဘာကြောင့်လဲ။ ဒီစိန်ခေါ်မှု အဟန့်အတားတွေကို ဘယ်လိုပုံစံနဲ့ ကျော်ဖြတ်နိုင်မယ်လို့ ထင်လဲ။

ဖြေ ။ အတ္တတွေ လျှော့ပါ။ ငါတို့အတူတူ လုပ်နိုင်ပါတယ်ဆိုတဲ့ အတွေးတွေးပါ။ တော်လှန်ရေးအောင်နိုင်ဖို့အတွက် ဘယ်သူနဲ့ မဆို လက်တွဲလုပ်နိုင်ပါတယ်ဆိုတဲ့အတွေး တွေးစေချင်ပါတယ်။ ပြည်သူအတွက်ရှေ့ရှုစဉ်းစားပြီး လုပ်မယ်ဆို အားလုံးကျော်လွှား သွားနိုင်မှာပါ။

DW ။ ပြုပြင်သင့်တာတွေ မပြုပြင်ဘဲ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် နွေဦးတော်လှန်ရေးက ဘာဆက်ဖြစ်လာ နိုင်မယ်လို့ ထင်လဲ။

ဖြေ ။ တော်လှန်ရေးအချိန်က ၄ နှစ်ကျော်လာပြီဖြစ်ပါတယ်။ ပြုပြင်သင့်တာ မပြုပြင်ဘဲ၊ ပြင်ဆင်သင့်တာ မပြင်ဆင်ဘဲနဲ့ ကျွန်တော်တို့ တော်လှန်ရေးခရီး ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ တော်လှန်ရေးက မထင်မှတ်ထားတဲ့ အချိန်တစ်ခုအထိ ကြာသွားနိုင်ပါတယ်။ ရင်းနှီးပေးဆပ်ရမှုတွေဟာလည်း အများကြီး ပေးဆပ်ရပါလိမ့်မယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ဒီလိုပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နောက်ထပ် ဆယ်နှစ်‌လောက် ဆက်သွားရမယ့် ပုံစံမျိုးရှိနေတယ်”

Black (အဖွဲ့ဝင်၊ တနင်္သာရီတိုင်း မြိတ်ခရိုင်ကိုယ်စားပြု ခုနစ်စဉ်ကြယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့)

DW ။ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးအနေနဲ့ဆိုရင် လက်ရှိတော်လှန်ရေးအရွေ့အပေါ် ဘယ်လိုမြင်လဲ။ မျှော်လင့်ထားတာနဲ့ လက်ရှိသွားနေတဲ့တော်လှန်ရေးအရွေ့က ကွာခြားမှုရှိလား။

