စစ်ကောင်စီကို တိုက်ခိုက်ရာတွင် မဟာဗျူဟာမြောက်တိုက်ခိုက်နိုင်သည့် လက်နက်များရှိရန် လိုအပ်လာပြီး ဒရုန်းတပ်ဖွဲ့ အားကောင်းလာစေရန် ပြင်ဆင်နေကြောင်း တိုင်းစစ်ဌာန (တနင်္သာရီ) ၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားက ပြောသည်။
တနင်္သာရီတိုင်း စစ်ဌာနအောက်ရှိ Dragon Squad ဒရုန်းတပ်ဖွဲ့အား အဆင့်မြှင့်တင်ရန် ပြုလုပ်နေသည့် ဝေဟင်စိုးမိုးဇီဝဇိုးကမ်ပိန်းအတွက် တိုင်းစစ်ဌာနပြန်ကြားရေး Facebook စာမျက်နှာက ထုတ်လွှင့်သည့် ရုပ်သံတွင် ထိုကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။
ရခိုင်တွင် နယ်မြေလက်လွှတ်ဆုံးရှုံးခဲ့သည့် စစ်ကောင်စီ ကြည်း၊ ရေ၊ လေ တပ်များသည် တနင်္သာရီတိုင်းသို့ ပြောင်းရွှေ့ လာသည့်အပြင် မြိတ်ခရိုင် ကျွန်းစုမြို့နယ်ထဲတွင်မူ ရေတပ်စခန်းများကိုပါ တိုးချဲ့နေကြောင်း ၎င်းက ဆိုသည်။
ယင်းပြင် စစ်ကောင်စီသည် နယ်မြေစခန်းများကို ဆုတ်ခွာထားပြီး မြို့ပြနှင့် တပ်ရင်းများတွင် ခြေကုပ်ယူကာ ခံစစ်ပြင်ဆင်နေသည်ကိုလည်း တွေ့လာရကြောင်း ရဲဘော်စတားက ပြောဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီဘက်က ဗျူဟာကျကျပြင်ဆင်မှုများ ရှိလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ဗျူဟာကျကျ တိုက်ခိုက်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ရန်သူဘက်က ဗျူဟာတကျလုပ်လာသလို ကျွန်တော်တို့ကလည်း ဗျူဟာတကျပြန်လည်တိုက်ခိုက်ရမှာဖြစ်ပြီးတော့ မဟာဗျူဟာမြောက်တဲ့ လက်နက်တွေ လိုအပ်လာပါတယ်။ ကျွန်တော်တို့အတွက် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ပြင်ဆင်မှုဟာ ဒရုန်းတပ်ဖွဲ့ကို အားကောင်းလာစေဖို့…” ဟု ရဲဘော်စတားက ပြောသည်။
ထို့ကြောင့် ဒရုန်းတပ်ဖွဲ့ကို အဆင့်မြှင့်ရန် ဒေါ်လာတစ်သိန်းရရှိရေး ဝေဟင်စိုးမိုးဇီဝဇိုးကမ်ပိန်းကို ဆောင်ရွက်လျက်ရှိပြီး ယင်းကမ်ပိန်းတွင် ပြည်တွင်း၊ ပြည်ပက ပြည်သူများ ပူးပေါင်းပါဝင်ပေးရန် ရဲဘော်စတားက တောင်းဆိုထားသည်။
ဒရုန်းတပ်ဖွဲ့တွင် အဆင့်မြင့်၊ နည်းပညာမြင့်ဒရုန်းများ၊ ပိုမိုဝေးဝေးပျံသန်းနိုင်ပြီး ဝန်အားကို ပိုသယ်ဆောင်နိုင်သည့် ဒရုန်းများ တပ်ဆင်နိုင်မည်ဆိုပါက ရန်သူထက်ရှေ့ခြေတစ်လှမ်း ဦးနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံ့ဘတ်ဂျက်ကို ကိုင်ထားရသည့် စစ်ကောင်စီဘက်ကမူ လက်နက်ကြီးပစ်ကူ အားကောင်းသလောက် တော်လှန်ရေး တပ်ရင်း၊ တပ်ဖွဲ့များတွင်မူ လက်နက်ကြီးပစ်ကူ အလွန်အားနည်းနေပြီး အဆိုပါလက်နက်ကြီးအတွက် အမြောက်ကျည် ဝယ်ယူရသည်မှာလည်း အလွန်ခက်ခဲကြောင်း ရဲဘော်စတားက ရှင်းပြထားသည်။
ယင်းအတွက်ကြောင့် ဒရုန်းတပ်ဖွဲ့ ဗုံးချတိုက်ခိုက်မှုသည် လက်နက်ကြီးပစ်ကူကဲ့သို့ပင် ထိရောက်မှုရှိကြောင်းလည်း ဆိုသည်။
Dragon Squad ဒရုန်းလက်ရုံးတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၉ရက်တွင် ဖွဲ့စည်းခဲ့ပြီး စခန်းသိမ်းတိုက်ပွဲ ငါးကြိမ်၊ ပျံသန်းမှုအကြိမ် ခြောက်ရာကျော်ပြုလုပ်ခဲ့ပြီး အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ရာကျော် ထိခိုက် သေဆုံးခဲ့ ကြောင်း ရဲဘော်စတားက ပြောဆိုသည်။
ဒရုန်းတပ်ဖွဲ့ဘက်ကလည်း တပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့ပြီး ဒရုန်းအစီးရေ ၂၀ ကျော်ပျက်စီးခဲ့ကြောင်း ဆိုသည်။
ယင်းအချက်အလက်များကို တပ်ဖွဲ့ဝင်များ၏ မျက်မြင်အတည်ပြုချက်၊ ဒရုန်းကင်မရာက ရရှိသည့်အချက်အလက်နှင့် ခိုင်မာသည့် သတင်းအရင်းအမြစ်များဖြင့် အတည်ပြုထားခြင်းဖြစ်သည်ဟု ဆိုသည်။