ပုလောမြို့ပေါ်ရှိ စစ်ကောင်စီခန့် အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ပစ်သတ်ခံရကြောင်း မြို့ခံအချို့က ပြောသည်။
ဦးသန်းဝင်းသည် ဖေဖော်ဝါရီလ ၄ရက် ည ၈ နာရီခွဲခန့်က ၎င်း၏နေအိမ်တွင်ပင် ပစ်သတ်ခံရကြောင်း မြို့ခံအချိုက ပြောသည်။
ဦးသန်းဝင်းကို မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၏ တပ်ရင်း(၇)တို့က ပူးပေါင်း ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားသည်။
၎င်းသည် လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းရန်ပို့ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ လုပ်ဆောင်နေရာ အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း ဆိုသည်။
ဦးသန်းဝင်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်သက် လေးနှစ်ရှိပြီဖြစ်ကာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ခန့်အပ်ထားသူလည်းဖြစ်သည်။
“ပြီးခဲ့တဲ့ နိုဝင်ဘာကနေစပြီး ညဘက်လူငယ်နှစ်ဆယ်ကျော်ကို အဖမ်းခံထိပြီးနောက်ပိုင်း တောက်လျှောက် သတိပေး လာတာပေါ့။ အဲဒီလိုလုပ်တာ သူပဲဦးဆောင်လုပ်တာ။ လှေလုပ်သားတွေ အဖမ်းခံရတာလည်းသူကြောင့်ပဲလို့ အဖမ်းခံရတဲ့ သူတွေကနေ တစ်ဆင့်ပြန်သိရတာ” ဟု မြိတ်ခရိုင် PDFအမှတ် ၁ တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုသန်းဝင်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ပုလောမြို့အတွင်း လုံခြုံရေးတင်းကျပ် ထားကြောင်း မြို့ခံအချို့က ဆိုသည်။
ပုလောမြို့ခံ အမျိုးသားတစ်ဦး၏ အဆိုအရ ဦးသန်းဝင်းတွင် သေနတ်ကျည် ခုနစ်ချက်အထိ ထိမှန်သွားသည်ဟု သိရသည်။
လက်ရှိတွင် လူငယ်များကို ဖမ်းဆီးရာ၌ စစ်ကောင်စီတပ်သားများက လိုက်လံဖမ်းဆီးခြင်းအစား ရပ်ကျေးအုပ်ချုပ်ရေးမှူး များကို ဖမ်းဆီးခိုင်းပြီး လာရောက်အပ်နှံခိုင်းသည့်ပုံစံလုပ်လာကြောင်း အထက်ပါမြို့ခံက ပြောဆိုသည်။
“အခုနောက်ပိုင်း စစ်တပ်ကနေ (လူငယ်များကို) လိုက်ဖမ်းတာမျိုး သိပ်မလုပ်တော့ဘူး။ အုပ်ချုပ်ရေးမှူး လုပ်ရဲကိုင်ရဲသူ စတဲ့ သူတွေမျိုးကို ဖမ်းခိုင်းပြီး စစ်တပ်ကိုပို့ခိုင်းတယ်။ အဲဒီအခါကျရင် စစ်တပ်က ပိုက်ဆံပြန်ပေးတာမျိုး လုပ်လာနေတာ” ဟု ၎င်းက ပြောသည်။
ပုလောမြို့နယ်အတွင်းရှိ ရပ်ရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူများကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးခြင်း၊ သွပ်သွင်းခြင်းများကို ဆက်မလုပ်ရန် အမှတ်(၁)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက သတိပေးသည်။