မြိတ်ခရိုင် ပုလောမြို့အနီး ကျေးရွာနှစ်ရွာတွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး နောက်ထပ်ကျေးရွာနှစ်ရွာတွင်လည်း ဒေသခံနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ပုလောမြို့အနီးရှိ ပုလောကုန်းရွာနှင့် နန်းပရုပ်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသည်။
ယနေ့ နံနက် ၆ နာရီခွဲခန့်က နန်းပရုပ်ရွာအနီးတွင် စစ်ကောင်စီတပ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။
“နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြသေးတယ်လို့ မြင်ရသူတွေပြန်ပြောတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု ပုလောဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် ယနေ့ နေ့လယ်ပိုင်းတွင်လည်း ပုလောကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပုလောကုန်းရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ပုလောကုန်းရွာက ပျူစောထီးခေါင်းဆောင် ဦးကုလားနီ သေဆုံးသည်ဟု သတင်းထွက်နေကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်နေချိန် ပုလောမြို့ ၂၈၅ တပ်ရင်းဘက်က ပုလောကုန်းကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ပုလောမြို့နယ် ကျောက်ကမ်းဖဲ့နှင့် တပိုတို့တွင် ဒေသခံနှစ်ဦး မတ်လ ၄ရက်က ပစ်သတ်ခံရသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဇရပ်ဆိပ်ရွာသူ အမျိုးသမီးတစ်ဦး မတ်လ ၄ရက် ညက ကျောက်ကမ်းဖဲ့ရွာတွင် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သလို တပိုကျေးရွာတွင်လည်း လူငယ်တဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။
“ပစ်သတ်ခံရတဲ့ အမျိုးသမီးနာမည်က ပဲ့ပဲ့ လို့ခေါ်တယ်။ တပိုက ကောင်းလေးကတော့ နာမည်မသိဘူး” ဟု ပုလောဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
ပစ်သတ်ခံရသူနှစ်ဦးမှာ စစ်ကောင်စီတပ် သတင်းပေးဟု ဒေသခံများက ပြောဆိုနေကြပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ပုလောမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီ နှစ်ဖက်တိုက်ပွဲများနှင့် အရပ်သား ဖမ်းဆီးခံရမှုများလည်း ဆက်တိုက်ရှိလာခဲ့သည်။