မြိတ်၊ ကျွန်းစု၊တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ကွမ်းသီးမှည့်အထွက်နည်းသဖြင့် ကွမ်းသီးခြောက်ထုသည့် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ကွမ်းသီးရာသီအစက ကွမ်းသီးနုဈေးကောင်းသဖြင့် တောင်သူများက ဆွတ်ခူးရောင်းချရာ ကွမ်းသီးမှည့်ရှားသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ထိုသို့ ကွမ်းသီးအမှည့်အထွက်နည်းသဖြင့် ကွမ်းသီးခြံပိုင်ရှင်များက ကွမ်းသီးခြောက်ထုရန် အလုပ်သမား မခေါ်တော့ကြောင်း ဒေသခံများကဆိုသည်။
“ကုန်ဈေးနူန်းတွေ တအားတက်တော့ ကွမ်းသီးခြောက်ထုချင်တဲ့စိတ်တွေဖြစ်တယ်။ အရင်က ကွမ်းသီးခြောက် ထွက်တဲ့လတွေဆို စားဖို့မပူပန်ရဘူး”ဟု ကျွန်းစုမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။
ကွမ်းသီးအမှည့်များကို ခူးဆွတ်ကာ နေပူလှန်းထားပြီး ခြောက်သွေ့လာပါက အခွံနှင့် ကွမ်းသီး(အသား)အလုံး သီးခြားဖြစ်စေရန် သံပုဆိန်ဖြင့်ထုလေ့ရှိသည်။
ကွမ်းသီးခြောက် သံပုံး(ဆီပုံး) တစ်ပုံးရအောင် ထုနိုင်ပါက လုပ်အားခအဖြစ် ငွေကျပ်သုံးထောင်ရပြီး တစ်ဦးလျှင် တစ်ရက်အတွင်း သံပုံးငါးပုံးစာထုနိုင်ကြောင်း ၎င်းက ဆိုသည်။
“ကွမ်းသီးခြောက်ရာသီအစက ထုလိုက်ရင် ရာသီကုန်တဲ့အချိန်အထိ (ကျပ်)ဆယ်ငါးသိန်းလောက်ရတယ်။ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းကတော့ အကူအညီဖြစ်တယ်။ဒီနှစ်တော့လုံးဝ မထုရဘူး။ ခေါ်သမားလည်း မရှိဘူး”ဟု ဘုတ်ပြင်းမြို့နယ်နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အများအားဖြင့် ကွမ်းသီးထုသည့်အလုပ်ကို အမျိုးသမီးများ လုပ်ကိုင်လေ့ရှိပြီး လက်ရှိတွင် အလုပ်ခေါ်သူမရှိသဖြင့် အလုပ်လက်မဲ့ဖြစ်နေကြသလို ထိုင်းနိုင်ငံသို့သွားလိုက်သူများလည်းရှိကြောင်း ဘုတ်ပြင်းဒေသခံအချို့က ဆိုသည်။
ကွမ်းသီးခြံပိုင်ရှင်အချို့ကလည်း ကွမ်းသီးနုဈေးကောင်းခဲ့ခြင်းနှင့် နယ်မြေမအေးချမ်းမှုကြောင့် ကွမ်းသီးမှည့်ချိန်အထိမစောင့်တော့ဘဲ အနုရာသီကတည်းက ခူးဆွတ်ရောင်းချလိုက်သည်ဟု ဆိုသည်။
“ကွမ်းသီးခြောက်မရှိတော့ အလုပ်သမားတွေကိုလည်း သနားမိတယ်။ကိုယ့်အတွက်အဆင်ပြေပေမယ့် သူတို့အတွက် အလုပ်လက်မဲ့ဖြစ်သွားကြတယ်။သူတို့အပူကိုလည်း ကိုယ်ကြည့်မနိုင် တစ်ကိုယ်ကောင်း ဆန်သလိုတော့ ဖြစ်သွားတယ်”ဟု ဘုတ်ပြင်းမြို့နယ်ရှိ ကွမ်းသီးခြံ ပိုင်ရှင်တစ်ဦးက ပြောသည်။
လက်ရှိတွင် ကွမ်းသီးခြောက်ဈေးကောင်းနေပြီး တစ်ပိဿာလျှင် ကျပ် သုံးသောင်းဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ကွမ်းသီး အဝယ်ဒိုင်အချို့ထံမှ သိရသည်။