ဖြေ ။ စစ်ဘေးရှောင်ကူညီနေတဲ့သူတစ်ယောက်အနေနဲ့ဆိုရင် အခုလက်ရှိ တော်လှန်ရေးရဲ့အရွေ့က ကွာခြားမှုတွေရှိတယ်။ အဓိကကတော့ အရွေ့က အားနည်းနေတဲ့အပိုင်းတွေများတယ်။ ကြာလည်းကြာတယ်ပေါ့နော်။ အဲဒီအထဲမှာ အဓိကကတော့ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အားနည်းနေတယ်လို့ မြင်တယ်။ စုပေါင်း စုစည်းပြီး လုပ်ဆောင်နေတာက အားနည်းနေ သေးတယ်။ ဆိုတော့ ဒီလိုအပိုင်းတွေမှာ အားနည်းနေလို့ တော်လှန်ရေးကလည်းပဲ ကျွန်တော်တို့ ပိုကြာနေတယ်လို့ မြင်တယ်။ မျှော်မှန်းထားတာနဲ့ဆိုရင်တော့ လက်ရှိတော်လှန်ရေးကာလ လေးနှစ်ပေါ့နော်။ လေးနှစ်တာကာလထဲမှာ မျှော်မှန်းထားတာနဲ့ ယှဉ်ရင် အရွေ့က တအားကိုနှေးနေသေးတယ်လို့တော့ ပြောလို့ရတယ်။ ဒါက ကျွန်တော်အနေနဲ့ ပြောမယ်ဆိုရင် တနင်္သာရီမြို့နယ်ကိုအခြေခံပြီး တနင်္သာရီတိုင်းအခြေအနေကိုကြည့်ပြီးပြောတာမျိုး သွားပြီးတော့ သက်ရောက်နေတာပေါ့နော်။ ကိုယ့်တိုင်းထဲမှာဆိုတော့ ကိုယ်အားမရသေးတဲ့ အနေအထားတစ်ခုတော့ သွားဖြစ်နေတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် အရွေ့က အရှေ့ကိုတော့ ရွေ့နေတယ်။ အားရတဲ့အထဲတော့ မပါသေးဘူး။ အဓိကကတော့ အချို့သော အခြေအနေတွေက ကျွန်တော်တို့ ထင်ထားတဲ့ အခြေအနေမျိုး ဖြစ်မလာဘူးပေါ့နော်။ စုပေါင်းပြီး သွားလို့ရမယ့်အခြေအနေမျိုး ရောက်လာပေမယ့် လေးနှစ်တာကာလအတွင်း စုစည်းမှု ညီညွတ်ပြီးတော့ တစ်သံတည်း ထွက်ရမယ့်အခြေအနေမှာ အခုချိန်အထိ ဆုံလည်ပြီး ကွဲပြားနေသေးတယ်။ ညီညွတ်ဖို့ ဆိုတာထက် စုစည်းဖို့တောင် အခုအချိန်အထိ တော်တော်လုပ်ယူနေရတဲ့ အနေအထားမျိုးဖြစ်နေတယ်ဆိုတော့ ဒီအပေါ်မှာ အားမရသေးတာတော့ အမှန်ပဲ။

DW ။ တော်လှန်ရေးအဖွဲ့တွေ လက်ရှိသွားနေတဲ့ပုံစံအရဆိုရင် လမ်းကြောင်းမှန်ပေါ် မှာပဲ ဆက်ရှိနေတယ်လို့ ထင်လား။ ဒါမှမဟုတ် သွေဖည်သွားတယ်လို့ ခံစားရလား။

