BREAKING
February 5, 2025

ရေး-သံဖြူဇရပ်လမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

February 5, 2025

ဓာတ်ပုံ - NMSP-AD

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း ကွမ်းဒူးနှင့်နှင်းစုံကျေးရွာကြား တံတားအနီးတွင် တပ်စွဲထားသည့်စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်း ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း သိရသည်။

ကွမ်းဒူးနှင့် နှင်းစုံကျေးရွာကြား တံတားအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ယနေ့ နံနက် ၆ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီမနက်တိုက်ပွဲက နှင်းစုံနဲ့ ကွမ်းဒူးကြားမှာ ဖြစ်သွားတယ်။ တစ်နာရီလောက်ကြာတယ် တိုက်ပွဲက ကားလမ်းမှာဖြစ်နေတယ်ဆိုတော့ ကားတွေလည်း မသွားလာရဲဘူးလေ။ အသံတွေတိတ်သွားမှပဲ သွားလာရဲကြတယ်” ဟု‌ ဒေသခံတစ်ဦးက ပြောသည်။

NMSP-AD ဘက်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်း တိုက်ခိုက်မှုတွင် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့် ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိမှုလည်း များပြားကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အာရုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခမရ ၃၄၃ နှင့် ခမရ ၅၈၇ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေး-သံဖြူဇရပ်ကားလမ်းပိုင်း တစ်လျှောက်တွင် ယခုနှစ်ဆန်းပိုင်းမှစပြီး စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ တိုးချဲ့ထားသည့်အပြင် အင်အားအများအပြား ချထားပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံနှင့် ခရီးသွားလာသူတို့ထံမှ သိရသည်။

ယင်းအပြင် ဖြတ်သန်းသွားလာသူများကို စစ်ဆေးခြင်း၊ ငွေကြေးတောင်ခံခြင်းများလည်း ဆိုးရွားလာသည်ဟု ခရီးသွားလာသူတို့၏ ပြောပြချက်အရ သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီယာဉ်တန်းများ စစ်ကောင်စီ စစ်ကြောင်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။