အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ဖြစ်နေပြီဟု ဖိအားပေးခံနေရသော ယူကရိန်းသမ္မတဗလော်ဒီမာဇလန်းစကီးက အင်္ဂါနေ့က ပြောဆိုလိုက်သည်။
ပြီးခဲ့သည့်အပတ်က အိမ်ဖြူတော်တွင် အမေရိကန်သမ္မတထရမ့် ၊ ဒုတိယသမ္မတဂျေဒီဗန်းစ်တို့နှင့် အချင်းများခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရသည်ဟုလည်း ဇလန်းစကီးက ပြောဆိုခဲ့သည်။
ယူကရိန်းအချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းရန် အမေရိကန်ပြည်ထောင်စုက ကူညီခဲ့သည်များကို တန်ဖိုးထားအသိအမှတ်ပြုကြောင်းလည်း ၎င်းက ဆိုသည်။
ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ပထမဆုံးအဆင့်အနေဖြင့် အကျဉ်းသားများကို လွှတ်ပေးပြီး ဝေဟင်နှင့် ရေပြင်တွင် အပစ်ရပ်ရမည်ဖြစ်ကာ ရုရှားဘက်ကလည်း အလားတူဆောင်ရွက်ပေးရမည်ဟု ဇလန်းစကီးက ဆိုသည်။
အမေရိကန်နှင့် ယူကရိန်းအကြား အနာဂတ်ပူးပေါင်းလုပ်ဆောင်မှုများတွင် အပြုသဘောဆောင်စေလိုပြီး ယူကရိန်း၏ မြေရှားသတ္တုကို အမေရိကန်အား ရေရှည်ထုတ်လုပ်ပိုင်ခွင့်ပေးသည့် သဘောတူညီချက်ကိုလည်း အချိန်မရွေး လက်မှတ်ထိုးရန် အသင့်ဖြစ်နေပြီဟု ၎င်းက ဆိုသည်။
ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတက ယူကရိန်းတွင် ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို အဆိုပြုထားသည်။ ထိုရက် ၃၀ အတွင်း ပိုကျယ်ပြန့်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်ရအောင် ကြိုးစားနိုင်သည်ဟု ပြင်သစ်သမ္မတက သတင်းထောက်များကို ပြောကြားခဲ့သည်။
ယင်းအဆိုပြုချက်နှင့် ပတ်သက်၍ အိမ်ဖြူတော်က တစ်စုံတရာ ဆုံးဖြတ်ချက်ချရခြင်း မရှိသေးပေ။
Source: Fox News