ဖြေ ။ တော်လှန်ရေးဆိုတာ ဒီစစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့ ဖြစ်လာတဲ့ တော်လှန်ရေးတစ်ခုဖြစ်တယ်။ သွေဖည် မဖည်ကတော့ ဒီစစ်အာဏာရှင်ကို စစ်တိုက်နေတာလား ဒီစစ်အာဏာရှင်ကို တော်လှန်ရင်း ကိုယ်တိုင်စစ်အာဏာရှင်တွေ ဖြစ်သွားလား ဆိုတာမျိုးမှာ အများကြီး သက်ရောက်သွားလိမ့်မယ်။ စစ်အာဏာရှင်ကို တိုက်နေသရွေ့တော့ ‌တော်လှန်ရေး အဖွဲ့တွေ လမ်းမှန်ပေါ်မှာပဲ ရှိနေသေးတယ်လို့ ဆိုလို့ရပေမယ့် ကွာခြားမှုတွေရှိတာတော့ တွေ့ရတယ်။ တော်လှန်ရေးအဖွဲ့ အနေနဲ့ ပြောမယ်ဆိုရင်တောင်မှ EROs တိုင်းရင်းသားတော်လှန်ရေးအဖွဲ့နဲ့ ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးယူဆချက် ကွာခြားမှုတွေ ရှိတယ်။ ပြောချင်တာက သူတို့က မျှော်မှန်းချက်အ‌ပေါ်တစိုက်မတ်မတ်နဲ့ လုပ်ဆောင်သွားကြတဲ့ အနေအထားရှိတယ်။ သူတို့နယ်မြေအပေါ်ကိုလည်း ကောင်ကောင်းထိန်းချုပ်နိုင်တဲ့ အနေအထား ရှိတယ်။ PDF တွေမှာကျတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စုစည်းမှု ညီညွတ်မှု ပူးပေါင်း‌ဆောင်ရွက်မှု အားနည်းတယ်ဗျ။ အတူတူ စစ်တိုက်နေရုံနဲ့ အဆင်ပြေနေတယ် ပြောလို့မရဘူး။ အချင်းချင်းကြား‌ မပြေလည်တာတွေ အများကြီးပဲ။‌ ပြောချင်တာက ဘယ်တော်လှန်ရေးအဖွဲ့စည်းပဲဖြစ်ဖြစ် အာဏာရှင်ပြုတ်ကျဖို့ မျှော်မှန်းချက်အပေါ်မှာ ကျွန်တော်တို့ တစိုက်မတ်မတ်နဲ့ အတူတကွပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုရင် ပိုကောင်းတာပေါ့။ မဟုတ်ဘဲ ကိုယ့်နယ်မြေကိုယ်ရရုံနဲ့ ကိုယ်လိုချင်တာ တစ်ခုအတွက်နဲ့သာ လုပ်နေတယ်ဆိုရင်တော့ ဘုံရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်အမြစ်ဖြတ်‌ ချေမှုန်း‌‌ရေးမဟုတ်ဘဲ တခြားလမ်းကို ရောက်သွားတာဖြစ်တဲ့အတွက် လမ်းမှန်ပေါ်ရှိနေသေးတယ်လို့တော့ မဆိုနိုင်တော့ဘူးဗျ။ ဘာလို့လဲဆို အောင်မြင်မှုတွေ ရရှိနိုင်ဖို့ လိုတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နယ်မြေတွေ ရလာမယ်။ မြို့တွေ သိမ်းလာနိုင် မယ်။ ရရှိထားတဲ့ မြို့တွေကို ပိုပြီးကောင်းအောင် ထိန်းချုပ်နိုင်မယ် ပြည်သူအတွက် ပိုပြီး အကျိုးပြု‌ပေး နိုင်မယ်ဆိုရင်တော့ တော်လှန်ရေးရဲ့လမ်းကြောင်းရဲ့ လမ်းမှန်ပေါ်က အောင်မြင်တဲ့ ရလဒ်ကိုမြင်နေရပြီလို့ ပြည်သူတိုင်းက ပြောကြမှာပဲ။

DW ။ တော်လှန်ရေးမြန်မြန်ပြီးနိုင်ဖို့ဆိုရင် ဘယ်အချက်တွေကို အရေးတကြီးနဲ့ မြန်မြန်ဆန်ဆန် ပြုပြင်သင့်တယ်လို့ ထင်လဲ။

