ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ကို ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက် လိုက်ပြီးနောက် မြို့ပေါ်တွင် စက်သုံးဆီ ဝယ်သူများပြားပြီး စျေးလည်းမြင့်တက်လာကြောင်း မြို့ခံများထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို ပံ့ပိုးနေသည်ဆိုပြီး နယ်စပ်တလျှောက်ရှိ နေရာငါးခုကို လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီများကို ဖြတ်တောက်ရန် ထိုင်းအစိုးရက ဖေဖော်ဝါရီလ ၄ရက်တွင် အမိန့်ထုတ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၅ရက် နံနက်တွင် ဖြတ်တောက်ခဲ့သည်။
ဘုရားသုံးဆူတွင် ယနေ့ နံနက် ၈ နာရီခွဲမှစတင်ကာ လျှပ်စစ်မီးပြတ်တောက်သွားကြောင်း မြို့ခံများက ပြောသည်။
လျှပ်စစ်မီးပြတ်တောက်သွားပြီးနောက် မြို့ပေါ်တွင် စက်သုံးဆီ ဝယ်ယူသူများပြားလာသဖြင့် ဓာတ်ဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်သွားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
“မီးကတော့ ဒီမနက် ၈နာရီခွဲလောက်မှာ စဖြတ်လိုက်တယ်။ ဓာတ်ဆီဖြတ်မယ်ဆိုတော့ မြို့ကလူတွေက အထူးသဖြင့် တရုတ်တွေပေါ့၊ ဆီတွေကို တန်းစီပြီး ဝယ်ယူနေကြတယ်။ တချို့ဆိုင်မှာဆို ဆီမရှိတော့တဲ့အခြေအနေ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ဓာတ်ဆီဝယ်သူများလာသည့်အတွက် ဆီဈေးနှုန်းလည်း မြင့်တက်လာကြောင်း ဓာတ်ဆီ ၉၅ တစ်လီတာ ၃၂ ဘတ် စျေးရှိရာမှ ၄၅ ဘတ်ခန့်ထိ စျေးတက်သွားကြောင်း မြို့ခံများထံမှ သိရသည်။
ဆိုင်အချို့တွင် ဓာတ်ဆီတစ်လီတာ ဘတ် ၅၀မှ ဘတ်၆၀ အထိ စျေးတင်ရောင်းနေကြကြောင်း ၎င်းတို့က ပြောဆိုသည်။
ထိုင်းဘက်က လျှပ်စစ်မီး ဖြတ်တောက်လိုက်ခြင်းကြောင့် ဘုရားသုံးဆူမြို့ခံများ အခက်အခဲများစွာကြုံတွေ့ရနိုင်ကြောင်း အထူးသဖြင့် ရေပါ ပြတ်သွားနိုင်ကြောင်းလည်း မြို့ခံများက ပြောသည်။
ကျားဖြန့် ငွေလိမ်လုပ်ငန်းကို ချေမှုန်းရန်အတွက် လျှပ်စစ်မီး၊ ဓာတ်ဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်လိုက် ခြင်းဖြစ်သော်လည်း မြို့ခံပြည်သူလူထုတို့အတွက်ပါ အခက်အခဲဖြစ်စေကြောင်း ၎င်းတို့က ဆိုသည်။
“မီးဖြတ်လိုက်တော့ တစ်မြို့လုံး ဒုက္ခရောက်ကုန်တယ်။ မီးနဲ့ လုပ်ငန်းလည်ပတ်နေရတဲ့လူတွေ အကုန်လုံးထိခိုက်နစ်နာ ကုန်တယ်။ သူတို့ ဦးတည်တာက ကျားဖြန့်တွေကိုဆိုပေမယ့် တကယ်ထိတာ ပြည်သူတွေ၊ မီးလည်းဖြတ်မယ်။ ဓာတ်ဆီလည်း ဖြတ်တောက်မယ်ဆိုတော့ ဘာလုပ်လို့ရတော့မှာလဲ” ဟု သုံးဆူမြို့ခံ အခြားတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့်နှစ်ကတည်းက ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ၏ အကူအညီဖြင့် မြဝတီဘက်က တရုတ်လူမျိုးထောင်နှင့်ချီ စတင်ဝင်ရောက်လာခဲ့ပြီး ယခုနှစ်ဆန်းပိုင်း ထိုင်းနှင့် တရုတ်ဘက်က ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို ချေမှုန်းရန် အရှိန်မြှင့်လုပ်ဆောင်လာသည့်နောက်ပိုင်းတွင် ဘုရားသုံးဆူမြို့သို့ တရုတ်နိုင်ငံသား ရာချီ ထပ်မံရောက်ရှိလာကြောင်း မြို့ခံတို့ထံမှ သိရသည်။