ဖြေ ။ အဓိက မြန်မြန်ဆန်ဆန် ပြီးစေချင်ရင်တော့ တစ်သံတည်းထွက်ပြီးတော့ တစ်မိန့်တည်း တစ်ခုတည်း သွားနိုင်ရင်‌တော့ အားလုံးရဲ့ တစ်ခုတည်းအောက်မှာ သွားနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။ ဒီလိုမျိုးသွားမယ်ဆိုရင်တော့ သေချာတာတော့ ပြီးနိုင်တယ်ပေါ့နော်။ အခုလက်ရှိကတော့ ကျွန်တော်တို့က သူ့အမြင် ငါ့အမြင်ဆိုတာက ပိုပြီးတော့ များနေတယ်။ အဖွဲ့အစည်းတွေများတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရော အခြားအဖွဲ့အစည်းတွေကရော များတယ်။ အဲဒီအဖွဲ့ တွေထဲမှာ စုစည်းမှု ညီညွတ်မှု ကျွန်တော်တို့ Action (လုပ်ဆောင်ချက်) တစ်ခုလုပ်ရဖို့ Activity (လှုပ်ရှားမှု) တစ်ခု လုပ်ရဖို့အရေး ဒေသအတွက် အကျိုးရှိမယ့်ကိစ္စတစ်ခု လုပ်ရရေးအတွက်တောင်မှ ကျွန်တော်တို့မှာက အတိုက်အခံတွေက များနေတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတဲ့အခါကျတော့ မြန်မြန်ဆန်ဆန်ပြီးဖို့အတွက်ဆို ကိုယ့်နယ်မြေအတွင်းမှာ ဒီဟာလေး တစ်ခုလုပ်ဖို့တောင် တော်တော်လေး အချိန်ယူပြီးမှ လုပ်ရတဲ့ဟာမျိုး ဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေး မြန်မြန်ပြီးဖို့ အတွက်ဆိုရင် သေချာတာက ကျွန်တော်တို့ ဘာအရင်လုပ်ရမလဲဆိုရင် အနောက်က ကျွန်တော်ပြောသလို အကုန်လုံး တစ်သံတည်း တစ်စုတစ်စည်းတည်း တစ်ညီတစ်ညွတ်တည်း ဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေး အမြန်ဆုံး ပြီးနိုင်တယ်ပေါ့နော်။ အခုအချိန်အထိတော့ စုစည်းနေတုန်းလို့တော့ ပြောလို့ရတာပေါ့။ အဓိကတော့ ကိုယ်တာဝန်ယူထားတဲ့ နယ်မြေမှာ ကိုယ်တာဝန်ယူထားတဲ့ နေရာကနေပဲ စရမယ်လို့ မြင်တယ်။ ဘယ်သူမဆို ပြည်သူတွေက ဒီတော်လှန်ရေးမှာ ကိုယ်တာဝန်ယူထားတဲ့ နေရာတွေကနေ တာဝန်ထမ်းဆောင်နေကြတယ်လေ။ အနည်းဆုံးကတော့ ကိုယ်တာဝန်ယူထားတဲ့ အပိုင်းမှာ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် စုစည်းပြီးတော့ ညီညီညွတ်ညွတ်သွားနိုင်ဖို့တော့ လိုတာပေါ့နော်။ အဲဒီလို ညီညွတ်မှု မရှိဘူး ဆိုရင် ညီညွတ်ဖို့ အတွက်ကို မကြိုးစားဘူး မလုပ်ဆောင်ကြဘူးဆိုရင်တော့ သေချာတာကတော့ ကိုယ်မျှော်လင့်ထားတာ ဖြစ်မလာဘူးပေါ့နော်။ နယ်မြေဖြစ်ဖြစ် အလုပ်ဖြစ်ဖြစ် အဖွဲ့အစည်းဖြစ်ဖြစ် စုစုစည်းစည်းစိတ်နဲ့ ညီညီညွတ်ညွတ် သွားနိုင်မှ ဖြစ်လာမှာပေါ့။

DW ။ (ဒါတွေကို) ဘယ်သူတွေက ဦးဆောင်ပြီး ပြုပြင်သင့်တယ်လို့ မြင်လဲ။ ဦးဆောင်ပြုပြင်သင့်တဲ့သူတွေက လက်ရှိ ဘယ်လို ဆောင်ရွက်နေကြလဲ။

ဖြေ ။ ဘယ်သူတွေက ဦးဆောင်ပြီးတော့ ပြုပြင်သင့်သလဲဆိုရင် အဓိကကတော့ တာဝန်ယူထားတဲ့ လူတွေပေါ့နော်။ တာဝန်ယူထားတဲ့ လူတွေဆိုတဲ့နေရာမှာ လူကြီးပိုင်းတွေလည်း ပါနိုင်တယ်။ ဒေသအလိုက်မှာပေါ့။ ကိုယ့်နယ်မြေမှာကို ဒီရာထူး ဒီတာဝန်ယူထားပြီဆိုရင်တာ့ ဒီလိုမျိုး လူတွေကနေ စပြီးတော့ ပြုပြင်သင့်တယ်လို့ သိကြတယ်။ ဦးဆောင်ပြီးတော့ ပြုပြင်ရမယ်ဆိုတဲ့သူတွေကလည်းပဲ ကျွန်တော်တို့ အခုအချိန်မှာ ရေလိုက်ငါးလိုက်ပဲ သွားနေကြတာများတယ်။ ဒီဟာလုပ်ရင် ဒါနောက်ကို လိုက်မယ်ဆိုတဲ့သူတွေကပဲ များနေတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ ကိုယ်တိုင်က ဦးဆောင်ပြုပြင်သင့်တယ်လို့ ထင်တဲ့သူတွေအကုန်လုံးက ပြုပြင်နိုင်တာက အကောင်းဆုံးပေါ့နော်။ ဦးဆောင်ပြုပြင်သင့်တယ်ဆိုတဲ့အပိုင်းမှာ တိုင်းရင်းသားတွေဆိုလည်း ပါမှာပဲ။ လက်နက်ကိုင်အဖွဲ့အစည်းဆိုလည်း ပါမှာပဲ။ နောက်ပြီးတော့ အုပ်ချုပ်ရေး ပအဖ တွေ ပါမှာပဲ။ ဆိုတော့ ဒီအဖွဲ့အစည်းတွေ ရှိသမျှအဖွဲ့တွေ အကုန်လုံးက စုစည်းပြီးတော့ ညီညွတ်သင့်ပြီပေါ့နော်။ ဒီလူတွေကပဲ ဦးဆောင်ပြီးတော့ ပြုပြင်သင့်ပြီလို့တော့ မြင်တယ်။

DW ။ ဒီပြုပြင်သင့်တာတွေ မပြုပြင်ဘဲ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် နွေဦးတော်လှန်ရေးက ဘာဆက်ဖြစ်လာ နိုင်မယ်လို့ ထင်လဲ။

ဖြေ ။ အခုလက်ရှိ တော်လှန်ရေးက ကြာခဲ့ပြီဆိုရင် လေးနှစ်ဖြစ်ပြီပေါ့နော်။ လေးနှစ်ဆိုတဲ့ ကာလက အချိန်အတိုင်းအတာ တစ်ခုအရဆိုရင် လမ်းခရီးတစ်ဝက်လောက် ရောက်နေရမယ့် အနေအထားတစ်ခုဖြစ်တယ်။ သို့ပေမဲ့ ပြုပြင်ရမယ့်ဟာကို မပြုပြင်ဘဲ ဆက်သွားနေတာမျိုးတွေလည်း တွေ့နေရတယ်။ ဆိုတော့ ဘာကို ပြန်ကြည့်သင့်လဲဆိုရင် ပြည်သူတွေကို ပြန်ကြည့်သင့်ပြီလို့တော့ မြင်တယ်။ ပြည်သူတွေ တော်တော်လေးကို ပင်ပန်းလာပြီ။ ပြီးတော့ အာဏာရှင်ကြီးက ဆက်ပြီး သက်ဆိုးရှည်နေသေးတယ်ပေါ့နော်။ သူတို့မှာက Plan တွေ အများကြီးပဲ။ ကြာလေ သူတို့ သက်ဆိုးရှည်စေမယ့် Plan တွေ အများကြီးကို ဆက်ပေးသလို ဖြစ်တယ်ပေါ့နော်။ ပြီးတော့ ပြည်သူတွေက ရေရှည်တောင့်ခံနိုင်မှု မရှိတော့ဘူး။ လူထုကို ကြည့်လိုက်ရင် ပိုပြီးတော့ နစ်နာနေတယ်။ ကျေးရွာတွေ ပြည်သူတွေ နောက်ပြီးတော့ လူငယ်တွေ အနာဂတ်တွေ ဆုံးရှုံးနစ်နာတယ်။ ပိုပြီးတော့ မပြင်သွားဘူးဆိုရင် ဒါတွေကပိုပြီးတော့ နစ်နာလာနိုင်တဲ့ အနေအထားမျိုး ရှိနေတယ်။ ကိုယ့်လူတွေက ကိုယ့်ရဲ့ အတ္တတွေ မာနတွေကို လျှော့ချပြီးတော့ ပူးပေါင်းသင့်တာကို ပူးပေါင်း ညီညီညွတ်ညွတ်နဲ့ သွားသင့်တဲ့ အခြေအနေ ဖြစ်နေပြီဆိုတာ မြင်တယ်။ ဒီလိုမျိုး မသွားဘဲနဲ့ အခုချိန် မပြင်ဆင်ဘဲနဲ့ ဒါကြီးကို ဆုပ်ကိုင်ထားပြီး ဆက်သွားနေမယ်ဆိုရင် သေချာတာက ထိခိုက်နစ်နာလာမယ့်သူက ပြည်သူတွေပဲဖြစ်တယ်ပေါ့နော်။ ဒါကြီးကို ပြန်တည် ဆောက်ဖို့အတွက် သေချာတာက နောက်ထပ်နှစ်တွေ အများကြီးပေးဆပ်ရမယ့် အနေအထားမျိုးတော့ ရှိနေတယ်။ ဒီလိုပုံစံ အတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ကျွန်တော်တစ်ဦးတည်း အမြင်အရဆို နောက်ထပ် ဆယ်နှစ်‌လောက် ဆက်သွားရမယ့် ပုံစံမျိုးရှိနေတယ်။

DW ။ နောက်ထပ် ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ ။ ကျွန်တော်တို့က တော်လှန်ရေးကို အစကတည်းက အာဏာရှင်ကို အမြစ်ဖြတ်‌ချေမှုန်းမယ်ဆိုတဲ့ စိတ်နဲ့ စခဲ့တာ ပေါ့နော်။ အခုဆိုရင် ဘယ်လိုပြောပြော ခရီးတစ်ခုကို ပြန်ကြည့်မယ်ဆိုရင် တော်တော်လေး ရောက်နှင့်နေပြီလို့တော့ ပြောလို့ရတယ်။ အာဏာရှင်ကလည်း ထွက်ပေါက်ရှာနေရတဲ့ အနေအထားဖြစ်နေပြီ။ ဘယ်လိုဖြစ်ဖြစ် အခုလက်ရှိ ကိုယ့်ဒေသ ကိုယ့်နယ်မြေမှာ လွတ်မြောက်နယ်မြေတွေ ရှိနေခဲ့ပြီ။ လွတ်မြောက်တဲ့ဒေသတွေ ပေါ်လာပြီပေါ့နော်။ လွတ်မြောက်နေတဲ့ မြို့တွေရှိနေပြီ။ ဒါတွေက ကျွန်တော်တို့ရဲ့ ပန်းပွင့်တွေပေါ့နော်။ ဟိုတစ်ချိန်မှာ ကျွန်တော်တို့ ပြန်နေရမယ့် ထိုင်ရမယ့် လွတ်မြောက်ဒေသတစ်ခု ဖြစ်လာပြီ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေကို ပြောချင်တာကတော့ ဇွဲမလျှော့ဘဲနဲ့ ကိုယ့်ဒေသကနေမှ တစ်နိုင်ငံလုံးကို တိုက်ဖို့အထိ အားလုံး စုစုစည်းစည်းနဲ့ တိုက်နေကြတယ်။ ကိုယ်ဒေသ ကိုယ့်တစ်ယောက်တည်းမဟုတ်ဘူး။ ပြည်သူတွေအားလုံး ဝိုင်းဝန်းကြိုးစား နေကြတယ်ဆိုတာမျိုးတော့ ပြောချင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။